မှိုရှာထွက်သည့် မိုင်းပျဉ်းမှ အမျိုးသမီး ၃ ဦး မိုင်းနင်းမိ ၂ ဦး ဒဏ်ရာရ

0

သျှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ် မိုင်းပူးလုံကျေးရွာအုပ်စု စွမ်တောင်းကျေးရွာ သူ အမျိုးသမီး ၃ ဦးသည် လယ်ယာတောတောင်အတွင်းမှိုရှာထွက်စဉ် မြေမြုပ်မိုင်းနင်းမိကာဒဏ်ရာရရှိသွားကြကြောင်းသိရသည်။

Photo Credit to Tai Freedom News- ဆေးရုံရောက် မိုင်းနင်းမိသည့် အမျိုးသမီးအား RCSS/SSA ၏ ကျိုင်းတုံမြို့ ပြန်ကြားရေးရုံးမှ တာဝန်ခံ စိုင်းစောမှိုင်း မှသွားရောက်ကြည့်ရှုသတင်းမေးမြန်းစဉ်

သြဂုတ် ၁၁ ရက်နေ့ က မိုင်းနင်းမိခြင်းဖြစ်ပြီး အသက် ၁၅ နှစ် အရွယ် နန်းစောလှမှာ ဒဏ်ရာ အနည်းငယ် ရရှိကာ အသက် ၃၂ နှစ်အရွယ် နန်းညွန့်မှာမူ ခြေသလုံးမိုင်းစထိမှန်ကာ ဒဏ်ရာ ပြင်းထန်ကြောင်း၊ ကျန်တဦးမှာတော့ ထိခိုက်မှု မရှိကြောင်း လည်း သိရသည်။

မိုင်းနင်းမိသည့် သူ ၂ ဦးမှာ သြဂုတ်လ ၁၁ နှင့် ၁၂ ရက်နေ့တို့တွင် နေအိမ်တွင်သာ ဆေးကုခဲ့ပြီး သြဂုတ် ၁၃ ရက်နေ့မှသာ ကျိုင်းတုံ ဆေးရုံသို့ ရောက်ရှိလာကြောင်း ကူညီမှုပေးသည့် ဒေသခံ အမျိုးသားတဦး က ပြောသည်။

“ သူတို့မှိုသွားရှာတဲ့နေရာက ကျေးရွာနဲ့ အစိုးရတပ်တို့ရဲ့ တပ်စခန်းအကြားမှာပေါ့။ သူတို့နေထိုင်တဲ့ စွမ်တောင်းရွာကနေ တ နာရီလောက်ခြေကျင်လျှောက်လာရတဲ့နေရာ။ အဲဒီနေရာကို ရွာသားတွေက နှစ်တိုင်းမှိုထွက်ရှာကြတာ။ ဘယ်တုန်းကမှ မိုင်းမနင်းမိဘူး။ ဒီနှစ်မှဘဲ ” ဟု ဆေးရုံရောက် ဒဏ်ရာရသူ များအား သွားရောက်မေးမြန်းကြည့်ရှုခဲ့သည့် ကျိုင်းတုံမြို့ သျှမ်းပြည်နယ် ပြန်လည်ထူထောင်ရေး ကောင်စီ၊ သျှမ်းပြည်တပ်မတော်(RCSS/SSA) မှ ပြန်ကြားရေး တာဝန်ခံ စိုင်းစောမှိုင်း က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

မိုင်းနင်းမိပြီး ခြေထောက်တွင်ဒဏ်ရာပြင်းထန်ရရှိသည့် အသက် ၃၂ အရွယ် နန်းညွန့်ကို လက်ရှိတွင် ပိုးသတ်ဆေးလိမ်းပေးလျှက်ရှိပြီး ခြေထောက်ဒဏ်ရာအခြေအနေကို စောင့်ကြည့်နေကြောင်း သိရသည်။

“ဘယ်သူ့ရဲ့မိုင်းလဲဆိုတာတော့ အဲတာတော့ ပြောရခက်ပါလိမ့်မယ်။ သက်သေအထောက်အထား ကမရှိတော့လေ။ အဲ့နေရာမှာ ရှိတဲ့ အစိုးရတပ်စခန်းကလည်း မနှစ်ကမှ လာဆောက်ထားတဲ့တာ။ ကျနော်တို့ ပြောနိုင်တာတခုကတော့ ဒီမိုင်းတွေဟာ ကျနော်တို့ရဲ့ မိုင်းမဟုတ်ဘူး။ ” ဟု စိုင်းစောမှိုင်းက ဆိုသည်။

ကျိုင်းတုံခရိုင် မိုင်းပျဉ်းမြို့နယ်တွင် အစိုးရတပ်မတော်၊ ပြည်သူ့စစ် နှင့် RCSS/SSA တို့လှုပ်ရှားသွားလာပါသည်။

အဆိုပါဒေသသည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးသဘောတူနိုင်ခဲ့သည့် နေရာတခုလည်းဖြစ်သည့် အလျောက် ပြည်သူများသည် ငြိမ်းချမ်းရေးကို မျှော်လင့်နေကြကြောင်း၊ ယခုကဲ့သို့ အမျိုးသမီး ၃ဦး မှိုရှာထွက်ရာမှ မိုင်းနင်းမိသဖြင့် ပြည်သူများအနေဖြင့် စိုးရိမ်ကြောက်လန့်မှုဖြင့် နေရသည် ဟု သျှမ်းလူ့အခွင့်အရေ မဏ္ဍိုင် (SHRF ) မှ စိုင်းဟော်ရှဲန် က သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ ပြည်သူတွေ တောထဲမှာ အစာရှာဖို့ အတွက် ခက်စေတယ်။ ကြောက်စေတယ်။ ပြည်သူတွေကတော့ ငြိမ်းချမ်းရေး ရပြီ ဆိုပြီး ပြောနေကြတာ ဒီလို မိုင်းနင်းမိတော့ ထိတ်လန့်မှုစေပါတယ်” ဟု စိုင်းဟော်ရှဲန် က ဆိုသည်။

ထိုကဲ့သို့ မိုင်းများ ထောင်ခြင်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှစစ်ဆေးသင့်ပြီး၊ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လည်း ပြန်လည် သုံးသပ်သင့်ကြောင်း စိုင်းဟော်ရှဲန် က ပြောသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE