နမ္မတူ ရောက် မိုင်းရင်စစ်ဘေးရှောင် ၉၀၀ ကျော်အနက် တချို့နေရပ်ပြန်

0

သျှမ်းပြည်နယ် မြောက်ပိုင်း နမ္မတူမြို့ ပေါ်သို့ စစ်ဘေးရှောင်ရောက်ရှိလာသည့် မိုင်းရင် ကျေးရွာ ဒေသခံများ ယနေ့ နေရပ်သို့ ပြန်ရန် စီစဉ်နေကြကြောင်းသိရသည်။

Photo by – Sai Ba Nyan/နမ္မတူ ရောက် မိုင်းရင်စစ်ဘေးရှောင် များ

သီတင်းကျွတ်လပြည့်နေ့ ( အောက်တိုဘာ ၂၄) ရက်နေ့တွင် သျှမ်းပြည်တပ်မတော် (RCSS/SSA ) နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားကာ နမ္မတူမြို့ ပေါ် သို့ စစ်ဘေးရှောင် ၉၀၀ ကျော်ရောက်ရှိ လာကြောင်း နမ္မတူမြို့ စစ်ဘေးရှောင် ကူညီကယ်ဆယ်ရေး ကော်မတီ ဥက္ကဌ လုံးဘဉာဏ် က သျှမ်းသံတော်ဆင့် ကို ပြောသည်။

စစ်ရှောင်လာသည့် ပြည်သူများသည် မိုင်းရင်ကျေးရွာ အနီးရှိ မန်တီး၊ ကောင်းကဲ၊ ကောင်းဆန်း၊ နမ့်တိုက်၊ နောင်ကွမ်၊ နားနတ်၊ ပန်လောက် ကျေးရွာ မှ ပြည်သူများဖြစ်ကြသည်။

“ ဒီမနက် တော့ ထော်လဂျီ ၃ စီး ပြန်သွားပြီ။ တချို့ ကတော့ ကျန်သေးတယ်။ မပြန်ရဲကြသေးဘူး။ တချို့ က သူတို့ကျေးရွာက လူကြီးပြောတာတွေကို နားထောင်နေကြတယ်။ ပြန်ဖို့ မပြန်ဖို့က။ တိုက်ပွဲသံတော့ မကြားရတော့ဘူး” ဟု လုံးဘဉာဏ် က ဆိုသည်။

မိုင်းရင်ကျေးရွာ မှ စစ်ရှောင်များကို နမ္မတူမြို့ပေါ် ရှိ ရွှေမြင်သာ ကျောင်း ၊ ကောင်းဟုန်းကျေးရွာ ဒေသခံများကို ပုပ္ပာရုံ ကျောင်းတွင် ထားရှိကြောင်း သိရသည်။

“ ဒီ ရက်ကတော့ သေနတ်သံမကြားရဘူး။ ငြိမ်နေတယ်။ ဒါပေမယ့် စိတ်ချရတဲ့အဆင့်တော့မဟုတ်သေးဘူး။ လယ်ယာ ပြန်လုပ်ဖို့ တချိုကတော့ ပြန်ကြတယ်။ အသက်ကြီးတဲ့သူတွေ၊ ကလေးတွေကတော့ မပြန်ရဲသေးဘူး” ဟု မိုင်းရင် ကျေးရွာဒေသခံ စိုင်းအိုက် က ပြောသည်။

နေရပ်ပြန်သွားသည့် ကျေးရွာ ဒေသခံ တချို့သည် လယ်ယာစိုက်ပျိုးရေး လုပ်ဆောင်ရန် ပြန်ကြသော်လည်း တိုက်ပွဲ များပြန်ဖြစ်ပွားမည်ကို စိုးရိမ်နေကြကြောင်း စိုင်းအိုက် က ပြောသည်။

ယခုနှစ် အတွင်း နမ္မတူမြို့နယ် အတွင်း တိုက်ပွဲများ မကြာခန ဖြစ်ပွားသည့်အတွက် ဒေသခံများမကြာခဏ ရွှေ့ပြောင်းစစ်ရှောင်နေကြသဖြင့် စိုက်ပျိုးရေး လုပ်ကိုင်ရန် အခက်အခဲများရင်ဆိုင်နေကြရသည်။

“ ဒီနှစ် ကျနော်တို့နယ်မြေမှာ တိုက်ပွဲတွေ ခဏခဏဖြစ်တော့ စိုက်ပျိုးရေး ကောင်းကောင်းမလုပ်နိုင်ဘူး။ နောက်နှစ် စားဝတ်နေရေး ခက်ခဲလာမယ်။ ကလေးတွေလည်းကျောင်းကောင်းကောင်းမွန်မွန်မတက်နိုင်ဘူး” ဟု စိုင်းအိုက်က ဆိုသည်။

Leave a Comments

LEAVE A REPLY

Please enter your comment!
Please enter your name here