သျှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့တွင် (ဩဂုတ်လ ၁၆ ရက်) နေ့မှ စပြီး ရေမြင့်တက်ကာ စပါးခင်း ဧက ၆ထောင) ထက်မနည်းပျက်စီးသွားကြောင်းသတင်းရရှိသည်။
မိုးနဲမြို့နယ်တွင် စပါးခင်း ဧက (၉ထောင်) စိုက်ပျိုးကြပြီး ဩဂုတ်လ ၁၄ ရက်မှ စပြီး မိုးအဆက်မပြတ်ရွာသွန်းတာကြောင့် မိုးနဲမြို့ပြင်ရှိ နမ့်ဆလိုင်နှင့် နမ့်တွန်ချောင်းမှာ ရေမြင့်တက်လာ၍ နားဟောင်၊ နောင်ကျောင်း နှင့် ပေါမိန်းရပ်ကွက်ထဲသို့ ရေများဝင်ရောက်လာကာ စပါးခင်း ဧက ၆ထောင်ထက်မနည်းပျက်စီးသွားကြောင်းသိရသည်။

“ရေကြီးတာကတော့ မြို့ပြင်ဘက်မှာကြီးတာ။ မြို့ထဲနဲ့ ရပ်ကွက် တွေကိုတော့ ရေဝင်ရုံပဲ။ အောက်ထပ်က ပစ္စည်းတွေကို နေရာပြောင်းရွှေ့ထားရုံလောက်ပဲ။ အဓိကတော့ စပါးခင်းတွေ မြှုပ်တာပေါ့။ နေအိမ်တွေတော့ မစိုးရိမ်ရဘူး။” ဟု ဒေသခံ အမျိုူးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
စပါးခင်းအပြင် ပြောင်းခင်း ဧက တစ်ထောင်ကျော်ပါ ပျက်စီးသွားကြောင်း အဆိုပါအမျိုးသားက ထပ်လောင်းပြောသည်။
ယခုကဲသို့ ရေကြီးမှုသည် မိုးနဲတွင် ၃နှစ်ဆက်တိုက်ဖြစ်ပေါ်နေပြီး ယခုနှစ်တွင် အဆိုးရွားအပြင်းထန်ဆုံးဖြစ်ကြောင်းနှင့် ဖြေရှင်းမည့်နည်းလမ်းမှာပင် ရေရာမသိရှိသေးကြောင်းဆိုသည်။

“ ရုတ်ရက်ရေထကြီးလာတာပဲ။အရင်ကဆို ဒီလောက်မဆိုးဘူးလေ။ ဒီနှစ်က တောင်သူတွေ ဆုံးရှုံးမှုများတဲ့နှစ်ပဲ။ သျှမ်းမြောက်ကလူတွေက သျှမ်းတောင်ဘက်စစ်ရှောင်လာတယ်။ သျှမ်းတောင်ကလူတွေကလည်း သဘာဝဘေး ကြုံနေရတယ်။ ဒုက္ခခံစားရခြင်းတူတူပါပဲ။ စားဝတ်နေရေးအတွက် ခက်ခဲလာတာပေါ့။”ဟု ၎င်းအမျိုးသားက ဆက်ပြောသည်။
အလားတူ တာချီလိတ်၊ မိုင်းတုံ ၊ နှင့် ပင်လောင်းတို့တွင် ရေကြီးရေလျှံမှုဖြစ်ကာ ဒေသခံအများပြားရေဘေးသင့်ပြီး အကူအညီလိုများစွာလိုအပ်နေကြောင်းသိရသည်။
ယခုလက်ရှိသျှမ်းပြည်နယ်တွင် သဘာဝဘေးနှင့် စစ်ဒဏ်ကို ပြည်သူများခံစားနေရပြီး ကုန်ဈေးနူန်းတက်ကာ စားဝတ်နေရေးအတွက် အခက်ခဲများစွားဖြစ်နေကြသည်။
အလုပ်သင် သတင်းထောက် နန်းလရောင် ရေးသားသည်။












Leave a Comments