သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ အမျိုးသား ၂ဦး မိုင်းနင်းမိကာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို မိုင်းနင်းမိသည့် ဒဏ်ရာရရှိသည့် ၂ဦးထဲမှ အသက် ၂၁နှစ် အရွယ် ကိုအောင်ဝင်းသည့် ယနေ့ (နိုဝင်ဘာ ၈) ရက် နေ့လည် ၁နာရီ ကျောက်မဲ ဆေးရုံ သို့ ရောက်ရှိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ယမန်နေ့(နိုဝင်ဘာ ၇) ရက် ည ၆နာရီခွဲ တွင် မိုင်းငေါ့မြို့နယ်ခွဲ ပန်စလီ ကျေးရွာ နေ အမျိုးသား ၄ဦးသည် ဆိုင်ကယ် ၂စီးဖြင့် မိုင်းငေါ့သို့ ဈေးရောင်းပြီး အပြန်တွင် နမ့်တွေ ကျေးရွာ အနီး၌ မိုင်းနင်းမိကာ အမျိုးသား ၂ဦး ဒဏ်ရာရရှိခဲ့သည်။
မိုင်းနင်းမိမှုကြောင့် ဒဏ်ရာရရှိသူ အမျိုးသား ၂ဦးရှိသော်လည်း တဦးမှ ဒဏ်ရာ မပြင်းထန်သဖြင့် ပန်စရီ ကျေးရွာတွင် သာ ဆေးကုသပြီး၊ တဦးမှာ ယနေ့ နေ့လည် တနာရီခွဲ တွင် ကျောက်မဲဆေးရုံသို့ ရောက်ရှိလာကြောင်း ကျောက်မဲမြို့ ဇီဝိတ လူမှုကူညီရေး အသင်းမှ ဦးတင်ေမောင်သိန်း က သျှမ်းသံတော်ဆင့် သို့ ပြောသည်။
“ မိုင်းထိတာတော့ ၂ဦးပါ။ တဦးပဲ ဆေးရုံရောက်လာတယ်။ ဒဏ်ရာကတော့ ညာခြေထောက်၊ ညာခြေတလုံး နဲ့ ညာခြေဖမိုးထိပါတယ်။ စိုးရိမ်စရာ မရှိပါဘူး” ဟု ဦးတင်မောင်သိန်း က ဆိုသည်။
အောက်တိုဘာ လ အတွင်း ကျောက်မဲခရိုင် တွင် မြေမြုပ်မိုင်း နင်းမိသူများမှာ သံဃာတော် ၃ပါး အပြင် အရပ်သား ၄ဦး စုစုပေါင်း ၇ဦး ရှိပြီး ၎င်း အနက် အရပ်သား အမျိုးသမီး ၂ဦး သေဆုံးခဲ့ကြောင်းသိရသည်။
ကျောက်မဲခရိုင် အတွင်း စက်တင်ဘာ နှင့် အောက်တိုဘာ လအတွင်း မြေမြုပ်မိုင်းနင်းမိသူ ၁၅ဦးခန့် ရှိကြောင်း သတင်းရရှိသည်။











Leave a Comments