Friday, April 26, 2024

ကျောက်မဲမြို့နယ်အတွင်း ကျွဲတင်ယာဉ်ပစ်ခတ်ခံရ

Must read

သျှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နယ် မန္တလေး မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ကျွဲတင်လာသည့် သုံးဘီးယာဉ်တစီး သေနတ်ပစ်ခံရပြီး ယာဉ်မောင်းတဦး ကျည်ဆံထိ သေဆုံးသွားကြောင်း သတင်းရရှိသည်။

Photo from Hsipaw Update News/ ကျောက်မဲမြို့ စခန်းသာကျေးရွာအနီးတွင် နို၀င်ဘာလ ၅ ရက် ၂၀၁၈ ကပစ်ခတ်ခံရသည့် ကျွဲတင်ယာဉ်

ဖြစ်စဉ်မှာ နိုဝင်ဘာ ၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်က ကျောက်မဲမြို့နယ် စခန်းသာ ကျေးရွာ အနီး မိုင်တိုင်အမှတ် (၁၀၃/၁) တွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ကျွဲ ၂ကောင် တင်လာသည့် သုံးဘီး ယာဉ်ကို သေနတ်ဖြင့် ပစ်ကာ အသက် ၂၅ နှစ်အရွယ် သုံးဘီးယာဉ်မောင်း ထက်မြက် (ခ) ညိုလုံး ဦးခေါင်း ထိမှန်ကာ သေဆုံးသွားကြောင်း ကျောက်မဲ ဇီဝိတ လူမှု ကူညီရေးအသင်းမှ ဦးတင်မောင်သိန်း က ပြောသည်။

“ မနေ့က ည ၉ နာရီ မိနစ် ၅၀ လောက် ပစ်ခံရတာ။ ယာဉ်မောင်းက နဖူးစောင်းနဲ့ နထင်စပ်မှာ ၂ ချက်ပစ်ခံ ရတယ်။ ဖြစ်တဲ့နေရာမှာပဲဆုံးသွားတယ်” ဟု ဦးတင်မောင်သိန်း က ဆိုသည်။

Photo from Hsipaw Update News/ ကျောက်မဲမြို့ စခန်းသာကျေးရွာအနီးတွင် နို၀င်ဘာလ ၅ ရက် ၂၀၁၈ ကပစ်ခတ်ခံရသည့် ကျွဲတင်ယာဉ်

ကျောက်မဲမြို့နယ် အတွင်း နွားတင်သည့် ကားများ မကြာခဏ သေနတ်ပစ်ခံရပြီး၊ မည်သည့်လက်နက်ကိုင် အဖွဲ့မှ ပစ်ခတ်သည်ကို စုံစမ်းဖော်ထုတ်မှု မရရှိခဲ့ပေ။

ယခုနှစ် ဇွန် ၁၂ ရက်နေ့ တွင် တရုတ်ပြည်ပို့မည့် နွားများတင်သည့်ကားတစီး ပစ်ခတ်ခံရပြီး ယာဉ်မောင်း တဦးနှင့် ယာဉ်နောက်လိုက် တဦး ဒဏ်ရာရခဲ့ကြောင်း၊ ဇွန် ၂၉ ရက်တွင်လည်း နွားတင်ကားထပ်မံ ပစ်ခတ်ခံရကာ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက် ဒဏ်ရာ ရခဲ့ကြသည်။

သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲမြို့နယ် နှင့် သီပေါမြို့နယ် အတွင်း အစိုးရ တပ်မတော်၊ ရဲတပ်ဖွဲ့ နှင့် အစိုးရ တပ်မတော် လက်အောက်ခံ ပြည်သူ့စစ် တပ်ဖွဲ့များ အပြင် သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ
(RCSS/SSA)၊ တအာင်း (ပလောင် ) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ သျှမ်းပြည် တိုးတက်ရေး ပါတီ (SSPP/SSA) တို့ လှုပ်ရှားနေသည့် နေရာ ဖြစ်ကြောင်းသိရသည်။

Leave a Comments

- Advertisement -spot_img

Latest article