Thursday, April 25, 2024

သျှမ်းပြည် ဘာစီလိုနာ၊ ရိုမီရို ဂျူးလီးယက် ၊ ရွာတရွာထုတ်ကုန်တခု (ဆောင်းပါးရှင် – စိုင်းထွန်းအောင်လွင်)

Must read

( က) ပါလီမန်ခေတ်အထိ နိုင်ငံခြားသားတွေ လာရောက်နိုင်ပေမယ့်

‘ ဦးနုလက်ထက်အထိ ဒီကို နိုင်ငံခြားသား မကြာခဏ လာရောက်လေ့လာကြတယ်။ အဆီးအတားမရှိဘူး။ သမိုင်းဝင်နေရာတွေ လက်မှုပညာတွေ လာရောက်လေ့လာရင်း လာကြတာပေါ့ ‘ လို့ ရှင်းပြသူက မြို့ရဲ့ အထင်ကရ သမိုင်းဝင်နေရာဖြစ်တဲ့ မွေတော်စေတီရဲ့ ဘုန်းကြီးကျောင်း ပဓာန နာယက ဆရာတော် ဘဒ္ဒန္တရေဝတပါ။

Photo by STAL/ မိုင်းကိုင်မွေတော်စေတီတော်

ပါလီမန်ခေတ်နောက်ပိုင်း ဦးနေဝင်းအာဏာသိမ်းချိန်ကစလို့ ဒီနေ့ခေတ်ကာလအထိ သမိုင်းဝင် ရှေးဟောင်းအဆောက်အအုံတွေ ဒဏ္ဍာရီပုံပြင်တွေနဲ့ လက်မှုပညာတွေ အခြေပြုရာ ဒီမြို့ကလေးကို နိုင်ငံခြားသားခရီးသည်တွေ လာရောက်ခွင့်မရှိတော့တာ အခု ၂၀၁၈ ခုနစ်အထိပဲ ဖြစ်ပါတယ်။

အသက်အရွယ်ကြီးရင့်နေပြီဖြစ်ပေမယ့် ဆရာတော်ဟာ ရှေးဟောင်းနှောင်းဖြစ်တွေကို သေသေချာချာ ရှင်းပြနိုင်သေးတာလည်း သတိထားမိပါတယ်။

‘အင်္ဂလိပ်ကမြို့နာမည် အသံထွက်တာမှန်တယ်။ မုန်းကိန်ဆိုပြီး အသံထွက်တာ ၊ ကိန်ဆိုတာ သျှမ်းပြည်ရဲ့ အလယ်ခေါင်မှာ ရှိလို့ ခေါ်တာလေ။ မြို့နာမည်ဖျက်တာ ဗမာကဖျက်တာ။ ဒါကြောင့် မိုင်းကိုင်ဆိုပြီး ဖြစ်လာတာ ‘။ လို့ ဆရာတော်က ရှင်းပြပါတယ်။

ဆရာတော်ကျောင်းထိုင်တဲ့ ဘုန်းတော်ကြီးကျောင်းဟာ ရွှေမြင်ထင်လို့ ခေါ်တဲ့ ရှေးဟောင်းသမိုင်းဝင် မွေတော် ဘုရားကြီးဝင်းအတွင်းမှာပဲ တည်ရှိသလို သျှမ်းပုံစံနဲ့ ရှေးဟောင်းစေတီအမြောက်မြားရှိတဲ့ မွေတော်ဘုရား ကိုတော့ အာသောက မင်းလက်ထက်ကတည်းက တည်ခဲ့တာလို့ ဆိုကြပါတယ်။

လက်ရှိမြင်တွေ့ရတဲ့ စေတီတွေကတော့ စော်ဘွားအဆက်ဆက်က တည်ထားခဲ့တဲ့လက်ရာတွေ ပြန်လည် မွမ်းမံ ထားမှုတွေနဲ့ ရောပြွန်းနေတာဖြစ်ပါတယ်။ စေတီအနီး ကားလမ်းဘေးမှားပဲ မြို့ရိုးဟောင်းရဲ့ အုတ်ရိုးတန်းတွေ ကလည်း ရှိနေသေးတဲ့အတွက် တခေတ်တခါက သျှမ်းပြည်ရဲ့ လက်မှုလုပ်ငန်းအထွန်းကားဆုံးမြို့ရဲ့ အခြေအနေကို မှန်းဆမိစေပါတယ်။

( ၂) သတ္တုတူးတာထက် ခရီးသွားလုပ်ငန်း အခြေပြုရင်

မိုင်းကိုင်ဒေသဟာ သျှမ်းပြည်အတွင်းမှာ သစ်တောအထူထပ်ဆုံးဒေသလည်း ဖြစ်ပါတယ်။ ထင်းရှူးတောတွေလည်း ရှိသလို မြို့နယ် အနောက်ခြမ်းက အနိမ့်ပိုင်းဒေသတွေမှာ အခြားသစ်မာတွေ ပေါက်ရောက်တဲ့ သစ်တောတွေလည်း ရှိနေတာပါ။


ဒီဘက်နှစ်တွေအတွင်း မိုင်းကိုင်အကြောင်း သတင်းမီဒီယာတွေမှာ အမြင်ရတွေ့ရဆုံး ကိစ္စကတော့ ဒေသခံတွေ ဆန့်ကျင်မှုရှိနေတဲ့ အငြင်းပွား ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်း ကိစ္စပဲဖြစ်ပါတယ်။ မြို့နဲ့၄ မိုင်လောက် အကွာ ထင်းရှူးတောတွေအကြားမှာရှိတဲ့ ကျောက်မီးသွေးတူးဖော်ရေးစီမံကိန်းကတော့ ဒေသခံတွေ ကန့်ကွက်မှုတွေကြောင့် ၂၀၁၇ ခုနစ်ကတည်းက ယာယီရပ်ထားတဲ့ စီမံကိန်းလည်းဖြစ်ပါတယ်။ စီမံကိန်း နယ်မြေနား ရောက်သွားချိန်မှာတော့ ထင်းရှူးတောတွေအကြား တူးဖော်ထားတဲ့ နေရာဟာ ကျင်းချိုင့်ဖြစ်နေပြီး မိုးရွာထားလို့ ရေတွေနဲ့ ပြည့်နေကာ ရေတွေဟာ ခနော်နီ ခနော်နဲ့ ရေစစ်ကန်ကတဆင့် တောင်အောက်ဘက် အောက်ဘက် ကိုက် ၂၀၀၀ လောက် အကွာက လယ်ခင်းတွေထဲ ဖြတ်ဆင်းသွားတာတွေ့ရပါတယ်။

လူတွေ ကျန်းမာရေးထိခိုက်နိုင် မနိုင် ၊သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်မှုရှိမရှိ နဲ့ ရေဝေရေလဲ ထိခိုက်နိုင်မနိုင်စတဲ့အချက်တွေကို အစိုးရနဲ့ လွှတ်တော်က စိစစ်စစ်ဆေးနေဆဲဖြစ်နေတဲ့ အခြေအနေပါ။

Photo by STAL/ မိုင်းကိုင်ကျောက်မီးသွေးတူးဖော်ရေး လုပ်ငန်း

စာရေးသူတို့နဲ့အတူ ကျောက်မီးသွေးတွင်းလေ့လာမှုမှာ ပါ၀င်လာခဲ့တဲ့ မိုင်းကိုင်မြို့နယ်က သစ်တော အရာရှိတဦးကတော့ ‘ လုံးဝ ပတ်ဝန်းကျင် မထိခိုက်ချင်ရင်တော့ ဒီလို စိမ့်စမ်းတွေ တောတောင်တွေရှိတဲ့ နေရာမှာ ဘန်ဂလိုလေးတွေဆောက် မြင်းစီးစခန်းတွေလုပ်ပြီး ခရီးသွားလုပ်ငန်း လုပ်တာ အကောင်းဆုံးပဲ။ ရာသီဥတု တောတောင်အနေထားက အစ အံကိုက်ပါပဲ။ ‘ လို့ ပြောပါတယ်။

( ၃) သမိုင်းနဲ့ချီ တည်ရှိလာခဲ့တဲ့ ရွာတရွာ ထုတ်ကုန်တခု

မိုင်းကိုင်ကို ခရီးသွားလုပ်ငန်းအနေနဲ့ မြှင့်တင်မယ်ဆိုရင် ဖြစ်နိုင်ခြေအချက်တွေထဲမှာ အဓိက ကျတဲ့ လုပ်ငန်း တွေကတော့ ရှေးစော်ဘွား ပဒေသရာဇ်ခေတ်တွေကတည်းက ရှိလာခဲ့တဲ့ ရိုးရာ လက်မှု လုပ်ငန်းတွေက ဒီနေ့ခေတ်အထိ ရှိနေတဲ့ အချက်ပဲဖြစ်ပါတယ်။

Photo by STAL/ မိုင်းကိုင်မြို့အလှ

ရှေးမြန်မာ ဘုရင်ခေတ်တွေကတည်းက ထုတ်လုပ်မှုတွေ ရှိခဲ့ပြီး ပါလီမန်ခေတ် ကျောင်းသင်ခန်းစာတွေမှာ အခန်းတခန်းအနေနဲ့ ပါ၀င်ခဲ့တဲ့ မိုင်းကိုင် စက္ကူလုပ်ငန်းကတော့ မိုင်းကိုင်ရဲ့ ထင်ရှားတဲ့ ထုတ်ကုန်တခုလို့ ဆိုရမှာပါ။ မြန်မာပြည်မှာ စက္ကူရှားပါးတဲ့ ဒုတိယ ကမ္ဘာစစ်အပြီးကာလတုန်းက မိုင်းကိုင် စက္ကူတွေကို အသုံး ပြုပြီး စာအုပ်တွေကို ထုတ်ဝေခဲ့ရဖူးပါတယ်။

‘ အခု စက္ကူထုတ်တဲ့ ကုန်ကြမ်းတွေက ရှားလာတယ်။ နောက်ပြီး မီးပုံးပျံကလည်း နောက်ပိုင်း သျှမ်းစက္ကူ ( မိုင်းကိုင် စက္ကူ) နဲ့ မလုပ်တော့ စက္ကူလုပ်ငန်းက နည်းနည်းပါးပါးပဲ ရှိတော့တယ်။ ‘ လို့ မိုင်းကိုင်မြို့လယ်မှာ ဆိုင်ဖွင့်ထားပြီး မြို့ကထွက်တဲ့ ထုတ်ကုန်ပစ္စည်းတွေကို အဓိကရောင်းချနေတဲ့ စိုင်းမောင်က ပြောပါတယ်။

သျှမ်းတွေအနေနဲ့ စက္ကူကို ဘယ်ခေတ်ကတည်းက စလုပ်တတ်ခဲ့သလဲဆိုတာ သမိုင်းမှတ်တမ်းအတိအကျ မသိရပေမယ့် တရုတ်ပြည်အနောက်ပိုင်းကနေ သံလွင် ၊ မဲခေါင်မြစ်ဝှမ်းတွေအတိုင်း အောက်ဘက်ကို ဆင်းလာခဲ့တဲ့ သျှမ်း မျိုးနွယ်စုတွေဟာ စက္ကူကနဦးတီထွင်ခဲ့တဲ့ တရုတ်တွေဆီကနေ အစောပိုင်း ခေတ်တွေကလည်း စက္ကူလုပ်တဲ့ နည်းပညာကို ရရှိခဲ့ဟန် တူတယ်လို့ ကောက်ချက်ချမှုတွေလည်း ရှိနေတာပါ။

မိုင်းကိုင်ကထွက်တဲ့ စဉ့်နဲ့လုပ်တဲ့ သျှမ်းရေတကောင်း ၊ အင်တုံတွေ ရေခွက်တွေနဲ့ ဆီမီးခွက် ပန်းအိုးတွေကလည်း လူကြိုက်များတဲ့ ထုတ်ကုန်တွေထဲမှာ ပါ၀င်ပါတယ်။ ရှေးခေတ်ကတည်းက စစ်သည်တော်တွေ ရဲမက်တွေအတွက် ဓားအပါအဝင် အိမ်သုံးဓါးထုတ်လုပ်တဲ့ လုပ်ငန်းတွေက ဟမ်းငိုင်း ကျေးရွာမှာရှိသလို ၊ မြို့မြောက်ဘက် ၄ မိုင်အကွာက ဟိုနားကျေးရွာကမှာတော့ စဉ့်ထည်တွေ ပုဂံ ခွက်ယောက်နဲ့ ဆီမီးခွက်တွေ လုပ်တဲဲ့ လုပ်ငန်းတွေက ဘုရင်တွေ ၊ စော်ဘွားတွေ လက်ထက်ကတည်းက တည်ရှိလာခဲ့တာပါ။

မြေနဲ့လုပ်တဲ့ ရေတကောင်းတွေကတော့ ကုန်းကမ်ကျေးရွာလုပ်ကြသလို သျှမ်းခမောက်လုပ်ငန်း ခိုဗုံမှုံရွာနဲ့ အထည်တွေ ရက်လုပ်တဲ့ရွာ မီးရှူးမီးပန်း လုပ်တဲ့ရွာ ၊ ပုတီးလုပ်တဲ့ရွာ ၊ စိုက်ပျိုးရေးလုပ်တဲ့ရွာ စသဖြင့် တရွာကို ထုတ်ကုန်တမျိုးနဲဲ့ စော်ဘွားတွေခေတ်ကတည်းက တည်ရှိရပ်တည်လာခဲ့ကြတာ ဖြစ်ပါတယ်။

မီးရှူးမီးပန်းကလည်း ဘုရင်ခေတ်တွေကတည်းက သျှမ်းတွေ လုပ်တတ်လာခဲ့တဲ့ လုပ်ငန်းဖြစ်ပြီး ဘုရင့်နောင် ယိုးဒယားကို သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲမှာလည်း မိုင်းကိုင်မီးရှူးဟာ အရေးပါခဲ့တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
ယိုးဒယားမြို့တော်ကို ၀ိုင်းထားတုန်း ယိုးဒယားကလည်း ခုခံတော့တော်တော်နဲ့ တိုးမပေါက်ဖြစ်နေတာ၊ မိုင်းကိုင်က ပါသွားတဲ့ တပ်တွေက မီးရှူးတွေနဲ့ မြို့ထဲက စားရေရိက္ခာ သိုလှောင်ထားတဲ့ နေရာတွေကို ပစ်ပြီး ဖောက်ခွဲတာတွေလုပ်မှ ယိုးဒယားက တောင့်မခံနိုင်တော့ပဲ မြို့ကိုရတာ လို့ ဆရာတော် ဦးရေဝတက ရှင်းပြပါတယ်။

ဘုရင့်နောင်ယိုးဒယားကို အောင်နိုင်တဲ့ စစ်ပွဲမှာ မိုင်းကိုင်က စော်ဘွားတပ်တွေ ပါ၀င်ခဲ့တဲ့ အထိမ်းအမှတ်အနေနဲ့ မြို့ရဲ့ အရှေ့ဘက် နမ့်တိန်း ချောင်း နံဘေးမှာ ကျိန်းယင်းဆိုတဲ့ စေတီတော်ကို တည်ထားခဲ့ကြတာဖြစ်တယ်လို့မြို့ခံတွေက ပြောပါတယ်။

(၄) ဒဏ္ဍာရီဆန်တဲ့ သျှမ်းပြည် ရိုမီယို ၊ ဂျူးလီးယက်နဲ့ သမိုင်းအမွေအနှစ် အဆောက်အအုံတွေ

ရိုမီယို ၊ ဂျူးလီးယက် ဇာတ်လမ်းလိုပဲ ခွန်ဆမ်လော နန်းဦးပိမ် (နန်းဦးပျဉ်) ဇာတ်လမ်းကလည်း မိုင်းကိုင်ကို အခြေပြုခဲ့တာပဲဖြစ်ပါတယ်။

Photo By STAL/ ခွန်ဆမ်လောနဲ့နန်းဦးပိမ် အုဋ်ဂူတည်ရှိရာနေရာ

ခွန်ဆမ်လော နန်းဦးပိမ် ပုံပြင်ထဲမှာ နန်းဦးပိမ် တီးတိုးစကားဆိုခဲ့တဲ့ နမ့်တိန်းချောင်း ( နမ့်တိန်းချောင်းဟာ နန်းဦးပိမ်ဇာတိ မိုင်းကိုင်ကနေမြစ်ဖျားခံစီးဆင်းပြီး ခွန်ဆမ်လော ဇာတိ ကျိုင်းတောင်းကို ဖြတ်သန်းစီးဆင်းတဲ့ချောင်းဖြစ် ) ချစ်သူနှစ်ဦးရဲ့ အလောင်းတွေမြုပ်ထားရာနေရာလို့ ဒေသခံတွေ ယုံကြည်ကြတဲဲ့ သချိုင်းမြေ ၊ နန်းဦးပိမ် အသုံးအဆောင်တွေ ထည့်သွင်းဌာပနာထားတယ်လို့ ဆိုကြတဲ့ ရှေးဟောင်းစေတီ တဆူနဲ့ သူတို့နှစ်ဦးအတွက် အမှတ်တရ ပြတိုက်တွေလည်း မိုင်းကိုင်မြို့ပတ်ဝန်းကျင်မှာ ရှိနေပါတယ်။

မြို့ရဲ့ အထင်ကရ မွေတော်စေတီကတော့ သျှမ်းပြည်က တပေါင်းပွဲတော်တွေအနက် ပင်းတယ ၊ သီပေါဘော်ကြိုဘုရားပွဲတို့ထက်တောင် ရှေးခေတ်ကတည်းက အစဉ်အလာကြီးမားစွာ စည်ကားခဲ့တဲ့ ပွဲတော်လည်း ဖြစ်ပါတယ်။
ကုန်းဘောင်ခေတ်စာဆို စဝ်နော်ခမ်းရဲ့ အုတ်ဂူကလည်း မြို့လယ်ခေါင်မှာ ရှိနေသလို တာရိုးသဖွယ်မြင်နေရတဲ့ မြို့ရိုးဟောင်းတွေနဲ့ လည်တံရှည် သျှမ်းစေတီပုထိုးတွေ စိမ်းလန်းစိုပြေတဲ့ သီးပင် စားပင် စိုက်ခင်းတွေနဲ့ အတူ မိုင်းကိုင်တခွင်ဟာ ဒဏ္ဍာရီအလား သမိုင်းပုံရိပ်တွေကို ပြန်လည်ဆွတ်ပျံ့ဖွယ်ဖြစ်နေပါတယ်။

(၅) သျှမ်းပြည်ဘာစီလိုနာ

ဘာစီလိုနာလို့ ပြောလိုက်ရင် စပိန်က ကာတလန်ဒေသမြို့တော် ကို ပြေးမြင်မိမှာပါ။

မိုင်းကိုင်က ဘာစီလိုနာလို သျှမ်းပြည်မြို့တော် မဟုတ်ပေမယ့် မျိုးနွယ်စု တိုင်းရင်းသားအခြေပြု အမျိုးသားရေးဝါဒထွန်းကားရာ ဘူမိနက်သန် နေရာမှန် ဖြစ်မှုမှာကတော့ တူညီတဲ့ သမိုင်းကြောင်း အချို့ရှိနေတာပါ။ စပိန်ပြည်တွင်းစစ်ရဲ့ ခါးသီးတဲ့ အတွေ့အကြုံကို ဘာစီလိုနာနဲ့ ကာတလန်သားတွေ ခံခဲ့ရသလို မိုင်းကိုင်ဟာလည်း ဒီနေ့ခေတ်အထိ သေနတ်သံကြားနေရဆဲ ဒေသဖြစ်ပါတယ်။ စပိန် လူမျိုးကြီးဝါဒ ၊ ဗမာလူမျိုးကြီးဝါဒ ၊ စပိန်အာဏာရှင်ဖရန်ကို ၊ မြန်မာတပါတီ အာဏာရှင် ဦးနေဝင်း ၊စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးသန်းရွှေစသူတို့လက်ထက်မှာ အာဏာရှင်စနစ်ဆိုးရဲ့ ဒဏ်ကို ခံခဲ့ကြရတာလည်း တူညီမှုရှိနေပါတယ်။ ခွဲထွက်ရေး ဒါမှမဟုတ် သီးခြား လွတ်လပ်ရေး စတင်အခြေပြုတောင်းဆိုရာ ဒေသအဖြစ်လည်း မြို့နှစ်မြို့ဟာ တူညီနေပါတယ်။

၁၉၄၆ ခုနစ် ပထမ ပင်လုံ အစည်းအဝေး မကျင်းပခင်က မိုင်းကိုင်ကွန်ဖရင့်ဆိုတာကို ကျင်းပခဲ့သလို အဲဒီ ကွန်ဖရင့်ရဲ့ ဆုံးဖြတ်ချက်မှာ ဗမာပြည်မနဲ့ မပေါင်းပဲ သီးခြား လွတ်လပ်ရေးယူဖို့ ဆိုတဲ့ အချက်ပါ၀င်တာပါ။ ဒုတိယ ကမ္ဘာစစ်အပြီး ဒီဆုံးဖြတ်ချက်ဟာ ပထမဆုံးအကြိမ်အဖြစ် တိုင်းရင်းသားတွေ သီးသန့် နေလိုတဲ့ အကြောင်းနဲ့ ပြည်မနဲ့ မပေါင်းဘဲ နေဖို့ သဘောတူခဲ့တဲ့ ဆုံးဖြတ်ချက်လည်း ဖြစ်ပါတယ်။ စော်ဘွားတွေရည်ရွယ်ခဲ့တဲ့အတိုင်း အုပ်ချုပ်ရေး လွယ်ကူအောင်လို့ သျှမ်းပြည်အလယ်ဗဟိုမှာ ရှိနေတဲ့ မိုင်းကိုင်ကို သျှမ်းပြည်မြို့တော်အဖြစ် သတ်မှတ်ခဲ့လိုတဲ့ အစီအစဉ်ဖြစ်မြောက်ခဲ့ရင်လည်း မိုင်းကိုင်ဟာ ဘာစီလိုနာလိုပဲ ပြည်နယ်မြို့တော် ဖြစ်နေဦးမှာပါ။ ( ပါလီမန်ခေတ်နှောင်းပိုင်း ၁၉၆၀ ၀န်းကျင်မှာ သတ်မှတ်ဖို့ ရည်ရွယ်ထားပေမယ့် အဲဒီ အချိန် သျှမ်းအလယ်ပိုင်းမြောက်ပိုင်းဒေသတွေမှာ အမျိုးသားရေးအခြေခံ လက်နက်ကိုင် လှုပ်ရှားမှုတွေလည်း ပေါ်နေခဲ့ပြီဖြစ်လို့ အုပ်ချုပ်ရေးမြို့နဲ့ တော်လှန်ရေးသမားတွေ တအားနီးစပ်ပြီး စစ်တပ်နဲ့ ဦးနုအစိုးရက ပိုစိုးရိမ်မှုဖြစ်မှာစိုးလို့ မလုပ်ခဲ့ )
ဒါပေမယ့် မတူညီတဲ့အချက်ကတော့ ဘာစီလိုနာမှာကတော့ ခွဲထွက်ရေးလူထုဆန္ဒခံယူပွဲကို ၂၀၁၇ ခုနစ်က ကျင်းပနိုင်ခဲ့သလို အခုထိလည်း ကာတလိုးနီးယား လွတ်လပ်ရေးအတွက် ချီတက်ဆန္ဒဖော်ထုတ်မှုတွေ လုပ်နေပေမယ့် မိုင်းကိုင်အပါအဝင် ၄၇ အခြေခံ ဥပဒေအရ ခွဲထွက်ခွင့်ရဖူးတဲ့ သျှမ်းပြည်မှာ လူထုဆန္ဒခံယူပွဲ တကြိမ်မှ မလုပ်ဖူးခဲ့ခြင်းပဲဖြစ်ပါတယ်။

ကာတလိုးနီးယား နဲ့ သျှမ်းအခြေပြု အမျိုးသားရေး အစဉ်အလာအားကောင်းတာကတော့ မြို့ ၂ မြို့က တူညီတဲ့ အချက်လို့ ဆိုနိုင်ပါတယ်။ ဒီလို အမျိုးသားရေးအားကောင်းလို့ပဲ ဒီလိုခေတ်တွေအထိ မိုင်းကိုင်ကို ကန့်သတ်နယ်မြေအဖြစ် သတ်မှတ်ထားသလားဆိုတာလည်း မသိရပါ။

Photo by STAL/ဗိုလ်ချုပ်အောင်ဆန်း အမည်နာမနဲ့ လမ်း

သို့ပေမယ့် သျှမ်းလက်ရာဘုရားစေတီတွေကို မြန်မာပုံစံ ဘုရားစေတီအဖြစ် ပြောင်းလဲပြင်ဆင်မှုတွေ ၊ တခါမှ မိုင်းကိုင် မရောက်ဖူးခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း အမည်နာမနဲ့ လမ်းမကြီးကတော့ မိုင်းကိုင်မြို့မှာ ရှိနေခဲ့ပြီဖြစ်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article