Friday, April 19, 2024

ကျောက်မဲမြို့နယ်အတွင်းရှိကျောက်မီးသွေးတူးဖော်ရေးစီမံကိန်း ဒေသခံလူထုကျန်းမာရေးထိခိုက်

Must read

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ်အတွင်း ၂၀၀၈ ခုနှစ်ကတည်းကစတင်ခဲ့သော ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းမှ ဒေသခံလူထု၏ ကျန်းမာရေး ထိခိုက်နေကြောင်း ဒေသခံလူထုကပြောဆိုပါသည်။

ကျောက်မီးသွေးတူးဖော်မှုကြောင့် ပန်းမ – ဗြိန်းစင်အုပ်စုရှိ တောလမ်း ကားလမ်းများ ပျက်စီးခြင်း၊ ရွာလူထုမှ ကျောက်မီးသွေးဓါတ်ပါသော ဖုန်မှုံ့များပါသည့်လေများရှူရှိုက်နေရခြင်း၊ သောက်သုံးရေများ သန့်စင်မှုမရှိခြင်းတို့ရင်ဆိုင်နေရကြောင်း ကျောက်မဲဒေသခံများကပြောသည်။

Photo by Kyaut Mae Youth/ ကျောက်မဲမြို့နယ်အတွင်းရှိကျောက်မီးသွေးတူးဖော်ရေးစီမံကိန်း

ကျောက်မဲမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းထွန်းဝင်းက – “ဒီကိစ္စ မိုင်းတန်လူထုကလည်း စိုးရိမ်မှုတွေရှိနေတယ်။ သူတို့လယ်ယာမြေတွေက ဒီစီမံကိန်းရဲ့အောက်ပိုင်းမှာရှိတာလေ။ စီမံကိန်းကရေဆိုးရေညှစ်နဲ့ မြေတွေနှုန်းတွေ နမ့်တန်ချောင်းထဲကျသွားရင် ရွာသားတွေစိုက်ပျိုးရေးအတွက်ခက်ခဲမယ်လေ။နမ့်တန်ချောင်းကိုဘဲ ရွာသားတွေကအားကိုးအားထားပြုနေတာကိုး။” – ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

ထိုသို့ဆိုးကျိုးများရရှိမည်ဖြစ်သဖြင့် နေရာသစ်တွင်ထပ်မံတူးဖော်နေသော တရုတ်ကုမ္မဏီအား ကျောက်မီးသွေးတူးဖော်နေမှု ရပ်ဆိုင်းပေးရန် ကျောက်မဲမြို့နယ်အတွင်းရှိဒေသခံလူငယ်ထုက အလိုရှိကြောင်း အသက် ၃၀ ခန့်အရွယ်ရှိကျောက်မဲလူငယ်တဦးကလည်းပြောသည်။

ကျောက်မဲဒေသခံအမျိုးသမီးတဦးကလည်း- လာတူးနေတဲ့ကုမ္မဏီက တရုတ်ကုမ္မဏီ။ သူတို့က ၂၀၀၈ ခုနှစ်ကတည်း စတူးလာတာ လမ်းတွေပျက်စီးကုန်ပြီလေ။ အခု နေရာသစ်မှာထပ်တူးနေပြီ။   အခုအသစ်တူးတဲ့နေရာက ချောင်းရေနဲ့နီးတော့ အဲဒီက ရေဆိုးရေညှစ်တွေမြေတွေ ချောင်းထဲဝင်သွားရင် ချောင်းရေကိုအားထားနေရတဲ့လယ်သမားတွေအခက်တွေ့တော့မယ်လေ။ ခင်ဗျားတို့က ဒီနေရာအသစ်မှာတူးမယ့်အကြောင်း ခွင့်ပြုချက်တောင်းတာလဲမရှိဘဲနဲ့ ဒီတိုင်းလာတူးတာကော်လို့ လူထုကသူတို့ကိုသွားပြောတော့ သူတို့က .. ခင်ဗျားတို့မြေပေါ်မှာတူးတာမဟုတ်ဘူး။ မြေထဲကဟာကိုတူးယူနေတာဆိုပြီး စကားနိုင်ပြောသွားတယ်– ဟု သျှမ်းသံတော်ဆင့်အားပြောသည်။

Photo by Kyaut Mae Youth/ ကျောက်မဲမြို့နယ်အတွင်းရှိကျောက်မီးသွေးတူးဖော်ရေးစီမံကိန်း

တရုတ်ကုမ္မဏီမှ လက်ရှိတူးဖော်နေသော ကျောက်မီးသွေးစီမံကိန်းသည် ၂၀၀၈ ခုနှစ်ကတည်းကစတင်လာခြင်းဖြစ်ပြီး ၁၀ နှစ်ကျော်ရှိပြီဖြစ်သည်။ ကျောက်မဲမြို့နယ် နှင့် မိုင် ၂၀ ခန့်အကွာရှိ ပန်ကွမ် နှင့် ပန်စံရွာကြားတွင်တည်ရှိပြီး ပန်းမ- ဗြိန်းစင် အုပ်စုအတွင်း ကျောက်မဲ-မိုးကုတ်ကားလမ်းဘေးတွင် တည်ရှိပါသည်။

 

Leave a Comments

- Advertisement -spot_img

Latest article