မိုးနဲမြို့ ရှေးဟောင်းစေတီတော်များအား လွှတ်တော်ကိုယ်စားလှယ်နှင့် ရှေး/သု ၊ ပညာရှင်များ စုပေါင်း ထိန်းသိမ်းပြုပြင်

0

သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်ရှိရှေးဟောင်းစေတီတော်များ ရေရှည်တည်တံ့ရေးအတွက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်နှင့် ရှေးဟောင်းသုတေသနအဖွဲ့တို့ပူးပေါင်းကာ ပြုပြင်နေကြကြောင်းသိရသည်။

Photo Credit to Saimone Lurn/ ပြုပြင်ထိန်းသိမ်းနေဆဲ မိုးနဲမြို့ရှိ ရှေးဟောင်းစေတီတော်တချို့

“မိုးနဲမြို့နယ် ပြည်နယ်လွှတ်တော်အမတ် စိုင်းမွမ်းလိန် က- ကျနော် နဲ့ ၀ိဇ္ဇရီယ်ကျောင်းတိုက်က ဆရာတော် ဦးမာဃိန္ဒ နဲ့ ဒေသခံလူထုတို့ဆွေးနွေးပြီး မိုးနဲမြို့ မွေတော် ဟောင် ရှေးဟောင်းစေတီကို ပြုပြင်ထိန်းသိမ်းမှု လုပ်ချင်တယ်။ ကျနော် လွှတ်တော်ထဲမှာ မေးခွန်းမေးတုန်းက ဒီစေတီတွေကိုပြုပြင်မွမ်းမံဖို့ ငွေကျပ်သိန်း ၅၀ ချပေးပါတယ်။ မူလလက်ဟောင်း လက်ရာမပျက် ပြန် လည်ပြုပြင် ရမယ် ဆိုတော့ ကျနော်တို့ ပုဂံက ရှေးဟောင်းဘုရား ထိမ်းသိန်းရေး ပညာရှင်တွေ အင်ဂျင်နီယာ တွေကိုခေါ်ပြီး ကူညီဆောင်ရွက်မှုပေးတယ်။ ဒါကြောင့် ကျနော် ဒေသတွင်းလူထုနဲ့ မီးသတ်တွေကို အကူအညီတောင်းပြီး သစ်ပင်တွေခုတ်ပေးပါတယ်။ ဒါကြောင့် ရှေးသုပညာရှင်တွေ ပုဂံက ပညာရှင်တွေပူးပေါင်းပြီး မှာလာပြုပြင်ပေးနေပါတယ်။” – ဟု သျှမ်းသံတော်ဆင့်အား ပြောသည်။

မွေတော်ဟောင်ရှေးဟောင်းစေတီတော်သည် မိုးနဲမြို့နယ် ကွန်နားအုပ်စု ကုန်းကျောင်းရွာ ကျောင်းမောက်ကျောင်းတိုက်တွင်တည်ရှိ ပြီး ၄င်းစေတီအား ဇန်နဝါရီလ ၁၅ ရက်နေ့က စတင်မွမ်းမံ နေကြောင်း သိရသည်။

“ကျနော်တို့ ရှေးဟောင်းပစ္စည်းတွေ တူးဖော်ရရှိမိတယ်။ မြို့နယ်သံဃာ့နာယက ဆရာတော်ဆီပြန်လည်အပ်နှံပေး တယ်။ မိုးနဲမြို့ထဲက တခြားစေတီတော်တွေကိုပြုပြင်ဖို့အတွက်လည်း ကျနော် ဘတ်ဂျက်တွေတင်ထားတယ်။ ကျလာရင် ဆက်ပြီးတော့ ပြုပြင်ထိန်းသိမ်းရေးတွေလုပ်သွားမယ်။ စေတီတော်အက်နေတာတွေ ကျွံနေတာတွေ အပေါက်ဖြစ်နေတာတွေကို ရှေးလက်ရာမပျက်အောင် ပြုပြင်ဖာထေးမှုတွေပြုလုပ်သွားပါမယ်။ လူထုတွေအားလုံး မိုးနဲမှာရှိနေသော ဘုရားစေတီတွေအားလုးံ ကို စိတ်ပါလက်ပါနဲ့ ပြုစု ထိန်းသိမ်းကြပါလို့ တိုက်တွန်းချင်ပါတယ် ”– ဟုလည်း စိုင်းမွမ်းလိန် ကပြောသည်။

ဇန်နဝါရီလဆန်းပိုင်းကလည်း သဘာဝပတ်ဝန်းကျင်မြတ်နိုးသူ ၊ မိုးနဲမြို့ (၂၀၁၀-၂၀၁၅ အထိလွှတ်တော် ကိုယ် စားလှယ်) ဒေသခံစိုင်းမောင်ကြီးနှင့် သျှမ်းစာပေယဉ်ကျေးမှုအဖွဲ့၊ ဒေသခံရွာသားများစုပေါင်းကာ သက်တမ်း နှစ် ၂၀၀ ကျော်ရှိ စေတီတော်နှင့် သက်တမ်း နှစ် ၁၀၀ ကျော်ရှိ သိမ်တော်ကြီး ပုရဝုဏ် အား လည်းကောင်း၊ သက်တမ်း ၃၀၀ ကျော်ရှိ မြို့ရှင်နတ်နန်းဝင်းအားလည်းကောင်း ပေါင်းမြက်ခြုံနွယ်များ စုပေါင်း ရှင်းလင်းမှုပြုခဲ့သည်။

သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင်အတွင်းပါ၀င်သည့်မိုးနဲမြို့သည် စော်ဘွားခေတ်အဆက်ဆက်က တည်ထားသော စေတီတော်များ ပုထိုးတော်များ အပြင် သျှမ်းစော်ဘွားများဟော်နန်း၊ မြို့ရိုး၊ မြို့ဝင်တံခါးမုတ်ဦး၊ ရေကန်တော်၊ စော်ဘွားများ၏ နှစ်ပေါင်း ၁၀၀ ကျော်သက်တမ်းရှိ မီးပူဇော်သည့် မာလိန်တိုင် (မန်လည်တိုင်) စသဖြင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းသည့်နယ်မြေအစစ်အမှန်ဖြစ်ကြောင်း မိုးနဲမြို့ခံရပ်မိရပ်ဖများက ပြောသည်။

မိုးနဲမြို့အားရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းသည့်နယ်မြေ၊ ခရီးသွားနယ်မြေအဖြစ် သတ်မှတ် နိုင်ရေးအတွက် နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့် သျှမ်းပြည်နယ် တောင်ကြီးမြို့သို့ ပထဦးဆုံးရောက်ရှိခဲ့သည့် ဇွန်လ ၂၉ ရက်နေ့ ကတည်းက လည်းကောင်း၊ သျှမ်းပြည်နယ်ဝန်ကြီးချုပ်ထံသို့လည်းကောင်း စာဖြင့်တင်ပြခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ် စိုင်းမွမ်းလိန်က ပြောပါသည်။

ဢုပ်ႇဢူဝ်း ၽူႈတွႆႇႁွၵ်ႈ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here