သျှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ်တွင် နမ့်ဟူး သဘာဝရေထွက် အား သဘာဝ စိမ့်စမ်းရေထွက်ဧရိယာ အဖြစ်ကာကွယ်ထိန်းသိမ်းရန်အတွက် ဒေသခံလယ်သမားများ ကွင်းဆင်းတိုင်းတာမှုပြုနေကြောင်းသိရသည်။

မြို့နယ်ထွေအုပ်၏ မိုးနဲမြို့နယ်အတွင်း အင်း ၃ အင်းနှင့်မောင်ခိုင် မောင်နိုင်ရေထွက်ဧရိယာနယ်နိမိတ် ပြန် လည် စီစစ်တိုင်းတာသတ်မှတ်ရေးလုပ်ငန်းစီမံချက် ကျလာပြီးနောက် နမ့်ဟူးသဘာဝရေထွက်ဧရိယာအား ဒေသခံတောင်သူလယ်သမားများက ကွင်းဆင်းတိုင်းတာခဲ့ကြသည်။
ဇန်နဝါရီလ ၁ ရက်နေ့က ဒေသခံလယ်သမား ၅၀ ခန့်ကကွင်းဆင်းခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

“ရေထွက်ပြန်လည်ထိန်းသိမ်းဖို့ ကျေးရွာ အုပ်ချုပ်ရေးမူးများက တောင်သူလယ်သမားအများဆန္ဒကို ပြန်လည် ရယူပြီးသတ်မှတ်ရမယ်လို့ လွှတ်တော်တုန်းကကျနော်တင်ထားတဲ့အဆိုကို ၀န်ကြီးကပြန်လည်ဖြေကြား ထား တာကြောင့်အခုလို စီမံချက်ထွက်လာတာဖြစ်တယ်။ နမ့်ဟူးရေထွက်က ဘယ်နပေရှိလဲ။ ရေက ဘယ်လောက် နှုန်းထွက်နေသလဲ စတာတွေမှတ်ထားကြမယ်။ ရေစီးရေလာကောင်းအောင် မြောင်းရှင်းထားပြီး မှတ်တမ်းယူ ထား မယ်။ အချက်အလက်တွေစုဆောင်းထားမယ်လေ။ ပြီးမှ လွှတ်တော်ကိုယ်စားလှယ်နဲ့ မြို့နယ်ထွေအုပ်တို့ ပြန်ဆွေးနွေးကြပြီးမှ လွှတ်တော်မှာထပ်တင်မယ်။ ” – ဟု စိုင်းမွမ်းလိန် ကပြောသည်။
မြို့နယ်ထွေအုပ်၏ စီမံချက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးက အဖွဲ့ခေါင်းဆောင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၊ တောင်သူလယ်သမားကိုယ်စားလှယ် ၅ ဦး၊ ယုံကြည်လေးစားခံရသူ မြို့မိမြို့ဖ ၃ ဦး၊ မြို့နယ်ဆည်မြောင်း၊ ခရိုင် ငါးလုပ်ငန်း၊ သက်ဆိုင်ရာရပ်ကျေးအုပ်ချုပ်ရေးမှူးများက အဖွဲ့ဝင်များဖြစ်ကြပြီး၊ မြို့နယ် လယ်-အင်း ဦးစီးဌာနမှူး ကအတွင်းရေးမှူး စသည်တို့ခန့်အပ်ထားကြပြီး တောင်သူလယ်သမားများမှရရှိလာသောအချက်အလက်များကို အဆိုပါအဖွဲ့ဝင်များနှင့်ထပ်မံဆွေး နွေးကြမည်ဖြစ်ကြောင်းသိရသည်။

“အခု ကွင်းဆင်းရာမှာ ရေစီးမြောင်းတွေထဲမှာ အမှိုက်သရိုက်တွေတွေ့တယ်။ ဒါဟာလည်း ရေမြောင်းပျက်စီး ပျက်သုဉ်းစေမယ့်အချက်တချက်ဖြစ်တာကြောင့် နက်ဖြန် သန်ဘက်ခါကျရင် လယ်သမားတွေစုပေါင်းပြီးတော့ ရေစီးမြောင်းတလျှောက် အမှိုက်သရိုက်တွေကိုရှင်းလင်းကြမယ်။ ”- ဟု စိုင်းမွမ်းလိန် ကပြောသည်။
ဇန်နဝါရီလ ၄ ရက်နှင့် ၅ ရက်နေ့တွင် နမ့်ဟူးရေစီးမြောင်းအားရှင်းလင်းမည့် လယ်သမားများမှာ နမ့်ဟူးရေထွက်မှ မိုးနဲမြို့တောင်ဘက် ၀မ့်ဟေ့ရွာအထိ လယ်ဧကပေါင်း ၁၀၀၀၀ ကျော်မှ လယ်သမားအင်အား ၃၀၀ ထက်မနည်း ရှိကြောင်း သိရသည်။

“တကယ်လို့စုပေါင်းကာကွယ်မှုမရှိရင် နမ့်ဟူးရေထွက်ပျက်စီးမယ်။ ဘာကြောင့်လဲဆိုတော့ အခုက နမ့်ဟူးအနီးအနားမှာ မြေတွေ ကျောက်တွေလာတူးလာဖို့နေကြတာရှိတယ်။ တကယ်လို့ နမ့်ဟူးပျက်စီးရင် ရေထွက်မကောင်းတော့ရင်တော့ ကျနော်တို့လယ်ဧကပေါင်း ၁၀၀၀၀ ကျော်အတွက် ဒီမြေတူး မြေဖို့နေတဲ့သူတွေ ဖျက်ဆီးနေတဲ့သူတွေက ပြန်ပြီးလျော်ကြေးပေးရမယ် – လို့တောင်လယ်သမားတွေက ကျနော့်ဆီလာပြီးပြောတယ် ခုနက ” – ဟု စိုင်းမွမ်းလိန် ကပြောသည်။

နမ့်ဟူး သဘာဝရေထွက်အား ကာကွယ်စောင့်ရှောက်ပေးနိုင်ပါရန်အစီအစဉ်ရှိမရှိ ဟူသည့် မေးမြန်းချက်အား ပြီးခဲ့သည့် လွှတ်တော်အစည်းအဝေးက မိုးနဲမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းမွမ်းလိန်က လွှတ်တော်အတွင်း မေးမြန်းခဲ့သည်။ ၄င်း၏ မေးမြန်းချက်အား သဘာဝသယံဇာတ နှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က – ရေထွက် ပြန်လည်ထိန်းသိမ်းရန် တောင်သူ၏ အများဆန္ဒ သဘောထားရယူပြီး ပြန်လည်ထိန်းသိမ်းရမည်ဖြေကြားခဲ့ပါသည်။

လွယ်စက်တော် တောင်ခြေရှိ နမ့်ဟူးရေထွက်မှရေသည် ပန်အူရွာအလွန်တွင် ချောင်း ၄ ဖြာခွဲကာ မိုးနဲမြို့အားဖြတ်သန်းစီးဆင်းကြောင်း အဆိုပါချောင်း ၄ ခုအား အဓိကအသုံးပြုကာ မိုးနဲမြို့လယ်သမားများက လယ်ယာမြေဧကပေါင်း တစ်သောင်းကျော်အား ရေသွင်းစိုက်ပျိုးကြကြောင်း သိရပါသည်။











Leave a Comments