သျှမ်းပြည်တောင်ပိုင်း၊ ပင်းတယမြို့နယ် ပွေးလှကျေးရွာ နှင့် တောင်ကြီးမြို့နယ် ရေပူကျေးရွာ၊ တောင်နီကျေးရွာတွင် ရှိသည့် မာရီဂိုးလ် ပန်းစက်ရုံထွက် အညစ်အကြေးနှင့် အနံ့ဆိုးကြောင့် ခေါင်းမူး၊ အော့အန်မှုများဖြစ်၍ ချောင်းအတွင်း ငါးများလည်း သေဆုံးမှုရှိနေကြောင်း သတင်းရရှိသည်။
သျှမ်းတောင်တွင် မာရီဂိုးလ်ပန်းများကို တရုတ်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆို၍ စိုက်ပျိုးသူများလာပြီး တရုတ်ကုမ္ပဏီဘက်မှ မျိုးစေ့ထုတ်ပေးသော်လည်း ရှုံးလျှင် တောင်သူများက ပြန်လည် လျော်ကြေးပေးရသည်။
အဆိုပါ ပန်းသည် အနံ့ပြင်းလွန်းသည့် ပန်းဖြစ်ပြီး ပန်းစက်ရုံ အနီးတွင် နေထိုင်သူများသည် စက်ရုံမှ ထွက်သည့် အနံ့ဆိုးကြောင့် သက်ကြီးရွယ်အိုများ ခေါင်းမူး၍ ဆေးရုံတင်ရခြင်းနှင့် အနံ့ရှုမိသူတိုင်း ခေါင်းကိုက် အော့အန်ခြင်းများ ဖြစ်နေကြောင်း ရေပူဒေသခံ အမျိုးသမီး တဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“အနံ့က အရမ်းပြင်းတာ ဘယ်လိုမှန်းကို မသိဘူး အဲစက်ရုံအနီးနေတဲ့သူဆို ပိုပြီး ထိခိုက်တယ်၊ အနံ့ရှုမိသူတိုင်း အန်တာ ၊ခေါင်းကိုက်တာ ဖြစ်တယ်၊ သက်ကြီးရွယ်အိုတွေဆို ဆေးခန်း မကြာခဏ ပြရတယ်၊ စက်ရုံကတော့ ရွာနဲ့ အဝေးမှာဆောက်ထားတယ် ဒါပေမဲ့ အနံ့က ရွာထဲထိကို နံတာ၊ ချောင်းထဲက ငါးတွေဆိုလည်း သေကုန်တာ အဲဘက်က လာတဲ့ ရေဆိုးတွေကြောင့်ထင်တယ်။”ဟု ရေပူဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
ထိုသို့ အနံ့ဆိုးများကြောင့် ဒေသခံများ၏ ကျန်းမာရေး ထိခိုက်လာနေပြီး အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ၎င်းအမျိုးသမီးက ပြောသည်။
ဆက်လက်ပြီး စက်ရုံမှ အနံ့ဆိုးကြောင့် ဒေသခံများက သွားရောက်တိုင်ကြားသော်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများက အရေးယူ ဆောင်ရွက်ပေးမှု မရှိကြောင်း အဆိုပါ အမျိုးသမီးက ဆက်ပြောသည်။
“စက်ရုံက အရမ်းအနံ့နံလို့ သွားတိုင်သေးတယ် အထက်က အမိန့်လို့ ပြောလို့ ဘာမှ မပြောရဲတော့တာ၊ တရုတ်ကုမ္ပဏီဆိုတော့ အစိုးရနဲ့ ဆက်စပ်နေတော့ ဘာမှ အရေးယူလို့ မရတာ နေမှာ၊ တခါလောက်တော့ ပြည်သူတွေနေရာ ဝင်နေကြည့်စေချင်တယ်၊ စက်ရုံကိုတော့ လာကြည့်သွားတာပဲ ဘာမှ အကြောင်းမပြန်သေးဘူး။”ဟု ရေပူ ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
အသက်ရှုလမ်းကြောင်း ဆိုင်ရာ ရောဂါများကြောင့် ပန်းစက်ရုံကို ပိတ်စေချင်ကြောင်းနှင့် တရုတ်ကုမ္ပဏီများမှ အနံဆိုးများကို ပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ဆောင်ရွက်စေလိုကြောင်း ၎င်းအမျိုးသမီးက ပြောသည်။
အလားတူ ပင်းတမြို့နယ် ပွေးလှကျေးရွာတွင်လည်း မာရီဂိုးလ် ပန်းစက်ရုံအနံ့ကြောင့် ဒေသခံများ အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ ဖြစ်ပေါ်နေကြသည်ဟု ပင်းတယ ဒေသခံများထံမှ သိရသည်။
မာရီဂိုးလ်ပန်း တစ်ပိဿလျှင် ကျပ်(၇၀၀) ရှိပြီး တစ်ခါခူးလျှင် ပိဿချိန် ထောင်ကျော် အထိ ရကြောင်းနှင့် အရင်းနည်း၍ အမြတ်ကျန်သောကြောင့် စိုက်ပျိုးသူ များလာကြောင်း တောင်သူများ ပြောပြချက်အရ သိရသည်။
မာရီဂိုးလ်ပန်းများကို ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်တွင် တစ်ပိဿလျှင် ကျပ် (၆၀၀)သာ ရရှိခဲ့ပြီး ယခု ၂၀၂၆ ခုနှစ်တွင် ကျပ်(၇၀၀) အထိတိုးလာသောကြောင့် ပင်းတယနှင့် ကလောတွင် အိမ်တိုင်းနီးပါး စိုက်ပျိုးလာကြသည်။












Leave a Comments