လက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုကြောင့် သီပေါမြို့နယ်အတွင်းကျေးလက်ရွာသားများသေကြေဒဏ်ရာရ

0

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် စယ်ခန်အုပ်စု နားလော့ရွာအတွင်း မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင်နှင့် RCSS/SSA တို့ပစ်ခတ်မှုကြောင့် ရွာသားများသေကြေဒဏ်ရာရမှုရှိခဲ့ကြောင်းသိရသည်။

နို၀င်ဘာလ ၂၃ ရက် မနက် ၆ နာရီ ၂၀ မိနစ်ကစတင်ကာ သီပေါမြို့နယ် တောင်ဘက် မိုင် ၃၀ ခန့်အကွာရှိ နားလော့ရွာအတွင်း ၅ မိနစ်ခန့်အကြာ ပစ်ခတ်မှုဖြစ်ပွါးခဲ့သဖြင့် ရွာသား ၂ ဦးပွဲချင်းပြီးသေဆုံးကာ ၃ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း သိရသည်။

“အသက် ၁၀ နှစ်အရွယ် စိုင်းအွန်နဲ့ အသက် ၃၀ အရွယ် စိုင်းပေ တို့ ၂ ယောက် ကျည်ဆန်ထိမှန်သေဆုံးခဲ့တယ်။ နောက်ပြီးတော့ နန်းအေးမွန်း အသက် ၂၀ ကျော်၊ စိုင်းဆန်နောင့် အသက် ၃၀ ကျော် နဲ့ ကျောင်းဆရာမ နန်းထွေး အသက် ၂၀ ကျော် ဒီ ၃ ယောက်က ဒဏ်ရာရတယ်။ အခုတိုက်ပွဲဖြစ်နေတာက သျှမ်းတပ် ၂ ဖွဲ့ဖြစ်နေတယ်။ ဒီတိုင်းဘဲဆက်ဖြစ်သွားတော့မှာလား။ ရွာသားတွေ ဘယ်လိုလုပ်ရမလဲ နားကိုမလည်နိုင်တော့ဘူး။ သူတို့ အချင်း ချင်းပစ်ခတ်တာ သူတို့နာသလား သေသလား စိတ်မဝင်စားတော့ဘူး။ လောလောဆယ်တော့ ရွာသားတွေ ကလေး တွေပါမကျန် သေကြေဒဏ်ရာရနေရပြီ ”- ဟု သေဆုံးသူနှင့်အမျိုးတော်စပ်သူ အမျိုးသားတဦးကပြောသည်။

ဒဏ်ရာရသူ ၃ ဦးအား မိုင်းခေး ဆေးရုံသို့ ပို့ဆောင်ရာ အသွားလမ်းတွင် စိုင်းဆန်နောင့် အသက် ၃၀ ဆိုသူတဦးလည်းထပ်မံသေဆုံးသွားကြောင်းသိရသည်။

၅ မိနစ်ခန့်ပစ်ခတ်တိုက်ခိုက်ကြပြီးနောက် တဖွဲ့မှာ ရွာပြင်ဘက် လမ်းအနောက်ဘက်ခြမ်းသို့ တိမ်းရှောင်သွားပြီး ကျန်တဖွဲ့မှာမူ ရွာအနီးတွင်ပင်ဆက်လက်ရှိနေသေးကြောင်း၊ ထို့အတွက် တိုက်ပွဲများပြန်ဖြစ်ပွါးမ ည်ကိုရွာသားများစိုးရိမ်နေသော်လည်း ရွာပြင်တခြားဘေးလွှတ်ရာသို့ မတိမ်းရှောင်နိုင်ကြသေးကြောင်း ၄င်းက ဆက်လက်ပြောပြသည်။

၄င်းနှင့်ပတ်သက်ပြီး သျှမ်းတပ် ၂ ဖွဲ့လုံးအား သျှမ်းသံတော်ဆင့်မှ ဆက်သွယ်ရန်ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှုမရသေးပေ။

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ်၊ လားရှိုးနှင့် နမ္မတူမြို့နယ်တို့တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွါးနေပြီး ရွာသားများမှာ တနှစ်ပတ်လုံး စစ်ဘေးတိမ်းရှောင်နေကြရကြောင်း ၊လုပ်ငန်းခွင်ကောင်းမွန်စွာ မဝင်ရသဖြင့် လာမည့်နှစ် စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်နေရကြောင်း စစ်ဘေးရှောင်များကပြောဆိုနေကြသည်။

သီပေါမြို့နယ်ထဲတွင် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဝင် SSPP/SSA ၊ TNLA ပူးပေါင်းတပ်များ၊ RCSS/SSA နှင့် အစိုးရတပ်မတော်၊ ဌာနေပြည်သူ့စစ်တပ်ဖွဲ့တို့လှုပ်ရှားသွားလာနေပါသည်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here