အနာဂတ်မျိုးဆက်သစ်များလုပ်ကိုင်စားသောက်နိုင်ဖို့ သိမ်းထားသည့်လယ်ယာမြေများပြန်စွန့်လွှတ်ပေးရန် ဆီဆိုင်လယ်သမားများ တောင်းဆို

0

သျှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်တွင် ဒေသခံလူထုစုပေါင်းကာ အစိုးရတပ်မတော်မှ နှစ်ရှည်လများသိမ်းဆည်းထားသော လယ်ယာမြေများအား မိမိတို့ထံပြန်လည်စွန့်ပေးရန်တောင်းဆိုသည့်လှုပ်ရှားမှုတခုပြုခဲ့ကြသည်။

Photo by DVB- ဆီဆိုင်မြို့နယ်တွင် ဒေသခံလူထုစုပေါင်းကာ အစိုးရတပ်မတော်မှ နှစ်ရှည်လများသိမ်းဆည်းထားသော လယ်ယာမြေများအား မိမိတို့ထံပြန်လည်စွန့်ပေးရန်တောင်းဆိုသည့်လှုပ်ရှားမှုတခု မေလ ၁ ရက်နေ့က ပြုလုပ်

မေလ ၁ ရက်နေ့က ဆန္ဒထုတ်ဖော်သည့် ဆီဆိုင်မြို့ခံ လယ်သမား၃၀၀ ခန့်သည် – “ကျွနု်ပ်တို့ ဒေသမှာ မြေလွတ် မြေလပ် မြေရိုင်းမရှိပါ၊ မြေယာသည် ကျွနု်ပ်တို့၏ အသက်သွေးကြောဖြစ်သည်၊ မြေယာသည် ကျွနု်ပ်တို့၏ယဉ်ကျေးမှုဖြစ်သည် ” အစရှိ ဗီနိုင်းဆိုင်းဘုတ်များကိုင်ဆောင်ကာ မြို့လယ်ဓမ္မာရုံကျောင်းမှ ဆီဆိုင်မြို့ပြင်အထိ စီတန်းလမ်းလျှောက်ကာ မိမိတို့လယ်ယာမြေများအား ပြန်လည်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ဆီဆိုင်မြို့မှ လယ်သမားတဦးက – “ကျနော်တို့က စိုက်ပျိုးရေးကို အားထားတယ်။ ကျနော်တို့လယ်ယာမြေတွေကိုတပ်ကသိမ်းသွားတယ်။ ကျနော်တို့လူထုက တနေ့တခြားများလာတော့ အနာဂတ်မှာကျနော်တို့ဘာလုပ်စားကြတော့မလဲ။ ကျနော်တို့ဒေသခံလူထု စိုက်စားဖို့မြေမရှိရင် ငတ်ပြတ်မယ်။ အိမ်နီးချင်း တရုတ်တို့ ထိုင်းတို့မှာသွားပြီး ကျွန်ခံ အလုပ်လုပ်ကြမယ်။ အရမ်းကို၀မ်းနည်းစရာကောင်းပါတယ်။ လူထုအတွက်အကာအကွယ်ပေးမယ်ဆိုတဲ့တပ်မတော်ကသာ လူထုကိုတကယ်စေတနာမေတ္တာရှိမယ် ဆိုရင်တော့ လူထုရဲ့လယ်ယာမြေတွေကို ပြန်ပေးသင့်ပါတယ်။ ”- ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ဆီဆိုင်မြို့နယ်အတွင်းရှိ လယ်ယာမြေဧကပေါင်း ထောင်နှင့်ချီအား အစိုးရတပ် ခမရ ၄၂၃ နှင့် ၄၂၄ တို့မှ ၁၉၉၁ ခုနှစ်ကတည်းက သိမ်းဆည်းထားကြောင်း၊ သို့သော် လူထုအားပြန်လည်စိုက်ပျိုးခွင့်ပေးထားပြီး ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာမှ လူထုအား စိုက်ပျိုးခွင့်ပိတ်ပင်လိုက်သဖြင့် လူထုဝမ်းရေးအတွက်အခက်အခဲဖြစ်ရကြောင်း စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်သည့် ဆီဆိုင်ဒေသခံ တောင်သူ ဦးအိုက်ထွန်းက ပြောသည်။

“ကျနော်တို့ကိုပြန်လည်စိုက်ပျိုးခွင့်ပေးဖို့မေတ္တာရပ်ခံပါတယ်။ အထက်ကသက်ဆိုင်ရာကလည်း ကွင်းဆင်းကြည့်ရှုစစ်ဆေးပေးပါလို့တောင်းဆိုချင်ပါတယ် ” – ဟု ဆိုသည်။

အသိမ်းခံရသည့်လူထု၏လယ်ယာမြေများမှာ တောင်ကြီးလွယ်ကော်လမ်းအနောက်ဘက်ခြမ်းတွင် ဧက ၁၉၀၀ ကျော်၊ လမ်းအရှေ့ဘက်ခြမ်းတွင် ဧက ၅၀၀ ကျော် ဖြစ်ကြောင်းသိရသည်။ ၄င်းနှင့်ပတ်သက်ပြီးလူထုမှ သက်ဆိုင်ရာဌာနအဆင့်ဆင့်အား အကြိမ်ကြိမ် တင်ပြတောင်းဆိုခဲ့သော်လည်း ကွင်းဆင်းကြည့်ရှု စီစဉ်ဆောင်ရွက်ပေးမှုမရှိသဖြင့် ယခုကဲ့သို့ လမ်းမပေါ်ထွက်ကာ စီတန်းလှည့်လည်ဆန္ဒထုတ်ဖော်ရခြင်းဖြစ်ကြောင်းသိရပါသည်။

အလားတူ သျှမ်းပြည်မြောက်ပိုင်းသီပေါမြို့နယ် နမ့်မအုပ်စုဒေသခံလယ်သမား ရ၀၀ ကျော်သည် မေလ ၂ ရက်နေ့က – သျှမ်းပြည်မှာ မြေလွှတ်မြေရိုင်းများမရှိ၊ ဘိုးဘွားပိုင်မြေသာရှိသည် ဟူသည့် ဆန္ဒထုတ်ဖော်သည့် လှုပ်ရှားမှုတရပ်ပြုလုပ်ခဲ့သည်။ အလားတူ လားရှိုးမြို့တွင်မူ ဧပြီလဆန်းပိုင်းက အသိမ်းခံရမြေယာများပြန်လည်စွန့်လွှတ်ပေးရန် ဆန္ဒထုတ်ဖော် တောင်းဆိုမှုတရပ်ပြုလုပ်ခဲ့သည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE