တရုတ်နယ်စပ် မူစယ်ကနေ ရွှေလီမြစ်တဖက်ကမ်းကိုအလုပ်သွားလုပ်တဲ့ ကွတ်ခိုင်ဒေသခံလူငယ် ၄ ဦးပျောက်ဆုံးနေ

0

သျှမ်းပြည်မြောက်ပိုင်း တရုတ်နယ်စပ် မူစယ်မြို့ကနေ တရုတ်ဘက်ခြမ်းကိုသွားရောက်အလုပ်လုပ်ကိုင်တဲ့ ကွတ်ခိုင်ဒေသခံ လူငယ် ၄ ဦး ပျောက်ဆုံးနေတာ တလနီးပါးရှိပြီဖြစ်ပေမယ့် ပြန်မတွေ့သေး လို့ဆွေမျိုးမိဘတွေကနေ စိုးရိမ်ပူပန်နေကြပါတယ်။

Photo By SHAN/ လားရှိုးမြို့တွင် သတင်းစာရှင်းလင်းပွဲလုပ်နေသော ပျောက်ဆုံးနေတဲ့လူငယ် ၄ ဦးအနက် ၁ ဦးဖြစ်သူရဲ့အကို စိုင်းကျန်လှ

ကွတ်ခိုင်ဒေသခံ လူငယ် ၄ ဦးဟာ မူစယ်မြို့နယ် ရွှေလီမြစ် ဟိုနောင်-နမ့်ပန်း ကူးတို့ဆိပ် ကနေ ကူးပြီး တရုတ်ဘက်ခြမ်း ကိုသွားရောက်အလုပ်လုပ်ကိုင်ကြတဲ့လူငယ်တွေဖြစ်ကြပါတယ်။

“ သူတို့ ၄ ယောက်က ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့ကတည်းကပျောက်နေတာ။ အလုပ်သွား လုပ်ပြီး အိမ်ပြန်မရောက်လို့ ဆွေမျိုးမိဘတွေကနေ ဟိုနောင်-နမ့်ပန်း ကူးတို့ဆိပ်မှာသွားမေးကြတယ်။ အဲ့မှာ စောင့်နေ တဲ့လူတွေကလည်း သိပ်မဖြေချင်သလိုနဲ့မဖြေရဲသလိုနဲ့ နောက်ဆုံးသိရတာက သူတို့ ၄ ယောက်ထဲက တယောက်ကို လက်နက်ကိုင်အဖွဲ့တဖွဲ့ကဖမ်းသွားတယ်။ ကျန် ၃ ယောက်ကထွက်ပြေးတယ်။ ထွက်ပြေး လို့မလွှတ်တော့ အဖမ်းခံရတာ – လို့ပြောတယ်။ ဒီနေ့ထိသတင်းလဲမကြားရ ။ အိမ်ကိုလည်းပြန်မရောက် ဖြစ်နေတယ် ”- လို့အဖမ်းခံရတဲ့လူငယ် ၄ ယောက်အနက် လူငယ်တယောက်ရဲ့အကိုဖြစ်သူ စိုင်းကျန်လှ က သျှမ်းသံတော်ဆင့်ကိုပြောပါတယ်။

အဖမ်းခံရဲ့လူငယ် ၄ ယောက်ကတော့ ကွတ်ခိုင်ဒေသခံ စိုင်းအိုက်ယွန်း အသက် ၂၃ နှစ်၊ စိုင်းအိုက်ထွန်း အသက် ၂၂ နှစ်၊ စိုင်းအိုက်ယီ့ အသက် ၁၉ နှစ်နဲ့ စိုင်းမန်းလူ အသက် ၂၀ နှစ်တို့ဖြစ်ကြပါတယ်။ သူတို့တွေဟာ မိမိကျောင်းစရိတ်အတွက်၊ မိသားစုစားဝတ်နေရေးအတွက် ရွှေလီမြစ်တဖက်ကမ်းကိုကူးပြီး နေ့တိုင်း အလုပ် သွားလုပ်နေတဲ့သူတွေဖြစ်ကြောင်းသိရပါတယ်။

“သူတို့ကိုဘယ်လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းသွားလဲတော့မသိဘူး။ ဖမ်းသွားရင်လည်း ပြန်လွှတ်ပေးဖို့ ကျနော်တို့ မေတ္တာရပ်ခံပါတယ် ။ သူတို့ ၄ ယောက်ကို တွေ့ရှိခဲ့မိရင်လည်းကျေးဇူးပြုပြီးတော့ ကျနော်တို့ကို အကြောင်းကြားပါလို့ အနူးအညွတ်တောင်းဆိုပါတယ်။ တလ ကျော်ကြာပြီဖြစ်တဲ့အတွက် အရမ်းကိုစိုးရိမ် ပူပန်နေပါတယ်။ သက်ဆိုင်ရာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာကိုရော ကွတ်ခိုင် ၊မူစယ်၊ လားရှိုးက ကျားခေါင်းပါတီ ရုံးကိုရောတိုင်ကြားထားပြီးပါပြီ။ ကူညီပေးဖို့အတွက် ”- လို့ အကိုဖြစ်သူက ပြောပါတယ်။

မူစယ်က ကျားခေါင်းပါတီဝင်တဦးကတော့ – “ဒီလူငယ်လေးတွေကိုပြန်လည်ရှာဖွေဖို့အတွက် ကျနော်တို့ လားရှိုး-မူစယ်ရုံးက တာဝန်ရှိသူတွေ ဆွေးနွေးမှုပြုနေကြပါတယ် ”- လို့ပြောပါတယ်။

အခုပျောက်ဆုံးနေတဲ့လူငယ် ၄ ယောက်ဟာ မုံးစီးအုပ်စုဇာတိ တအာင်းနဲ့ သျှမ်း လူငယ်တွေဖြစ်ပါတယ်။

မူစယ်မြို့နယ် ဟိုနောင် နမ့်ပန်း တရုတ်-မြန်မာနယ်စပ် ကူးတို့ဆိပ်မှာ အစိုးရတပ်မတော်၊ ပြည်သူ့စစ်၊ တအာင်းတပ်ဖွဲ့ TNLA ကချင် KIA နဲ့ သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့တို့သွားလာလှုပ်ရှားကြောင်းသိရပါတယ်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here