သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့် ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဩဂုတ်လ (၃) ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
ထိုပျက်စီးမှုများကို ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်မည်ဟု ဆိုသော်လည်း စုစုပေါင်း ကုန်ကျမည့် ဘတ်ဂျက်ပမာဏကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။
“အခု ကုမ္ပဏီဘက်က ဝင်လာတာတော့ မကြားရသေးဘူး။ ဒါပေမဲ့ ပြီးခဲ့တဲ့လစပြီး နောင်ပိန်-တောင်ခြေ လမ်းကိုတော့ သူတို့ ပြန်ပြီးပြင်နေတယ်။ အခု အဲ့ဘက်မှာ လူဝင်လူထွက် မပေးဘူး” ဟု ကျောက်မဲမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ရေအားလျှပ်စစ်စီမံကိန်းကို သျှမ်းပြည် လူထုအသိုင်းအဝန်းများက တောက်လျှောက် ဆန့်ကျင်ကန့်ကွက်ခဲ့သော်လည်း စစ်ကော်မရှင် ဦးဆောင်ပြီး တည်ဆောက်နေသည့် အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်းကို ၂၀၂၉-၂၀၃၀ ခုနှစ်တွင် အပြီးသတ်မည်ဟု စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အထက်ရဲရွာ ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၁၀ – ၂၀၁၁ ခုနှစ် ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ စီမံကိန်းလုပ်ငန်းသည် ၅၃ ဒသမ ၉၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစ၍ အဝင်လမ်းများနှင့် ဓာတ်အားလိုင်းများကို ပြန်လည်ပြုပြင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုရေအားလျှပ်စစ် စီမံကိန်း ပြီးစီးသွားပါက ၂၈၀ မဂ္ဂါဝပ်ရှိ လျှပ်စစ်ဓာတ်အားပေး စက်ရုံမှ နှစ်စဉ် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၁၄၀၉ သန်းကို ဓာတ်အားကွန်ရက်စနစ်မှတစ်ဆင့် နိုင်ငံတစ်ဝန်းလုံးသို့ ထုတ်လုပ် ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း သိရသည်။
လက်ရှိအခြေအနေနှင့် ပတ်သက်၍ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ဆိုင်က “အခုအချိန်မှာ လုပ်ရမယ့်အချိန် မဟုတ်ဘူးလို့ မြင်တယ်။ အခု ကျနော်တို့ နိုင်ငံလည်း အေးချမ်းတည်ငြိမ်နေတာလည်း မဟုတ်ဘူး။ အခုလို စစ်ရေးမတည်ငြိမ်သေးတဲ့ ကာလမှာ တိုက်ပွဲတွေလည်း အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ စီမံကိန်းကြောင့် ကျောက်မဲမြို့နယ်အတွင်းရှိ တာလုံ (အရှေ့၊ အနောက်) ကျေးရွာအပါအဝင် စသည့် ကျေးရွာများ ရေလွှမ်းမိုးခံရမည့်အပြင် ဒေသခံရာနှင့်ချီ၏ လူမှုဘဝများ ပျက်စီးသွားနိုင်ကြောင်း ၎င်းက သတိပေးသည်။
“ရေအားလျှပ်စစ်ကို ပြန်စမယ်ဆိုတော့ တစ်ပူပေါ် နှစ်ပူဆင့်သလို ဖြစ်နေတာပေါ့” ဟု ၎င်းက ပြောသည်။
အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း ပြန်လည်စတင်ရန် ကြိုးပမ်းမှုသည် ဇွန်လအတွင်း အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင် တရုတ်နိုင်ငံသို့ သွားရောက်ပြီး သမ္မတ ရှီကျင့်ဖျင်နှင့် တွေ့ဆုံခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
အဆိုပါ ခရီးစဉ်အတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အောက်ရှိ မဟာဗျူဟာမြောက် စီမံကိန်းများ ပြန်လည်ပတ်ရန်နှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်ရန် တရုတ်ဘက်က တိုက်တွန်းခဲ့သည်။
အလားတူ (ဧပြီလ ၁၃ ရက်) လည်း စစ်ကော်မရှင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်သည် တရုတ်နိုင်ငံ ကူမင်းမြို့တွင် China Southern Power Grid အပါအဝင် အစိုးရပိုင်ကုမ္ပဏီများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံမြောက်ပိုင်း ရေအားလျှပ်စစ်စီမံကိန်းများမှ ဓာတ်အားကို တောင်ပိုင်းသို့ ပို့ဆောင်မည့် ကွန်ရက်တည်ဆောက်ရေးနှင့် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းကိစ္စများကို ဆွေးနွေးခဲ့သည်။
ထို့အပြင် မြစ်ဆုံ၊ ရွှေလီ (၃) နှင့် အထက်ရဲရွာကဲ့သို့သော စီမံကိန်းကြီးများကို အရှိန်မြှင့်ရန်လည်း ညှိနှိုင်းခဲ့သည်။
သို့သော် အဆိုပါစီမံကိန်းများမှ ထွက်ရှိမည့် လျှပ်စစ်ဓာတ်အား အများစုမှာ ပြည်တွင်းသုံးစွဲရန်မဟုတ်ဘဲ တရုတ်နှင့် အိန္ဒိယနိုင်ငံများသို့ တင်ပို့ရန်သာ အဓိက ရည်ရွယ်ထားခြင်း ဖြစ်သည်။
သျှမ်းပြည်နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ဦးက “စစ်ကော်မရှင်အနေနဲ့ ဒီစီမံကိန်းကို ပြန်စတာဟာ တရုတ်ရဲ့ ယုံကြည်မှုကို ရယူဖို့ ကြိုးစားတာပါ။ တရုတ်ရဲ့ စီးပွားရေးစင်္ကြံ လုံခြုံစိတ်ချရတယ်ဆိုတာကို သက်သေပြချင်နေတာဖြစ်တယ်” ဟု သုံးသပ်သည်။
မင်းအောင်လှိုင်သည် မိမိ၏ အာဏာတည်မြဲရေးအတွက် ရုရှား၊ တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ကို နိုင်ငံရေးအရ အသုံးချကာ နိုင်ငံတော်၏ အကျိုးစီးပွားများကို အလဲအလှယ်လုပ်နေကြောင်း ၎င်းက ထောက်ပြသည်။
နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် အာဆီယံတွင် နေရာရရှိရေးအတွက် ၎င်းတို့အလိုရှိရာများကို ပုံအောပေးနေခြင်းသည် တိုင်းပြည်အတွက်မဟုတ်ဘဲ သူ၏ အာဏာထိုင်ခုံ ခိုင်မြဲရေးအတွက်သာ ဖြစ်သည်ဟု ဆိုသည်။
တစ်ဖက်တွင်လည်း စစ်ကော်မရှင်က စီမံကိန်းအတွက် ဘီလီယံနှင့်ချီ သုံးစွဲရန် ပြင်ဆင်နေသော်လည်း တိုက်ပွဲကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးခဲ့ရသည့် ဒေသခံများမှာမူ တစ်စုံတစ်ရာ ကူညီထောက်ပံ့မှု မရရှိသေးပေ။
“ကျနော်တို့ အိုးအိမ်တွေ ပျက်စီးသွားတာ၊ ဘဝတွေ ပျက်သွားတာကိုတော့ ဘယ်သူမှ လာမကြည့်ကြဘူး။ အခုဟာက ပြည်သူ့အတွက်ထက် သူတို့ရဲ့ နိုင်ငံရေးအမြတ်အတွက်ပဲ ဦးစားပေးနေသလို ဖြစ်နေတယ်” ဟု ကျောက်မဲမြို့နယ် ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“၁၀၂၇ စစ်ဆင်ရေး” အစောပိုင်းကာလတွင် သျှမ်းပြည်မြောက်ပိုင်းရှိ ကျောက်မဲမြို့အပါအဝင် မြို့ပေါင်း (၁၂) မြို့ကို TNLA က စစ်ကော်မရှင်ထံမှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
သို့သော် ၂၀၂၅ ခုနှစ်အတွင်း စစ်ရေးအလှည့်အပြောင်းများကြောင့် ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ်နှင့် မိုးကုတ်မြို့တို့ကို စစ်ကော်မရှင်ထံ ပြန်လည်လက်လွှတ်ခဲ့ရသလို ၂၀၂၆ ခုနှစ် မတ်လတွင်လည်း ကွတ်ခိုင်မြို့ကို မဟာမိတ်ဖြစ်သူ MNDAA ထံသို့ လွှဲပြောင်းပေးခဲ့ရသည်။
ထို့အပြင် သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နယ်မြေစိုးမိုးမှုများ သိသိသာသာ အပြောင်းအလဲ ဖြစ်ပေါ်နေချိန်တွင် တအာင်း (ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) သည် ၎င်းတို့ထိန်းချုပ်လိုသော နယ်မြေများအတွက် တအာင်းပြည်နယ် သတ်မှတ်ပေးရန် ပြီးခဲ့သည့် (ဇူလိုင် ၁၉ ရက်) က စစ်ကော်မရှင်ထံ တောင်းဆိုခဲ့သည်။
“အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲလည်း နာမည်ကတော့ ငြိမ်းချမ်းရေးဆိုပေမယ့် ဘယ်သူ့အတွက် ငြိမ်းချမ်းရေးလဲ၊ ဘယ်အဖွဲ့အစည်းအတွက် ငြိမ်းချမ်းရေးလဲ၊ ပြည်သူလူထုအားလုံးအတွက် အမှန်တကယ်ပဲ ငြိမ်းချမ်းရေး ဖော်ဆောင်နေလား ဆိုတာ မေးစရာရှိတယ်” ဟု SHRF ၏ ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ဆိုင်က ပြောသည်။
စစ်ကော်မရှင်အနေဖြင့် အထက်ရဲရွာစီမံကိန်းကို ၂၀၃၀ ပြည့်နှစ်အတွင်း အပြီးသတ်ရန် ရည်မှန်းချက်ထားရှိသော်လည်း မြေပြင်တွင် ဖြစ်ပွားနေသည့် စစ်ရေးမတည်ငြိမ်မှုများ၊ နယ်မြေစိုးမိုးမှု အပြောင်းအလဲများနှင့် ဒေသခံတို့၏ ကန့်ကွက်မှုများမှာ စီမံကိန်းအတွက် ကြီးမားသော စိန်ခေါ်မှုများရှိနေသည်။












Leave a Comments