သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ် အတွင်း လက်ဖက်သွားခူးသည့် လင်မယား ၂ ဦး မြေမြုပ်မိုင်းနင်းမိကာ အမျိုးသမီးဖြစ်သူ သေဆုံးခဲ့ကြောင်း သတင်း ရရှိသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၉ ရက် ညနေ ၃ နာရီ တွင် ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်ခွဲ ခင်းမ်ကောင်ကျေးရွာအုပ်စု မတ်မုန့်ကျေးရွာ တွင် လက်ဖက်ခြံ၌လက်ဖက်ခူးသည့် လင်မယား ၂ ဦး မြေမြုပ်မိုင်းနင်းမိကာ အမျိုးသမီး ဖြစ်သူ နန်းငေး သေဆုံးခဲ့ကြောင်း မိုင်းငေါ့မြို့ နယ်မှ ဒေသခံ လုံးစိုင်း က သျှမ်းသံတော်ဆင့် သို့ပြောသည်။
“ သူတို့ က တောင်ပေါ်မှာနေတာ။ လက်ဖက်ခြံမှာ လက်ဖက်ခူးနေရင်း မိုင်းနင်းမိတာ။စိုင်းသိန်း က လက်ပဲထိတယ်။ နန်းငေး က ခြေထောက်မှာဒဏ်ရာ ပြင်းထန် တယ်။ ဆေးရုံအပို့ မှာ ဆုံးသွားတယ်” ဟု လုံးစိုင်း က ဆိုသည်။
မိုင်းငေါ့မြို့နယ် တွင် အရပ်သားပြည်သူများ မကြာခဏ မြေမြုပ်မိုင်း နင်းမိကာ သေဆုံးနေရကြောင်း၊ တချို့မှာ ကိုယ်လက်အင်္ဂါချို့ယွင်းကာ မိသားစုဝမ်းရေးအတွက်အလုပ်မလုပ်နိုင်သည်အထိဖြစ်ရကြောင်း လုံးစိုင်း က ပြောသည်။
“ ဒီမှာ နေ့တိုင်း နီးပါး မိုင်းနင်းမိတယ်။လက်ဖက်ခြံသွားတိုင်း ဖြစ်နေတယ်။ လက်ဖက် မခူးရင်လည်း ဘာလုပ်ရမှန်းတောင်မသိဘူး။ မိုင်းကတော့ အများကြီး ကျန်သေးတယ်” ဟု လုံးစိုင်းက ပြောသည်။
ကျောက်မဲမြို့နယ် တွင် မြန်မာ့တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များဖြစ်သည် သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော် (RCSS/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) တို့ လှုပ်ရှားသည့်နေရာဖြစ်ပြီး၊ ထိုနေရာတွင် လက်နက်ကိုင် အချင်းချင်း မကြာခဏ ထိတွေ့မှု ဖြစ်ပွားသည့်နေရာဖြစ်သည်။
“ မိုင်းတွေကို ရှင်းဖို့ကခက်ခဲနေတုန်းပါ။ မိုင်းတွေက မရှင်းရသေးဘူး။ မိုင်းသစ်က ထပ်ထောင်ကြပြီ။ ပြည်သူတွေ သွားလားတွေမှာပဲ ထောင်တယ်။ အခု ပြည်သူတွေ ဘယ်လို စားဝတ်နေရေး ရှာဖွေ စားသောက်ရတော့မှာလဲ” ဟု ကျောက်မဲမြို့ဒေသခံတဦး ဖြစ်သည့် ဦးလှမောင် က သျှမ်းသံတော်ဆင့် သို့ပြောသည်။
အောက်တိုဘာ ၈ ရက်နေ့တွင်လည်း ကျောက်မဲခရိုင် မိုင်းလုံမြို့နယ် ပန်ဆန်ကျေးရွာနှင့် တောင်ပလို့ ကျေးရွာ ကြားရှိ လက်ဖက်ခြံသွားရှင်းလင်းစဉ် လင်းမယား ၂ဦး မြေမြုပ်မိုင်းနင်းမိကာ အမျိုးသမီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
ကျောက်မဲခရိုင် အတွင်း စက်တင်ဘာ နှင့် အောက်တိုဘာ လဆန်းတွင် မြေမြုပ်မိုင်း နင်းမိသည့် ပြည်သူ ၁၀ဦး ရှိကြောင်း သိရသည်။











Leave a Comments