ပညာရေးအတွက်အခက်အခဲရှိနေသော ကလေးများအား လင်းခေးသျှမ်းစာ/ယဉ် ကူညီပံ့ပိုး

0

သျှမ်းပြည်တောင်ပိုင်းလင်းခေးမြို့နယ် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ မိဘမဲ့ကလေးများနှင့် ပညာဆက်လက် သင်ကြားရေးအခက်အခဲတွေ့နေသည့် ကျေးလက်မှကလေးများ ပညာရေးဆက်လက် သင်ကြားနိုင်ရေးပံ့ပိုး ပေးမှုပြုနေကြောင်းသိရသည်။

Photo by Kaw Lik Laai-Langkho-  ကလေးများနေထိုင်ရန် အဆောင်ဆောက်ပေးဖို့ကိစ္စဆွေးနွေးခဲ့ကြသည့် မေလ ၂၂ ရက် ၂၀၁၉ လင်းခေးသျှမ်းစာပေယဉ်ကျေးမှုအသင်း အစည်းအဝေး

လင်းခေးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဌ ဆရာစိုင်းအောင်ခင် က- “ ဒီကလေးတွေ ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် နေထိုင်စားသောက်ဖို့ နေရာ ကျနော်တို့ ပေးပါမယ်။ အဲဒီအတွက် ဒီနေ့ မေလ ၂၄ ရက်နေ့မှာ လင်းခေးမြို့ မြို့မ အနောက်ရပ်ကွက်မှာရှိတဲ့ သျှမ်းစာပေ ယဉ်ကျေးမှုအသင်းရုံးဝင်းထဲမှာ ကလေးများနေဖို့ အဆောင် ရွာသားတွေစုပေါင်းအားနဲ့ ဆောက်လုပ်နေကြပါတယ်။ ကျောင်းဖွင့်ချိန်လည်းနီးပြီဆိုတော့   ဖြစ်မြောက်အောင် ကြိုးစားဆောက်လုပ်နေပါတယ်။ လူအား ငွေအား အများကြီးလိုအပ်နေပါတယ်။ ” – ဟု သျှမ်းသံတော်ဆင့်အားပြောပြသည်။

ယခုစာသင်နှစ်တွင် လင်းခေးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကူညီထောက်ပံ့မည့် မိဘမဲ့ကျောင်းသား ၊ အခက်အခဲရှိသောကျောင်းသားလေးများ ၁၅ ယောက်ရှိကြောင်းသိရသည်။ ၎င်းတို့သည် ပဉ္စမ တန်းမှ တက္ကသိုလ် ဝင်တန်းအထိ ပညာသင်ကြားမည့်ကျောင်းသားလေးများဖြစ်ပြီး ပညာရေးဆက်လက်သင် ယူနိုင်ဖို့အခွင့်အလမ်း နည်းပါးသော ကျေးလက်မှလာသည့် ကလေးများဖြစ်ကြောင်းသိရသည်။

လင်းခေးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး စိုင်းလောဝ်ဟွမ် က-“ ခု ကျနော်တို့ ကျောင်းသားတွေနေဖို့အဆောင် ဆောက်နေတာကတော့ ကျနော်တို့ရှိထားတဲ့ အလှူခံငွေအနည်း အကျဉ်း နဲ့ ဖြစ်မြောက်အောင် ဆောက်မှာဖြစ်တယ်။ ကလေးတွေ နေဖို့ စားဖို့ အတွက်လည်း လင်းခေး သျှမ်းစာပေနှင့်ယဉ်ကျေးမှုရယ် ၊ လင်းခေးဒေသခံစေတနာရှင်တွေရယ်၊  ကျောင်းသားမိဘဘက်က တတ်နိုင်သလောက်ရယ်ပေါ့။ အဲတာကြောင့် ကလေးတွေကိုထောက်ပံ့ဖို့အတွက်ရန်ပုံငွေက အများကြီး လိုအပ်နေပါသေးတယ်ခင်ဗျ။ ရပ်နီးရပ်ဝေးက စေတနာရှင်အလှူရှင်တွေ ကူညီထောက်ပံ့ပေးလိုတဲ့ ဆန္ဒရှိရင် ကျနော်တို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ်ခင်ဗျ။” – ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

ယမန်နှစ်ကလည်း ပညာရေးဆက်လက်သင်ယူခွင့်အခက်အခဲရှိနေသော ကလေး ၈ ဦးအား  လင်းခေးမြို့သျှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ကူညီထောက်ပံ့ စီစဉ်ပေးရာတွင် နေရာထိုင်ခင်းအခက်အခဲရှိသဖြင့် သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး၏နေအိမ်တွင် နေထိုင်စားသောက်ကာ လင်းခေး အထက ကျောင်းသို့ ကလေးများကျောင်းသွားတက်ကြကြောင်း သိရသည်။

ရပ်နီး ရပ်ဝေးမှ စေတနာရှင်များအနေဖြင့် ကူညီထောက်ပံ့မှုပေးလိုပါက လင်းခေးမြို့ သျှမ်းစာပေနှင့်ယဉ်ကျေးမှုအသင်း အတွင်းရေးမှူး စိုင်းလောဝ်ဟွမ် ဖုံးနံပတ် 09770588485 သို့ တိုက်ရိုက်ဆက်သွယ်နိုင်ကြောင်းသိရပါသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE