မဲပုံးထက် အိမ်ပြန်လမ်းကိုသာ တမ်းတခြင်း

မြန်မာနိုင်ငံတဝှမ်း ဆောင်းအအေးဓာတ်က တနေ့တခြား ပြင်းထန်လာနေသော်လည်း နိုင်ငံရေး အပူချိန်မှာမူ လာမည့် ဒီဇင်ဘာလ ၂၈ ရက်တွင် ကျင်းပရန် စီစဉ်ထားသည့် ရွေးကောက်ပွဲကြောင့် မြှင့်တက်လျက် ရှိသည်။

သို့သော် ဤနိုင်ငံရေး လှုပ်ရှားမှုများနှင့် အလှမ်းဝေးကွာစွာ ရှင်သန်ရေးအတွက် နေ့စဉ် ရုန်းကန်နေရသူများ ရှိနေသည်။

၎င်းတို့မှာ “၁၀၂၇ စစ်ဆင်ရေး”အတွင်း သျှမ်းပြည်မြောက်ပိုင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့ရ ပြီးနောက် ရန်ကုန်နှင့် မန္တလေးကဲ့သို့သော ဒေသအသီးသီးတွင် ပြန့်ကျဲနေထိုင်နေရသည့် နေရပ်စွန့်ခွာပြည်သူ ထောင်ပေါင်းများစွာပင် ဖြစ်သည်။

“နေရပ်ပြန်ရမယ်၊ ငြိမ်းချမ်းမယ် ဆိုရင်တော့ ဘယ်သူနိုင်နိုင်ပါ။ အများကြီး မပြောလိုဘူး”ဟု စစ်ဘေးရှောင်တစ်ဦး ဖြစ်သည့် နန်းအေး က ဆိုသည်။

သိန္နီမြို့နယ်မှ ထွက်ပြေးလာပြီး တာချီလိတ်မြို့တွင် တစ်ဦးတည်း ရုန်းကန်နေရသူ နန်းအေး၏ စကားများသည် စစ်ဘေးရှောင်အများစု၏ ခံစားချက်ကို ကိုယ်စားပြုနေသည်။

“စားဝတ်နေရေးအတွက် လုံးပန်းနေရတော့ သတိမထားမိဘူး။ စိတ်လည်း မဝင်စားဘူး” ဟု ရွေးကောက်ပွဲ ရလဒ်ထက် နန်းအေး၏ တစ်ခုတည်းသော ဆန္ဒမှာ နေရပ်ပြန်နိုင်ရေးပင် ဖြစ်သည်။

တာချီလိတ်မြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် မွန်းလွဲ ၃ နာရီမှ ညသန်းခေါင် ၁၂ နာရီ၊ ၁ နာရီ အထိ စားဖိုမှူးအဖြစ် တာဝန်ယူ လုပ်ကိုင်နေရသူ နန်းအေး အနေဖြင့် နေ့စဉ် အလုပ်ပြီးမြောက်ရန်သာ အခရာ ကျနေသည်။

စစ်ရှောင် ရှမ်းခေါက်ဆွဲဆိုင် (ပုံဟောင်း)

ယူနီဆက် (UNICEF) ၏ ၂၀၂၅ ဇူလိုင်လထုတ် အချက်အလက်များအရ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာပြည်သူ ၃.၅ သန်းအထိ ရှိနေပြီး ထိုအထဲတွင် သျှမ်းပြည်မြောက်ပိုင်းမှ စစ်ဘေးရှောင်များသည် လက်နက်ကိုင်ပဋိပက္ခနှင့် လေကြောင်းတိုက်ခိုက်မှုဒဏ်ကို အပြင်းထန်ဆုံး ခံစားနေရသူများ ဖြစ်ကြသည်။

သျှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်ပေါင်း ၅၅ မြို့နယ်အနက် ၃၈ မြို့နယ်တွင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်မည်ဟု စစ်ကော်မရှင်က ကြေညာထားခြင်းသည် စစ်ဘေးရှောင်များအတွက် ကြီးမားသော မေးခွန်း ထုတ်စရာ ဖြစ်လာသည်။ ထိုဒေသမှ စစ်ဘေးရှောင်လာသူများ အနေဖြင့် မိမိတို့၏ ဇာတိမြေကို ကိုယ်စားပြုမည့်သူအား ရွေးချယ်ခွင့် လုံးဝ ဆုံးရှုံးသွားခြင်းပင် ဖြစ်သည်။

သျှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ်များအပါအဝင် ရွေးကောက်ပွဲ အပိုင်း (၁) နှင့် (၂) ဟူ၍ နှစ်သုတ်ခွဲ ကျင်းပမည့် မြို့နယ် ၂၀၂ မြို့နယ်ထဲမှ ရပ်ကွက်နှင့် ကျေးရွာအုပ်စုပေါင်း ၂၉၃၁ ခုတွင် ရွေးကောက်ပွဲ ကျင်းပနိုင်မည် မဟုတ်ကြောင်း ပြည်နယ်/တိုင်းနှင့် မြို့နယ်အလိုက် စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီဇင်ဘာလ ၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။

နန်းအေးနှင့်တကွ နိုင်ငံတစ်ဝန်းရှိ နေရပ်စွန့်ခွာပြည်သူ ၃.၅ သန်းအတွက်မူ မဲစာရင်းနှင့် ရွေးကောက်ပွဲစနစ် PR/ FPTP ဆိုင်ရာ နိုင်ငံရေး ငြင်းခုံသံများသည် အလှမ်းဝေးကွာပြီး မသက်ဆိုင်သလို ဆူညံသံ တစ်ခုမျှသာ ဖြစ်နေလေသည်။

“အဓိက နိုင်ငံကို ချစ်ပေမယ့် နိုင်ငံရေး နားမလည်တဲ့ အချိန်ကျ ထည့်မိတဲ့ မဲက မှားသွားမှာလည်း စိုးရိမ်တယ်။ ပြီးရင် ဘယ်သူ့ကို မဲပေးရမလဲ … ငါတို့ ပေးတဲ့ သူက ငါတို့ အိမ်ပြန်ရအောင် လုပ်ပေးမှာလား … နားမလည်ဘူး”ဟု အသည်းကြားက မဲတစ်ပြားအတွက် စိုးရိမ်မှုကို နန်းအေးက ပြောသည်။

ရွေးကောက်ပွဲ ကျင်းပခွင့်ရရှိသည့် သျှမ်းပြည်မြောက်ပိုင်းရှိ နောင်ချို၊ လားရှိုး၊ မူဆယ်၊ တန့်ယန်းနှင့် မိုင်းရယ် မြို့နယ်များတွင် ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ( SNDP ကျားဖြူပါတီ)၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ကိုးကန့်ဒီမိုကရေစီနှင့်ညီညွတ်ရေးပါတီ (KDUP)၊ ‘ဝ’ အမျိုးသားပါတီ (WNP) စသည့် နိုင်ငံရေးပါတီများ ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

စစ်ဘေးရှောင်များကြားတွင် ရွေးကောက်ပွဲနှင့်ပတ်သက်၍ စိတ်ရှုပ်ထွေးမှုများ၊ မသေချာ မရေရာမှုများနှင့် ကြောက်ရွံ့မှုများသာ လွှမ်းမိုးနေသည်။ အချိုးကျကိုယ်စားပြု (PR) စနစ် အသစ်ကြောင့် လားရှိုးမြို့သို့ စစ်ဘေးရှောင်အဖြစ် ရောက်ရှိနေပြီး မဲပေးရန် စိုးရိမ်နေသည့် မနန်းချယ်ရီ၏ စကားက ဤအခြေအနေကို သက်သေခံနေသည်။

“ပတ်ဝန်းကျင်မှာ မဲဆွယ်စည်းရုံသံ သဲ့သဲ့တော့ ကြားမိပေမယ့် အခုထိ မဲစာရင်း နာမည်ပါလား မပါလားလည်း မသိရဘူး။ အခု ရပ်ကွက်ထဲမှာတော့ မဖြစ်မနေ မဲလာပေးရမယ်ဆိုပြီး ပြောနေတယ်။ မပေးရင် တစ်ခုခု လုပ်မယ်ဆိုတဲ့ အကြောင်းလည်း ကြားနေရတော့ သွားပေးဖြစ်မယ်ထင်တယ်၊ ဘာလို့ဆို ကြောက်တယ်လေ”ဟု မနန်းချယ်ရီက ဆိုသည်။

ဤသို့ကြောက်ရွံ့မှုများသည် စစ်ကော်မရှင်က အသစ်ပြဋ္ဌာန်းလိုက်သော “ရွေးကောက်ပွဲနှောင့်ယှက်မှု ကာကွယ်ပေးရေးဥပဒေ”ကြောင့် ပိုမိုဆိုးရွားလာသည်။ အဆိုပါ ဥပဒေအရ ရွေးကောက်ပွဲကို နှောင့်ယှက်သည်ဟု ယူဆခံရသူတိုင်းအား ဖမ်းဆီးအရေးယူပြီး ပြင်းထန်သော ပြစ်ဒဏ်များ ချမှတ်နိုင်မည် ဖြစ်သည်။

လက်ရှိ ရန်ကုန်မြို့ပေါ် ရပ်ကွက်များတွင် စစ်ဘေးရှောင်များကို ရပ်ကွက်အုပ်ချုပ်ရေးရုံးမှ တဆင့် တစ်ဦးလျှင် ထောက်ပံ့ကြေး ၂ သောင်းကျပ် ပေးအပ်မည်ဟုဆိုကာ စစ်ဘေးရှောင်စာရင်းများကို လွန်ခဲ့သည့် ၂ လကျော်ခန့်ကပင် ကြိုတင်ကောက်ယူခဲ့ကြသည်။

အချို့သော မိသားစုဝင်များပြီး စီးပွားရေး မပြေလည်သူများက နာမည်စာရင်းပေးလိုက်ပြီး ထောက်ပံ့ကြေး ယူခဲ့ကြသော်လည်း ရွေးကောက်ပွဲအတွက် ကြိုတင်စာရင်းကောက်ယူမှန်း နောက်မှ သိကြသည်ဟု ဆိုကြသည်။

နေရပ်စွန့်ခွာပြည်သူများသည် ချို့ယွင်းချက်ရှိသော ရွေးချယ်မှု နှစ်ခုနှင့် ရင်ဆိုင်နေရသည်။ ပထမတစ်ခုမှာ ပုံစံ (၁၅) ခေါ် မဲစာရင်းပါရှိသည့် သက်ဆိုင်ရာ မြို့နယ်ပြင်ပရောက် မဲပေးခွင့်ရှိသူများ ဖြည့်သွင်းရန် ပုံစံကို အသုံးပြု၍ ကိုယ်စားလှယ်လောင်း တစ်ဦးအတွက် “ကြိုတင်မဲ” ပေးခြင်း ဖြစ်သည်။

ဒုတိယရွေးချယ်မှုမှာ ကြိုတင်မဲပေးရန် မလိုလားပါက ၎င်းတို့ ယာယီခိုလှုံရာ ဒေသရှိ မဲစာရင်းတွင် ပါဝင်ရန် ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၆၀ ထက် နောက်မကျစေဘဲ (အောက်တိုဘာ ၂၇ ရက် နောက်ဆုံးထား၍) လျှောက်ထားရမည် ဖြစ်သည်။

“ပြန်ချင်တယ်၊ ကိုယ့်အိမ်ကိုယ့်ယာက အကောင်းဆုံးပဲ။ အခုက ရွေးကောက်ပွဲ အခြေအနေကို ကြည့်ပြီးမှ ဆုံးဖြတ်ရမှာ။ တစ်ချို့ကလည်း ရွေးကောက်ပွဲ ပြီးလို့ သူတို့နိုင်ရင် စစ်မဖြစ်တော့ဘူးလို့လည်း ပြောကြတယ်။ တစ်ချို့ကလည်း သူတို့ ရှုံးရင် တိုက်ရင် တိုက်ဦးမှာ ဆိုပြီး ပြောကြတယ်”ဟု မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီမြို့တွင် ရောက်ရှိသော စစ်ဘေးရှောင် မအေးခမ်းက ပြောသည်။

ဆွေမျိုးများရှိရာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ထဲမှ မြန်မာ-တရုတ်နယ်စပ် ကန်ပိုက်တီမြို့တွင် တစ်နှစ်ကျော်ကြာ ရောက်ရှိနေသော မအေးခမ်းသည် စီးပွားရေး မပြေလည်မှု၊ နေထိုင်စားရိတ် ကြီးမြင့်မှုတို့ကြောင့် ရွေးကောက်ပွဲ အပြီးကို မျှော်လင့်နေလေသည်။

စစ်ကော်မရှင်သည် နေရပ်စွန့်ခွာပြည်သူများ ထိရောက်စွာ မဲပေးခွင့်မရဘဲ မဲပေးပိုင်ခွင့် ဆုံးရှုံးစေမည့် စနစ်တစ်ခုကို ဖန်တီးထားကြောင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများက ဆိုသည်။

စစ်ဘေးရှောင်များ၏ အနာဂတ်အတွက် အရေးမပါသည့် ကိုယ်စားလှယ်လောင်းများအား မဲပေးရမည်ဖြစ်ပြီး၊ မိမိတို့၏ ဇာတိမြေ ပြန်လည်ထူထောင်ရေးအတွက် အသံကို စွန့်လွှတ်လိုက်ရမည် ဖြစ်သည်။ ဤစည်းမျဉ်းများ၏ အဓိက အကျိုးဆက်မှာ နေရပ်စွန့်ခွာ ပြည်သူများ၏ မဲပေးပိုင်ခွင့်ကို ထိရောက်စွာ ပိတ်ပင်လိုက်ခြင်းနှင့် တူညီနေသည်။

International IDEA ၊ အာရှလွတ်လပ်သော ရွေးကောက်ပွဲများကွန်ရက် (ANFREL) ၊ Club de Madrid ကဲ့သို့သော နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးတို့နှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များ၊ ကရင်အမျိုးသား အစည်းအရုံး (KNU) အပါအဝင် အဓိက ပြည်တွင်းအင်အားစုတို့ကလည်း ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြေညာချက်များ ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် တင်းကြပ်သော ဥပဒေများ၊ နိုင်ငံရေးခေါင်းဆောင်များအား အကျဉ်းထောင်များထဲ ဖမ်းဆီးထိန်းသိမ်းထားမှုနှင့် ပြင်းထန်သော မီဒီယာထိန်းချုပ်မှုများ အောက်တွင် စစ်မှန်သော ရွေးကောက်ပွဲ ကျင်းပရန် မဖြစ်နိုင်ကြောင်း၊ ၎င်းလုပ်ငန်းစဉ်များသည် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှု မရှိကြောင်း ကောက်ချက်ချထားသည်။

ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူ နန်းဝင်းကြည်ကလည်း လုံခြုံရေးအတွက် စိုးရိမ်မှုကြောင့် နိုင်ငံရေး အကြောင်းအရာများကို ပြောဆိုရန်ပင် ဝန်လေးနေကြောင်း ပြောဆိုသည်။

“ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး ပြောဆိုတာတွေ မလုပ်ချင်ဘူး။ အခု အခြေအနေက အရာအားလုံး သတိထားနေရတယ်” ဟု ရန်ကုန်ရောက် စစ်ဘေးရှောင် နန်းဝင်းကြည် က ဖွင့်ပြောသည်။

စစ်ရှောင်များသည် အိမ်ရှိရာ နေရပ်ပြန်ခွင့် မရသေးပေမယ့် ၎င်းတို့၏ မဲလက်မှတ်များကို သူစိမ်းနယ်မြေများမှာ အသုံးချရန် စစ်ကော်မရှင်က ပြင်ဆင်ထားခြင်းလည်း ဖြစ်သည်။ မိမိဒေသ အတွက် လုပ်ဆောင်မည်ဟု ယူဆရသည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်ခွင့် ဆုံးရှုံးသွားရပြီး သူစိမ်းနယ်မြေမှ မဲပုံးများကို ဖြည့်တင်းပေးရမည့် အဖြည့်ခံ ဧည့်သည်များသာ ဖြစ်လေသည်။

စစ်အုပ်စုက အတုအယောင် ရွေးကောက်ပွဲအတွက် မဲပုံးများ ပြင်ဆင်နေချိန်တွင် ၎င်းတို့၏ လေတပ်ကမူ ၎င်းတို့ ကိုယ်စားပြုသည်ဟု ဆိုသော ပြည်သူများကိုယ်တိုင်ထံသို့ ဗုံးသီးများ ပို့ဆောင်နေသည်။

မကြာသေးမီက ဖြစ်ပွားခဲ့သော ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုက မီးမောင်းထိုးပြနေသည်။ ရွေးကောက်ပွဲ ကျင်းပရန် ရက်ပိုင်းအလို ရခိုင်ပြည်နယ် မြောက်ဦးမြို့၊ မန္တလေးတိုင်း သပိတ်ကျင်းနှင့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်အစပ်တွင် ထွက်ပြေးတိမ်းရှောင်နေသော နေရပ်စွန့်ခွာ ပြည်သူများကို စစ်အုပ်စုက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား ဒါဇင် ပေါင်းများစွာ သေဆုံးခဲ့သည်။

“ထည့်ထည့် မထည့်ထည့် ဘာထူးလဲ … ဒီတိုင်းပဲမလား … စစ်မဖြစ်တော့ဘူးလား …” ဟု မန္တလေးမြို့သို့ စစ်ဘေးရှောင်အဖြစ် ရောက်ရှိနေသည့် ပီနန်းထွမ်းက ဆိုသည်။

ဒီဇင်ဘာလ၏ အေးစက်သော နှင်းစက်များအောက်တွင် တုန်ယင်နေသော နေရပ်စွန့်ခွာ ပြည်သူများအတွက်မူ လက်ထဲမှ မဲလက်မှတ်သည် “ရွေးချယ်ခွင့်၏ သင်္ကေတ” မဟုတ်ဘဲ စစ်အုပ်စု၏ နိုင်ငံရေးလုပ်ကြံဇာတ်နှင့် စစ်ရှောင်သူတို့ အသက်လု၍ ရှာဖွေနေရသော အိမ်ပြန်လမ်းကြားရှိ ကြီးမားသော ကွာဟမှုကို ပြသနေသည့် ပြယုဂ်တစ်ခုသာ ဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...
Hsipaw Bridge Closed

သီပေါတံတား ပိတ်ထားမှုနောက်ကွယ်မှ အဂတိလိုက်စားမှုများကို ဖွင့်ချမည်ဟု လွှတ်တော်ကိုယ်စားလှယ် သတိပေး

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသော သီပေါတံတားအား ဆက်လက်ပိတ်ထားခြင်းကြောင့် ဒေသခံပြည်သူများ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ အကျပ်အတည်းများ ရင်ဆိုင်နေရကြောင်း သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းကောင်းသက်စံက ပြောကြားလိုက်သည်။ အဆိုပါ ဖြစ်စဉ်နောက်ကွယ်မှ မမျှတသော အကျိုးအမြတ်ရယူမှုများကို လွှတ်တော်တွင် အထောက်အထားဖြင့် ဖွင့်ချသွားမည်ဟု ၎င်းက ဆိုသည်။ “တံတားရှိလျက်နဲ့ ပြည်သူတွေ...

သိန္နီမြို့ MNDAA တပ်ဆုတ်မည်ဟု သတင်းထွက်၊ အုပ်ချုပ်ရေးကို ပြည်သူထံ လွှဲအပ်မည်ဟုဆို

0
သျှမ်းပြည် သိန္နီမြို့နယ်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဘက်မှ တပ်ဆုတ်ခွာမည်ဟု သတင်းထွက်ပေါ်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ (၁၀) ရက် နံနက် (၁၁) နာရီခန့်တွင် သိန္နီမြို့ပေါ်နှင့် ပန်လော့ကျေးရွာဘက် တပ်စွဲထားသည့် MNDAA ကိုးကန့်တပ်သားများသည် သိန္နီ-လောက်ကိုင် လမ်းမကြီးပေါ်ရှိ စယ်အူကျေးရွာအုပ်စုဘက်သို့ အင်အားအလုံးအရင်းဖြင့် စစ်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းကြောင့်...

MNDAA မှတ်ပုံတင် ၆သောင်းကျော်ထုတ်ပေးပြီး တပ်သားစုဆောင်းနေ

0
သျှမ်းပြည်မြောက်ပိုင်းရှိ ကိုးကန့်တပ်ဖွဲ့ (MNDAA) သည် ၎င်းတို့၏ အုပ်ချုပ်ရေးနယ်မြေအတွင်း ကျေးရွာများအထိ ကွင်းဆင်း၍ မှတ်ပုံတင်ပြုလုပ်ပေးသည့် လုပ်ငန်းများကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း MNDAA သတင်းများကို ဖော်ပြနေသော The Kokang က ထုတ်ပြန်သည်။ ကိုးကန့်ခရိုင် အုပ်ချုပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် လများအတွင်း ဒေသခံပြည်သူ...