ရှင်ပြုခါနီးမောင်ရင်လောင်းနှစ်ဦးအား ဌာနေပြည်သူ့စစ်မှ သေနတ်ဖြင့် ပစ်သတ်မှုဖြစ်ပွား 

ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် တွင်းရှိ တဘက်ကျေး ရွာအုပ်စု ၊ မဲဟဲရွာ ဘုန်းတော် ကြီးကျောင်းတွင် လက်နက်ကိုင်အဖွဲ့အစည်းတခုမှ လူတဦးက သေနတ်ကိုင်ဆောင်ကာ ဘုန်းကြီးကျောင်းပေါ်အထိတက်ပြီး အိပ်ပျော်နေသော ကလေး ၂ ဦးအား ပစ်သတ်ခဲ့သည့်အမှုဖြစ်ပွါးခဲ့သည်။

Photo by Facebook – ကလေးများအား ပစ်ခတ်သတ်ဖြတ်သည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်ပုံ၊ သေဆုံးသွားသည့်ကလေးများပုံနှင့် ရပ်မိရပ်ဖများအားပြန်လာတောင်းပန်သည့်ပြည်သူ့စစ်အကြီးအကဲများပုံ

မတ်လ (၃၁) ရက်နေ့ ၊ ည ၁၁ နာရီဝန်းကျင်က PNA ဌာနေပြည်သူ့စစ် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦးက ရှင်ပြုခါနီး ကလေးနှစ်ဦးအား ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း မဲဟဲရွာဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးနေရိန္ဒ ကမိန့်တော်မူသည်။

“ မတ်လ ၃၁ ရက်နေ့ ည ၁၁ ခွဲလောက်မှာ ဆေးပြားကြောင်နေတာလား ၊ အရက်ကြောင်နေတာ လား၊ အရက်မူးနေတာလားမ သဲကွဲတဲ့ PNA စစ်သားက ဘုန်းကြီးကျောင်းထဲဝင်လာပြီး သေနတ်နဲ့ ရမ်းပစ်လိုက်တာ။ ကျောင်းမှာ လာအိပ်တဲ့ ရှင် ပြုခါနီး မောင်ရင်လောင်း နှစ်ယောက်ကိုထိသွားတယ် ၊ ဘုန်းဘုန်းက တားတယ်မရဘူး။ သူက သေနတ်ကို ကိုင်လိုက်လွယ်လိုက်နဲ့ပစ်ပြီးတော့ ရွာထဲဝင်သွားတယ် ။ အဲ့ကလေးတွေက နောက်၂ ရက်နေရင် ရှင်ပြုရတော့မယ့် ကလေးတွေပါ ၊ သူတို့မိဘတွေအတွက်စိတ်မကောင်းပါဘူး၊ ဘယ် လိုဖြစ်စေချင်လဲဆိုတော့ စစ်သားကစစ်သားပီပီ သူ့မူဘောင်အတိုင်း စနစ်တကျပဲ နေစေချင် ပါတယ် ။ ရွာမှာနေရင်ရွာ စည်းကမ်း လိုက်နာရပါမယ် ။ ” ဟု မဲဟဲရွာဘုန်းတော်ကြီး ကျောင်းမှ ကျောင်းထိုင် ဆရာတော် ဦးနေရိန္ဒ ကမိန့်တော်မူသည် ။

ရှင်ပြုရန် ရက်ပိုင်းအလိုတွင် သေနတ်ထိမှန်သေဆုံးသွားသည့် ကလေးငယ်နှစ်ဦးမှာ အသက်(၉) နှစ်ခန့်ရှိပြီး ၊ ဆီဆိုင်မြို့နယ် ၊ နောင်ကျောကျေးရွာအုပ်စု လုံးဖိုးရွာတွင်နေထိုင်သူများဖြစ်ကြသည်ဟု သိရသည် ။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ P.N.O အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေအဖွဲ့) စစ်ကွပ်ကဲမှု စစ်တိုင်း ချုပ် ရုံးဗဟိုမှ သေဆုံးသွားသောကလေးငယ်နှစ်ဦးအတွက် တစ်ဦးလျှင် ငွေကျပ်သိန်း (၈၀)နှုန်း ဖြင့် နှစ်ဦးနှစ် ဖက် ကျေးအေးကြောင်းလက်မှတ်ရေးထိုးခြင်းစာချုပ်အား ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် ရပ်မိရပ်ဖ အသိသက်သေထားပြီး ဧပြီလ (၄) ရက်နေ့က လက်မှတ်ရေးထိုးခိုင်းခဲ့ကြောင်း၊ မတော်တဆပစ်ခတ်မှုဖြစ်ပွါးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်ဟုသိရသည် ။

ယင်း ကျေအေးကြောင်းလက်မှတ်ထိုးခြင်းကိစ္စနှင့် ပတ်သက်၍ အသိသက်သေနေရာတွင်ပါ၀င်သော နောင်ကျော ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်နိုင်ထံဆက်သွယ်မေးမြန်းရာ – “ စာချုပ်ကိစ္စကနား လည် မှုလွဲတာပါ ၊ဒါကအလှူငွေသက်သက်ပဲ အမှုကိုလျော့ပေါ့သွားအောင်လုပ်ဖို့လဲမဟုတ်ဘူး ၊ ကျေအေးလို့ရတဲ့ အမှုလဲမဟုတ်ဘူး ။ ရ.ပ.ခ ကနေ ဒါကိုကြည့်ချင်တယ် လှူဒါန်းကြောင်း အဲ့လိုလေး မျိုးတွေမြင်ချင်တဲ့ အတွက်ကြောင့် သူတို့က အဲ့လိုလက်မှတ်ထိုးကြတာ ။ ရှင်းရှင်းပြော ရရင် ကျနော် တို့တိုင်းရင်းသားတွေက ဗမာစာကအမြဲတမ်းခလုတ်တိုက်နေတယ် ၊တိုင်းရင်းသားတွေရဲ့ အားနည်း ချက်ပေါ့ စာမစီတတ်တော့ ပြောစရာတွေဖြစ်သွားတယ် ။ တကယ်တမ်းတော့ လှူဒါန်းတာသက် သက်ပဲ ” ဟု ပြောသည် ။

PNO/PNA အဖွဲ့အစည်းအနေဖြင့် ယခုကိစ္စနှင့်ပတ်သက်၍ အကြီးမားဆုံးသင်ခန်းစာဖြစ်သလို နောက်ဆုံးသင်ခန်းစာ ဖြစ်ရန်လိုကြောင်း နောင်တွင်အဆိုပါကိစ္စရပ်များနည်းတူမဖြစ်စေရန် PNO/PNA အဖွဲ့အစည်းတစ်ခုလုံး ပြန်သုံးသပ်သင့် ကြောင်း ၄င်းကဆက်ပြောသည်။

ကျူးလွန်သည့် PNA ဌာနေပြည်သူ့စစ် သားအား ဆီဆိုင်မြို့မရဲစခန်းတွင် ပုဒ်မ ၃၀၂ ဖြင့် ဖမ်းဆီး ထိန်းသိမ်းထားကြောင်းသိရသည် ။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE