သိန္နီမြို့ လမ်းမကြီးဘေးရှိ လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များ လုယက်ဝယ်ယူနေ

သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့ လမ်းမကြီးဘေးတစ်လျှောက်ရှိ လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များက ဈေးကြီးပေး၍ လုယက်ဝယ်ယူလာနေကြောင်း ဒေသခံများထံမှ သိရသည်။

သိန္နီတံတားကြီးအနီးနှင့် လမ်းမကြီး၏ အရှေ့ဘက်နှင့် အနောက်ဘက်ခြမ်းရှိ လယ်ကွက်များကို တရုတ်ရင်းနှီးမြှုပ်နှံသူများက အဓိကပစ်မှတ်ထား၍ ဝယ်ယူနေခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

လက်ရှိ ဒေသတွင်းကာလပေါက်ဈေးအရ လမ်းမကြီးဘေးရှိ လယ်မြေတစ်ဧကလျှင် မြန်မာကျပ်ငွေ သိန်း ၃,၀၀၀ အထိ ပေးဆောင်ကာ ဝယ်ယူနေကြောင်း သိန္နီမြို့ခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ကျမတို့ မရောင်းချင်လည်း မနေသာတဲ့ အခြေအနေ ဖြစ်နေတယ်။ ကိုယ့်အနီးအနားက မြေတွေ အကုန်ရောင်းကုန်ကြပြီဆိုတော့ ကိုယ်က မရောင်းချင်ဘဲ ရောင်းလိုက်ရတာတွေ ရှိတယ်” ဟု သိန္နီမြို့ခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် လမ်းမကြီး၏ အရှေ့ဘက်ခြမ်း၌ ဧက ၁၀ ခန့်ကို ဝယ်ယူပြီးစီးနေပြီဖြစ်ပြီး ဝယ်ယူမှုများ ဆက်လက်ကျယ်ပြန့်လာပါက လမ်းဘေးရှိ လူနေအိမ်များပါ ဖယ်ရှားပေးရမည့် အခြေအနေသို့ ရောက်ရှိလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

အလားတူ သိန္နီမြို့နယ် တိုင်ယက်ရွာတွင်လည်း ကိုးကန့်တပ် (MNDAA) နှင့် တရုတ်လုပ်ငန်းရှင်များက မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည်ဟုဆိုကာ ဒေသခံများ၏ ခြံမြေများကို လိုက်လံဝယ်ယူနေကြောင်း သိရသည်။

သိန္နီ လမ်းမဘေး လယ်များ တရုတ်လုပ်ငန်းရှင် အလုအယက်ဝယ်ယူနေ

ဒေသခံတစ်ဦး၏ ပြောပြချက်အရ တရုတ်လုပ်ငန်းရှင်များနှင့် ၎င်းတို့၏ ပွဲစားများသည် ကျေးရွာများအထိ ဆင်း၍ မြေတိုင်းတာမှုများ ပြုလုပ်နေပြီး ဈေးကောင်းပေးကာ ဝယ်ယူရန် ကမ်းလှမ်းမှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ဆိုသည်။

“အမှန်တိုင်း ပြောရင် မရောင်းချင်ဘူး။ ဒါပေမယ့် ကိုယ့်ခြံအနီးတဝိုက်က မြို့သစ်ဆောက်မယ့် တိုင်းတာရေးဧရိယာထဲ ပါရင် အလကားပေးရတော့မယ်လို့ ပြောနေကြတော့ ရောင်းရမလား၊ မရောင်းရဘူးလား စဉ်းစားရ ခက်နေတယ်” ဟု တိုင်ယက်ရွာမှ ခြံပိုင်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မြေယာဝယ်ယူမှုများ၏ နောက်ကွယ်တွင် မည်သည့်လုပ်ငန်းများ လုပ်ကိုင်မည်ကို ရှင်းလင်းစွာ မသိရသေးသဖြင့် စိုးရိမ်နေကြောင်း ဒေသခံများက ပြောသည်။

အထူးသဖြင့် နယ်စပ်ဒေသအနီးရှိ အခြားသော မြို့များကဲ့သို့ လောင်းကစားရုံများ၊ ပြည့်တန်ဆာခန်းများနှင့် ဒုစရိုက်လုပ်ငန်းများ နေရာယူလာမည်ကို အမျိုးသမီးများနှင့် လူငယ်များက စိုးရိမ်နေကြသည်။

“ဒီလယ်ကွက်တွေက ကျမတို့ ဒေသရဲ့ သဘာဝအလှအပတွေပါ။ နောက်ပိုင်းကျရင် ဒီနေရာတွေမှာ ပြည့်တန်ဆာခန်းတွေ၊ လောင်းကစားရုံတွေ ဖြစ်လာမလားဆိုတာ ရင်လေးမိတယ်” ဟု သိန္နီမြို့ခံ အမျိုးသမီးက ထပ်လောင်းပြောသည်။

သိန္နီမြို့တွင် တရုတ်လုပ်ငန်းရှင်များက လယ်ယာမြေများကို ဈေးကြီးပေး၍ ဝယ်ယူနေမှုများသည် လက်ရှိ မြေယာဥပဒေအရ တရားဝင်မှု မရှိကြောင်းနှင့် အုပ်ချုပ်ရေးယန္တရား ပျက်ပြားနေချိန်တွင် ပြုလုပ်သည့် အဆိုပါ အရောင်းအဝယ်များကြောင့် နောင်တစ်ချိန်တွင် ဒေသခံများ မြေယာနှင့် ငွေကြေး နှစ်မျိုးစလုံး ဆုံးရှုံးနိုင်ခြေရှိကြောင်း ဥပဒေနှင့် မြေယာကျွမ်းကျင်သူတစ်ဦးက ပြောသည်။

“မြန်မာနိုင်ငံသားတောင်မှ လယ်ယာမြေဝယ်ဖို့ဆိုတာ သတ်မှတ်ချက်တွေ အများကြီးရှိတာ။ နိုင်ငံခြားသားဆိုရင် ပိုတောင် ခက်ခဲတယ်။ ဒါဟာ ဦးသိန်းစိန်ခေတ်ကတည်းက ရှိခဲ့တဲ့ ပြဿနာဆိုပေမယ့် အခုလို အုပ်ချုပ်ရေးယန္တရား မရှိတဲ့အချိန်မှာ ပိုပြီး အန္တရာယ်ကြီးတယ်” ဟု တောင်ကြီးမြို့ရှိ ရှေ့နေတစ်ဦးက ပြောသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ အဓိက ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ သိန္နီမြို့ကို ကိုးကန့်တပ် (MNDAA) က ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်ပိုင်းမှ စတင်၍ သိမ်းပိုက်ထိန်းချုပ်ထားပြီး လက်ရှိတွင် ကိုးကန့်အထူးဒေသ (၁) အဖြစ် သတ်မှတ်ကာ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေသည်။

“အခု သိန္နီမှာက လက်နက်ကိုင်အဖွဲ့က ခေတ္တထိန်းချုပ်ထားတဲ့ အခြေအနေပဲ ရှိသေးတယ်။ ရုံးပိုင်းဆိုင်ရာတွေ မရှိတဲ့အတွက် ဘယ်လိုစာချုပ်ချုပ်ချုပ် ဥပဒေအရ တရားဝင်မှာ မဟုတ်ဘူး” ဟု အဆိုပါ ရှေ့နေတစ်ဦးက ဆက်ပြောသည်။

တရားဝင် အစိုးရတစ်ရပ်မှ အသိအမှတ်ပြုထားသော မြေစာရင်းရုံးများတွင် မှတ်ပုံတင်ထားခြင်း မရှိသည့် မည်သည့် အရောင်းအဝယ်မဆို နောင်တွင် ပိုင်ဆိုင်မှုအငြင်းပွားပါက ဥပဒေကြောင်းအရ အကာအကွယ်ရရန် ခက်ခဲမည် ဖြစ်ကြောင်း ဆိုသည်။

“၁၀၂၇ စစ်ဆင်ရေး” တိုက်ပွဲဖြစ်ပွားပြီးနောက် ကိုးကန့်တပ် (MNDAA) ၏ ဖိတ်ခေါ်မှုကြောင့် တရုတ်လုပ်ငန်းရှင်အများအပြားလည်း သိန္နီမြို့ပေါ်တွင် အခြေချလာကြပြီး အချက်အခြာကျသည့် မြို့နေရာများတွင် အဆိုပါ တရုတ်လုပ်ငန်းရှင်များက ကုန်စုံဆိုင်၊ ကုန်မာဆိုင်၊ ဆေးဝါးနှင့် စားသောက်ဆိုင်များ ဖွင့်လှစ်ထားကြကြောင်း သိရသည်။

ထို့အပြင် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာသွားကြရသည့် မြို့ခံတို့၏ နေအိမ်၊ ဆိုင်ခန်းများအပါအဝင် လယ်ယာမြေများကို တရုတ်လုပ်ငန်းရှင်များက ဈေးအဆမတန်ပေး၍ ငှားရမ်းနေကြောင်း၊ တရုတ်နိုင်ငံ လိုင်စင်နံပါတ်တပ်ထားသည့် ကားများဖြင့် မြို့တွင်း၌ သွားလာနေကြသည်ကို တွေ့ရကြောင်း မြို့ခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

သိန္နီမြို့နယ် မန်မိုင်ရွာအနီး ယမ်းများပေါက်ကွဲမှုကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီး

0
သျှမ်းပြည်မြောက်ပိုင်း သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် ယနေ့ (စက်တင်ဘာ ၈)ရက် မနက်အစောပိုင်းတွင် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ဖြစ်စဉ်မှာ ယနေ့ (စက်တင်ဘာလ ၈ ရက်) နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မန်မိုင်ရွာအနောက်ဘက် တောအတွင်းရှိ ခြံဝင်းတစ်ခုအတွင်း...

လုံခြုံရေးအရ သီပေါ စာသင်ကျောင်း (၁၇)ကျောင်း စစ်တပ်က ပိတ်ခိုင်း 

0
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်အတွင်း စာသင်ကျောင်း ၁၇ ကျောင်းကို  အရှေ့မြောက်ပိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး က  လုံခြုံရေးအရဟုဆိုကာ ပိတ်ဆိုင်းထားခိုင်းကြောင်း သတင်းရရှိသည်။​ ယခု (သြဂုတ်လ)ပထမပတ်မှ စတင်ပြီး ရမခ တိုင်းမှူးညွှန်ကြားချက်အရ သီပေါမြို့နယ် အတွင်းရှိသည့်  စာသင်ကျောင်း (၁၇)ကျောင်းကို ပိတ်ဆိုင်းရပြီး ကျောင်းဆက်တက်လိုသည့် ကျောင်းသားများသည့် သီပေါမြို့ပေါ်သို့ သွားရောက်တက်ရကြောင်း သီပေါမြို့နယ် ကျောင်းပိတ်ဆိုင်းခံရသည့်...

ဆိုလာခွန် တစ်နှစ် ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု MNDAA ထုတ်ပြန်

0
ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း ဆိုလာစနစ်အသုံးပြုပါက တစ်နှစ်လျှင် အခွန်ငွေ တရုတ်ယွမ် ၇၀၀ ပေးဆောင်ရမည်ဟု ယမန်နေ့ (ဩဂုတ် ၁၂) တွင် သတင်းထုတ်ပြန်လိုက်သည်။ အဆိုပါထုတ်ပြန်ချက်အရ ဆိုလာစနစ်အသုံးပြုသူများသည် စက်စွမ်းအား ၁ ကီလိုဝပ် (1 kW) လျှင် တစ်နှစ်စာအတွက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...