သျှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ် နားအိုက်ခန့် အုပ်စု ပန်ဟိုက်ကျေးရွာတွင် စစ်လက်နက်ကျန် ပစ္စည်း ရောင်းစားရန် အတွက် ကောက်ယူမိရာမှ ပေါက်ကွဲပြီး အမျိုးသားတစ်ဦးက သေဆုံးသွားကြောင်း သတင်းရရှိသည်။
ယမန်နေ့( မေလ ၁၁) ရက်နေ့ ညနေ ၅နာရီ ခွဲကျော်တွင် ပန်ဟိုက်ကျေးရွာမှ အသက် (၃၃) နှစ်အရွယ် စိုင်းထွန်းဟန်ဆိုသူသည် အာပီဂျီ အမျိုးစား လက်နက်ကြီးကို ဝမ်ရေးးအတွက် ပြန်လည်ရောင်းချရန် သယ်လာပြီး ဖြုတ်တပ် စမ်းသပ်ရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ နေရာတွင်တင် ခြေထောက်နှစ်ဖက် နှင့် ဝမ်းဗိုက်ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိပြီး သေဆုံးသွားခဲ့ကြောင်း ဖြစ်စဉ်ကို တွေ့ရှိသည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ပြောသည်။
“မနေ့က ညနေပိုင်းမှာ သူလက်နက်ကြီးသယ်လာပြီး ဖြုတ်တပ်လုပ်ရင်း ကလိနေတာ။ မပေါက်ကွဲဘူးထင်နေတာ ဖြစ်မယ်၊ နေရာမှာတင် ပေါက်ကွဲပြီး သေသွားတာ၊ တော်သေးတယ် ဘေးကလူတွေက အဝေးမှာ နေလို့ ဘာမှမဖြစ်တာ”ဟု ၎င်းအမျိုးသားက ဆိုသည်။
အဆိုပါ လက်နက်ကြီးကို သေဆုံးသူ စိုင်းထွန်းဟန်က ၎င်း၏ခြံမှ နေအိမ်သို့သယ်လာခဲ့ခြင်းဖြစ်ပြီး၊ နေအိမ်ရောက်ချိန်တွင် ဖြုတ်တပ် စမ်းသပ်ရာမှ ယခုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ စိုင်းထွန်းဟန် နေထိုင်သည့် ပန်ဟိုက်ကျေးရွာနှင့် ကျောက်မဲမြို့သည် ဆိုင်ကယ်ဖြင့် တနာရီကျော်ခန့် သွားရကြောင်း၊ ယခင် ၂၀၂၃ခုနစ်တွင် စစ်ကော်မရှင်တပ်နှင့် တအောင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ် (TNLA)တို့ ကြား တိုက်ပွဲများဖြစ်ပွားခဲ့သည့် ဒေသဖြစ်ပြီး မြေမြှုပ်မိုင်းများ၊ စစ်လက်နက်ကျန်များရှိသည့် နယ်မြေတခုလည်းဖြစ်သည်။
သို့သော် ထိုကျေးရွာတွင် လက်ရှိ စစ်ရေးအခြေအနေမရှိသော်လည်း မြေမြှုပ်မိုင်းများနှင့် စစ်လက်နက်ကျန် ပစ္စည်းများကို ဒေသခံတော်လှန်ရေး တပ်များနှင့် စစ်ကော်မရှင်တပ် ကလာရောက် ရှင်းလင်းမှုများ မပြုလုပ်ကြောင်းလည်း ဒေသခံများက ပြောသည်။
ထို့အပြင် ဒေသခံများသည် စားဝတ်နေရေး အခက်အခဲများကြောင့် စစ်လက်နက်ကျန်ပစ္စည်းများကို ကောက်ယူကာ ဒေသအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တပိုင်တနိုင် ငါးဖမ်းလုပ်ကိုင်သူများ မိုင်းထောင်ရန် အတွက် အသုံးပြုရန် ပြန်လည် ရောင်းချနေကြောင်းလည်း သိရသည်။
“ဒေသတွင်း အုပ်ချုပ်တဲ့သူတွေကတော့ မိုင်းတွေ တွေ့ရင် မထိမကိုင်နဲ့ ပြောထားတယ် ဒါပေမဲ့ ဒေသခံတွေက မိုင်းတွေ့ရင် မပြောဘူး။ မိုင်းတွေ လက်နက်ကြီး တစ်လုံးကို နှစ်သိန်းကျပ်ကနေ သုံးသိန်းကျပ်အထိရတော့ သူတို့က မပြောဘဲ သွားရောင်းကြတာ၊တချို့ကလည်း မိုင်းကနေ ငါးထောင်တဲ့မိုင်း ပြန်လုပ်ကြတာဆိုတော့ သွားမပြောကြတာ။”ဟု ကျောက်မဲမြို့ ဒေသခံ အမျိုးသားက ဆိုသည်။
ထိုကြောင့် စစ်လက်နက်ကျန် ပစ္စည်းများနှင့် မြေမြှုပ်မိုင်းများတွေ့လျှင် မထိမကိုင်သင့်ကြောင်းနှင့် နေအိမ်သို့ မယူပြန်သင့်ကြောင်း အန္တရာယ်ရှိသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူ၏ သတိပေးချက်များကို လိုက်နာသင့်ကြောင်း ၎င်းကထပ်လောင်းပြောသည်။

“၁၀၂၇ စစ်ဆင်ရေး” ဖြစ်ပွားခဲ့သည့် ကျောက်မဲမြို့အပါဝင် သီပေါမြို့နှင့် သိန္နီမြို့နယ်တို့တွင် ဒေသတွင်း တိုက်ပွဲဖြစ်ပြီးနောက် အလုပ်ကိုင်ရှားပါးမှု၊ စစ်ရှောင်နေရမှုနှင့် စားဝတ်နေရေး အခက်ခဲများဖြစ်ပေါ်နေသဖြင့် ဒေသခံအချို့သည် စစ်လက်နက်ကျန် ပစ္စည်းများကို ကောက်ယူ ရောင်းချကာ ဝမ်းရေးဖြေရှင်းနေကြရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အောက်တိုဘာ တတိယပတ်တွင် သျှမ်းပြည်မြောက်ပိုင်း၌ “၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့ပြီး ကျောက်မဲမြို့အပါဝင် သျှမ်းမြောက် ဒေသများကို TNLA ၊ MNDAA နှင့် တိုင်းရင်းသားလက်နက်ကိုင်များက ထိန်းချုပ်ခဲ့ပြီးနောက် ၂နှစ်ကျော်အကြာတွင် ကျောက်မဲမြို့ကို TNLAက စစ်ကော်မရှင်တပ်ထံ ပြန်လွှဲပေးခဲ့သည်။
သျှမ်းပြည်နယ်တွင် မြေမြှုပ်မိုင်းနှင့် စစ်လက်နက်ကျန် ပစ္စည်းများကြောင့် ၂၀၂၅ ခုနှစ်အတွင်း ထိခိုက်သေဆုံးသူ (၂၄၅)ဦးရှိခဲ့ပြီး တစ်နိုင်ငံလုံးအတိုင်းတာဖြင့် ၃၆ ရာခိုင်နူန်းရှိခဲ့ပြီး မြန်မာနိုင်ငံ၌ အများဆုံးထိခိုက်သေဆုံးသော ပြည်နည်တစ်ခုဖြစ်ကြောင်း UNICEF Myanmar မှထုတ်ပြန်ထားသည်။












Leave a Comments