မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့နှင့် ငြိမ်းချမ်းရေး ကော်မရှင် မေလတွင် ထပ်မံတွေ့ဆုံရန် သဘောတူ

0

သျှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့ တွင် ငြိမ်းချမ်းရေး ကော်မရှင်  NRPC  နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့ FPNCC တို့ တွေ့ဆုံဆွေးနွေး ရာ မေလ တွင် ထပ်မံ တွေ့ဆုံ ရန် သဘောတူညီမှု ရခဲ့သည် ဟု သိရသည်။

Photo credit to Win Aung- သျှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့ တွင် ငြိမ်းချမ်းရေး ကော်မရှင် (NRPC) နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တို့ ဧပြီလ ၃၀ ရက် ၂၀၁၉ ကတွေ့ဆုံဆွေးနွေး

ဧပြီလ ၃၀ ရက် ယနေ့မနက် ၉ နာရီက မူဆယ်မြို့ နယ်စပ် ကုန်သည်များအသင်းရုံးတွင် ဒုတိယအကြိမ် တံခါးပိတ် ဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသည် နှစ်ဖက် အပစ်ခတ် ရပ်စဲရေး သဘောတူစာချုပ် ကို မည်ကဲ့သို့ ဆက်သွားရန် နှင့် မည်သည့် အချက်များကို ထည့်သွင်းရန် အတွက် ထပ်မံဆွေးနွေးသွားမည် ဆိုသည့် သဘောတူညီချက် ရခဲ့ကြောင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) မှ အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်မှူးချုပ် တာဘုန်းကျော် က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“ ဆွေးနွေးပွဲကတော့ ရလဒ်ကောင်းတယ်လို့ ပြောလို့ရတယ်။ မေလ တတိယပတ်မှာ ထပ်မံ ဆွေးနွေး ကြဖို့ ထပ်မံ တွေ့ဖို့ သဘောတူထားတယ်။ ဘယ်နေရာ ဆိုတာ တော့ မသိသေးဘူး။ တိုက်ပွဲတွေကိစ္စကတော့ ဆွေးနွေးတာ မရှိဘူး” ဟု တာဘုန်းကျော် က ဆိုသည်။

Photo Credit to The Taang Post – သျှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့ တွင် ငြိမ်းချမ်းရေး ကော်မရှင် (NRPC) နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တို့ ဧပြီလ ၃၀ ရက် ၂၀၁၉ ကတွေ့ဆုံဆွေးနွေး

လက်ရှိမှာလည်း သျှမ်းပြည်မြောက်ပိုင်း တွင် မြန်မာတပ်မတော် နှင့် TNLAတို့ တိုက်ပွဲ ကြိုကြားဖြစ်ပွားကြောင်းလည်း တာဘုန်းကျော် က ပြောသည်။

လာမည့် မေလ တွင် ဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် နှင့် အပစ်ရပ် သဘောတူညီချက်ကို ဆက်ဆွေးနွေးသွား မည်ဟုလည်း ဆွေးနွေးပွဲသို့ တက်ရောက်သည့် နိုင်ငံတော် အတိုင်ပင်ခံသမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက သတင်းသမားများအားပြောသည်။

“ ကျနော်တို့ တွေ နှစ်ဦးနှစ်ဖက် အမြန်ဆုံးတွေ့ဖို့ မူဝါဒ သဘောတူညီချက် ရတယ်” ဟု ဦးဇော်ဌေး က ပြောသည်။

Photo Credit to Win Aung – သျှမ်းပြည် မြောက်ပိုင်း မူဆယ် မြို့ တွင် ငြိမ်းချမ်းရေး ကော်မရှင် (NRPC) နှင့် မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တို့ ဧပြီလ ၃၀ ရက် ၂၀၁၉ ကတွေ့ဆုံဆွေးနွေး

ဆွေးနွေးပွဲကို အစိုးရဘက်မှ ငြိမ်းချမ်းရေး ကော်မရှင် (NRPC) ဒုဥက္ကဌ ဦးသိန်းဇော်မှ ဦးဆောင်ပြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့ ဖြစ်သည့် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၊ ရက္ခိုင့် တပ်မတော်(AA)၊ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရေတစ် မဟာမိတ် တပ်မတော် (MNDAA) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်းသိရပါသည်။

ယင်းဆွေးနွေးပွဲကို “ ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) နှင့် သျှမ်းပြည် တိုးတက်ရေး ပါတီ၊ သျှမ်းပြည်တပ်မတော် ( SSPP/SSA) ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြောင်းသိရသည်။

ထို့ပြင် တပ်မတော် ကြေညာထားသည့် အပစ်ရပ်ကာလ တိုးသင့်၊ မတိုးသင့်သည့် ယနေ့ ကျင်းပသည့် NRPC နှင့် မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ ၏ ဆွေးနွေးချက်ပေါ် မူတည်နေသည်ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ယနေ့ နေပြည်တော် တွင် ပြုလုပ်သည့် မဏ္ဍိုင်လေးရပ် တွေ့ဆုံပွဲတွင် မီဒီယာများကို ပြောကြားခဲ့သည်။

“ NRPC နဲ့ မြောက်ပိုင်း အဖွဲ့ ဆွေးနွေးနေတယ်။ အဲ့ ရလဒ်ကို ခဏကြည့်ပါမယ်။ ဆက်တိုးမတိုးကတော့ သတင်းထုတ်ပြန်တဲ့အတိုင်း ပါပဲ။ ဘယ်လို ရလဒ်မျိုးရမှ ဆိုတာ ကြိုတင် သတ်မှတ်ထားတာ မရှိပါဘူး။ ဆုံးဖြတ်ချက်က ကျနော်တို့ ပြောပြီးသားပါ။ ၄ လသာ အပစ်ရပ်က လုံလောက် တဲ့ အချိန်တခုပဲ။ ဒုတိယ ကတော့ ထပ်တိုးဖို့ မတိုးဖို့ က ကျနော်တို့ ထုတ်ပြန်ထားတဲ့အတိုင်းပဲ ။ ဒီနေ့မှ ပြည့်မှာပါ။ တတိယက ဒီနေ့ ဆွေးနွေးနေတဲ့ ရလဒ်ကို ကြည့်မယ်” ဟု တပ်မတော်သတင်းမှန်နှင့် ပြန်ကြားရေး အဖွဲ့ မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE