မွေးနေ့မင်္ဂလာ
မိုင်းဖုန်းဆရာတော်မွေးနေ့မင်္ဂလာပွဲတော်ကို သွားရောက် ဖူးမျှော်ကြမည့် ပြည်သူအချို့ သံလွင်မြစ်ကူး (တာကော်)တံတား ဖြတ်ခွင့်မရ
မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာပွဲတော်သို့ သွားရောက် ဖူးမျှော် ပူဇော်ကြမည့် ပြည်သူအချို့ သံလွင်မြစ်ကူး (တာကော်)တံတားရှိ စစ်ကောင်စီဂိတ်တွင် ဖြတ်သန်းခွင့်မရကြကြောင်း သတင်းရရှိသည်။ သျှမ်းပြည် တာချီလိတ်မြို့နယ်တွင် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့ မင်္ဂလာပွဲ တော်ကို ဇန်နဝါရီလ ၁ရက်မှ ၅ ရက်နေ့အထိ ကျင့်ပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် ကျင်းပပြုလုပ်မည့် မိုင်းဖုန်းဆရာတော်၏ မွေးနေ့မင်္ဂလာ ပွဲတော်သို့ သွားရောက် ဖူးမျှော် ပူဇော်ကြမည့် ပြည်သူအချို့သည် သံလွင်မြစ်ကူး (တာကော်)တံတားရှိ စစ်ကောင်စီဂိတ်တွင် ဖြတ်သန်းသွားလာခွင့်မရကြကြောင်း အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။ “ သျှမ်းမြောက် က အချို့လူမျိုးကို ပေးမဖြတ်တာပေါ့။တိုက်ပွဲဖြစ်ပွားတဲ့ နယ်မြေကနေလာရင် သူတို့က စစ်ရေးဆေးဂိတ်မှာပေးမဖြတ်ဘူး။ မှတ်ပုံတင်ကြည့်ပြီးတော့ လူမျိုးကို စစ်ဆေးတာ။ သိန္နီကနေလာတဲ့ လူတွေအချို့ကလည်း မဖြတ်ရဘူး ပြန်လှည့်ရတာရှိတယ်။”ဟု အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက ပြောသည်။ ယမန့်နေ့ တွင် တာကော်တံတားရှိ စစ်ဆေးရေးဂိတ်၌ ကား ၆စီး ပြန်လှည့်ရကြောင်း၊ များသောအားဖြင့် ထိုပြန်လှည့်ခံရသည့် ကားသည် တအာင်း (ပလောင်)လူမျိုးများ၏ ကားများဖြစ်ကြောင်း လည်း အသက် ၃၅နှစ်အရွယ်ရှိ အမျိုးသားက ပြောပြသည်။ “လူမျိုးတွေကြည့်ပြီးတော့ စစ်တာထင်တာ။မနေ့ကတော့ ကားတွေ ၆ စီးလောက် ပြန်လှည့် ပြန်ကြရတာ။တာအင်း ပလောင်လူမျိုးတွေက ပွဲသွားရင်သူတို့က သူတို့ဝတ်စုံ ဝတ်ပြီးတော့ သွားကြတာလေ။ တချို့ကျတော့လည်း ကျိုင်းတုံထဲမှာ ထောင်ခံစာ တစ်ဆင့်ယူရသေးတယ်လို့ပြောတယ်။”ဟု အသက် ၃၅ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးက ဆိုသည်။ သံလွင်မြစ်ကူး တာကော်တံတားပေါ်တွင် စစ်ကောင်စီတပ်က ပူးပေါင်းစစ်ဆေးရေးဂိတ် ဖွင့်လှစ်ထားပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ စစ်ဘက်ရေးရာ လုံခြုံရေး တပ်ဖွဲ့၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ သစ်တော ဦးစီးဌာန၊ မူးယစ်ရဲတပ်ဖွဲ့နှင့် လူကုန်ကူးမှုတပ်ဖွဲ့များ တာဝန်ထမ်းဆောင်နေကြကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၅ ရက်နေ့တွင်လည်း တာချီလိတ်မြို့နယ်တွင် ကျင်းပမည့် မိုင်းဖုန်းဆရာတော် အရှင်ဉာဏသံဝရ၏ ဝိဇာတပူဇာ မွေးနေ့မင်္ဂလာပွဲတော်ကို လာရောက်ဖူးမျှော် ပူဇော်ကြမည့် ဒကာ၊ ဒကာမ မိဘပြည်သူများ ထောက်ခံစာ ယူလာကြရန်သတိပေးထားပြီး၊ စစ်ဆေးရေးဂိတ်ရှိ သက်ဆိုင်ရာ တာဝန်ရှိသူများကို ခွင့်ပြုပေးရန် ပန်ကြားထားကြောင်း သျှမ်းပြည်အရှေ့ပိုင်း သံဃာ့နာယက ဥက္ကဋ္ဌ အရှင်ဉာဏသီရိမှ မိန့်ကြားသည်။ ယခုနှစ် ၂၀၂၅ လာမည့် ဇန်နဝါရီလ ၅ ရက်တွင် ကျရောက်မည့် မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ ၏ သက်တော် (၆၁) နှစ်မြောက် ဝိဇာတပူဇာ မွေးနေ့ပွဲကို တာချီလိတ်မြို့နယ် မိုင်းဖုန်းကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။





