ကျောက်မီးသွေးပြာပုံထဲ လူတွေ ကူးခတ်နေတဲ့မြို့

0

ဆောင်းပါးရှင်- စိုင်းထွန်းအောင်လွင်

(က) ငါးတွေကသေ ညှော်နံ့ကနံ

ကလော-အောင်ပန်းလမ်းခွဲကနေ ပင်လောင်းမြို့ဘက်ကို ချိုးလိုက်တာနဲ့ ကားလမ်းဘေးတဘက်တချက်ကို ဝှေ့ကြည့်လိုက်တော့ တောင်တန်းတွေနဲ့ ကားလမ်းအကြားမှာ စိုက်ခင်းတွေက စိမ်းစိမ်းလန်းလန်း ဝေဝေဆာဆာနဲ့ပါ။အထက်ဘီလူးချောင်း တံတားကို ရောက်တာနဲ့ ကားလမ်းရဲ့ ဘယ်ဘက်မှာ မလှမ်းမကမ်းမှာ ဘိလပ်မြေ စက်ရုံခေါင်းတိုင်ကို တွေ့ရတဲ့ အတွက် ရွာမကျ တိုက်နယ်မကတော့တဲ့ တီကျစ်မြို့ကလေးကို ရောက်လာခဲ့ပြီဆိုတာ သတိပြုမိလိုက်ပါတယ်။

Photo by villager / ကျောက်မီးသွေးစွမ်းအင်သုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံ

မြို့မဘုန်းကြီးကျောင်းဝန်းထဲ ရောက်တာနဲ့ ဒေသခံ တဦးဖြစ်တဲဲ့ဦးကျင်မောင်က ကျောက်မီးသွေးမိုင်းခွဲမှုကြောင့် နံရံတွေ အက်နေတဲ့ ဘုန်းကြီးကျောင်း နံရံတွေကို လက်ညှိုးညွှန်ပြပါတယ်။

‘ဒီရက်ပိုင်းက လူကြီးလာမယ်ဆိုလို့ မိုင်းမခွဲတာ၊ ခါတိုင်းက နေ့လည်တိုင်း ခွဲတယ်။ အိမ်တွေလည်း ခါတာပေါ့ အရင်က ပိုဆိုးတာပေါ့ ၊ ဒီရက်မှ မိုးကလည်း ရွာလိုက်တော့ ကျောက်မီးသွေး ညှော်နံ့က တော်တော်သက်သာသွားတယ်။ ‘ လို့ သူက ပြောပါတယ်။

မိုးရွာတဲ့နေ့မို့လို့ ညှော်နံ့ သိပ်မရတော့ဘူးလို့ သူက ဆိုနေပေမယ့် ရွာထဲဝင်လာကတည်းက စိမ်းရွှင်အနံ့လိုလို အနံ့အသက်တမျိုးရနေတာကို သတိထားမိပြီး ခရီးစဉ်မှာ အတူလိုက်ပါလာသူတွေကလည်း ရွာထဲမှာ အနံ့အသက်တမျိုးရကြောင်း ပြောကြပါတယ်။ ဘုန်းကြီးကျောင်းထဲက ရေကန်ကတော့ တီကျစ်ဒေသနေသူတွေ သောက်ရေသုံးရေအဖြစ် အဓိက အားထားရတဲဲ့ ရေကန်ပါ။ မကြာသေးခင်က တီကျစ်ဒေသမှာ လေထု ရေထု အရည်အသွေးစမ်းသပ်စစ်ဆေးမှုကို အရပ်ဘက်အဖွဲ့အစည်းအချို့က Green Peace လို နိုင်ငံတကာ အဖွဲ့အစည်းတွေက ပညာရှင်တွေရဲ့ အကူအညီနဲ့ ပြုလုပ်ခဲ့ပြီး ရေနမူနာ စစ်ဆေးရာမှာ အဲဒီရေကန်လည်း ပါ၀င်ခဲ့တာပါ။

ရေကန်ထဲကြည့်လိုက်တော့ ငါးသေလေးတွေလည်း တွေ့ရပါတယ်။ အာဆင်းနစ်ဓာတ်နဲ့ ကင်ဆာဖြစ်စေတဲ့ Carcinogen ဓာတ် အပါအဝင် အခြား ဓာတ်ပစ္စည်း ပါ၀င်မှု ပမာဏ များနေတယ်လို့ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာ ပညာရှင်တွေရဲ့ သုတေသန စာတမ်းမှာ ဖော်ပြခြင်းခံရတဲ့ အဲဒီရေကန်က ရေတွေကို စာရေးသူတို့ တီကျစ်ရောက်နေတဲ့ နေ့အထိ ဒေသခံတွေ သုံးနေဆဲပဲ ဆိုပြီး ဦးကျင်မောင်က ပြောပြပါတယ်။

သုတေသန လုပ်ခဲ့တဲ့ သြစတြီးယားနိုင်ငံသား ပညာရှင် Paul Wynne ကတော့ ကင်ဆာဖြစ်စေတဲ့ Carcinogen အပါအဝင် အာဆင်းနစ်က WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတဲ့ သောက်သုံးရေမှာ ဓာတ်သတ္တုပါ၀င်ရမဲ့ ပမာဏထက် အတော်များများ ပါ၀င်နေတာ တွေ့ရပြီး ဒေသတဝိုက်က ရေတွေမှာ Selenium နဲ့ Nickel ပါ၀င်မှု သာမန်ထက် ၅၀ မီလီဂရမ်လောက် ပိုများတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ရေကန်ထဲက ရေအတွက် တောင်ပေါ် ရေထွက်ကနေ သွယ်တန်းထားတာ ဖြစ်ပြီး ရေထွက်က ရေကြောင့်ဖြစ်သလား ရေကန်တည်ဆောက်မှုကြောင့်ဖြစ်သလား မသိရပေမယ့် ရေကန်တည်ဆောက်တုန်းက ကန်အတွင်းနံရံတွေကို ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံက ထွက်တဲ့ ပြာတွေကို အသုံးပြုခဲ့တာရှိတယ်လို့လည်း ဦးကျင်မောင်က ပြောပါတယ်။

Photo by villager / ကျောက်မီးသွေးစွမ်းအင်သုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံ

တီကျစ်ဒေသမှာ ကျောက်မီးသွေးနဲ့ ပတ်သက်တဲ့ အဓိက လုပ်ငန်း ၃ ခုရှိနေတာပါ။ အဲဒီထဲကမှ ထင်ရှားတဲ့ လုပ်ငန်းကတော့ ကျောက်မီးသွေးစွမ်းအင်သုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံပဲဖြစ်ပါတယ်။ ထင်ရှားတယ်ဆိုတာကတော့ ဒေသခံတွေ ကန့်ကွက်မှုမကြာခဏ ကြုံရတဲ့ လုပ်ငန်းဖြစ်တာကြောင့်ပါ။ ပင်လောင်းဘက်အထွက်မှာတော့ ကျောက်မီးသွေးမိုင်းရှိနေသလို စမ်းသပ်လည်ပတ်နေတုန်း တနေ့ တန်ချိန် ၂၀၀၀ ကျော်လောက် သုံးနေတဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံအတွက် ကျောက်မီးသွေးတွေက အဲဒီမိုင်းကနေ လာတာဖြစ်ပါတယ်။ ကျောက်မီးသွေး တန်ချိန် သန်းနဲ့ချီ ထွက်မှာဖြစ်ပြီး လုပ်ငန်း စတင်လည်ပတ်ခဲ့တဲဲ့ ၂၀၀၃ ခုနှစ် ကနေ ၂၀၁၈ အထိ ထွက်ရှိနိုင်တဲ့ ကျောက်မီးသွေးပမာဏ စုစုပေါင်း၂၀. ၅ သန်းရဲ့ သုံးပုံတပုံ ထုတ်ယူပြီးသွားပြီလို့ ကျောက်မီးသွေးထုတ်လုပ်တဲ့ ဧဒင်ကုမ္ပဏီ ဘက်က ပြောပါတယ်။ ၂၀၀၃ ခုနစ်လောက်ကတည်းက စတင်ခဲ့တဲ့ မိုင်းတွင်းနဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံဟာ လူနေအိမ်တွေကို တဘက်တချက်စီမှာ ခွထားလို့ တည်ထားခဲ့တာ ဖြစ်သလို စီမံကိန်းအစပိုင်းကာလတုန်းက စီမံကိန်းနယ်မြေထဲပါတဲ့ ဒေသခံနေအိမ်တွေက ဖယ်ပေးရမှုတွေ လျော်ကြေးအနည်းငယ်သာပေးပြီး မြေသိမ်းယူမှုတွေလည်း ပါ၀င်ခဲ့တာပါ။ နောက်စီမံကိန်းကတော့ ဘိလပ်မြေစက်ရုံစီမံကိန်းပဲ ဖြစ်ပါတယ်။ အစောပိုင်းတုန်းက ကျောက်မီးသွေးမိုင်းတွင်းကို တခြားကုမ္ပဏီတွေက လုပ်ခဲ့တာပါ။ နွေရာသီဆိုရင် မိုင်းတွင်းနားက ကျောက်မီးသွေးပုံတွေကနေ မီးထထလောင်တာတွေလည်း ရှိတယ်လို့ တီကျစ်ဒေသခံတွေက တညီတညွတ်တည်းပြောကြပါတယ်။
အငြင်းပွားမှုတွေ လူထု ကန့်ကွက်မှုတွေ ကြံုခဲ့ပြီးနောက်မှာတော့ မဂ္ဂါ၀ပ် ၁၂၀ ထုတ်လုပ်နိုင်တဲ့ လျှပ်စစ်ဓာတ်အားပေးစက်ရုံလည်ပတ်မှုကို ဦးသိန်းစိန်အစိုးရလက်ထက်မှာ ခေတ္တရပ်နားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တရုတ်ကုမ္ပဏီတခုဖြစ်တဲ့ Wuxi Hua Quang က တင်ဒါအောင်ခဲ့ပြီး အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်ပဲ အန်အယ်လ်ဒီ အရပ်သားအစိုးရ လက်ထက်မှာ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ ပြန်လည် စမ်းသပ်လည်ပတ်နေတာ တနှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုအထိတော့ လူမှုနဲ့ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ဆန်းစစ်မှု အစီရင်ခံစာက ထွက်မလာသေးပါဘူး။ အဲဒီ အစီအရင်ခံစာကို မကြာခင်ထုတ်ပြန်ဖို့ ရှိတယ်လို့ပဲ လေ့လာဆန်းစစ်မှု ပြုလုပ်နေတဲ့ E- Guard ကုမ္ပဏီက ပြောပါတယ်။

(ခ) ကျောက်မီးသွေး ပြာခင်းလမ်းကို ဖြတ်ကျော်၍

ဒေသခံတွေနဲ့ SNLD ရှမ်းပါတီ လွှတ်တော်ကိုယ်စားလှယ်တွေအကြား လူထုတွေ့ဆုံပွဲဲကတော့ တီကျစ်အရှေ့ဘက်ပိုင်း ၊ ကျောက်မီးသွေးစွမ်းအင်သုံး ရေနွေးငွေ့ ဓာတ်အားပေးစက်ရုံနားက ကုန်းသာယာ ကျေးရွာက ဘုန်းကြီးကျောင်းမှာ ကျင်းပခဲ့တာပါ။ အဲဒီကျင်းပရာ နေရာကိုသွားနေစဉ် လမ်းရဲ့ အရှေ့ဘက်မှာ ပေထောင်ချီမြင့်နေတဲ့ ကျောက်မီးသွေးလုပ်ငန်းတွေက ထွက်လာတဲဲ့ မြေစာပုံကိုလည်း မြင်ခဲ့ရပါတယ်။

ကားသွားနေတုန်း လမ်းဘေးက စာသင်ကျောင်းဝင်းထဲကို ဝှေ့ကြည့်လိုက်တော့ အထက်တန်းကျောင်းဝန်းထဲမှာလည်း ကျောက်မီးသွေးပြာပုံအချို့ကို တွေ့ခဲ့ရပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် ရွာကို ကာဆီးထားတဲ့ တောင်တန်းလိုတောင် ဖြစ်နေတာပါ။ မြေစာတွေပေါ်မှာ ဒေသခံတွေကို စိုက်ပျိုးခွင့်ပေးထားတယ်လို့ ကျောက်မီးသွေးထုတ်တဲဲ့ ဧဒင်ကုမ္ပဏီဘက်က ပြောပေမယ့် ကျောက်မီးသွေးလို ဘေးထွက်ဆိုးကျိုးများတဲ့ သတ္တုမိုင်းက ထွက်လာတဲ့ မြေစာတွေပေါ်မှာ သီးပင်စားပင် ပေးစိုက်တာဟာ သီးနှံတွေဟာ သေချာပေါက် အဆိပ်သင့်မှာဖြစ်တဲ့အတွက် အလွန်အမင်းစိုးရိမ်စရာဖြစ်တယ်လို့ သြစတြီးယားနိုင်ငံသား ပညာရှင် ပေါလ်က တော့ ပြောပါတယ်။

Photo By villager / ကျောက်မီးသွေးပြာပုံ

တီကျစ်ကနေ သာယာကုန်းရွာဘက် သွားတဲ့လမ်းကိုတော့ ကျောက်မီးသွေး ပြာမှုန့်တွေနဲ့ ရောစပ်ခင်းထားတာဖြစ်ပြီး ဘေးတဘက် တချက်စီမှာတော့ စိုက်ခင်းတွေလည်း ရှိနေတာပါ။

ကားလမ်းနဲ့ စိုက်ခင်းအကြားမှာပုံထားတဲ့ ကျောက်မီးသွေး ပြာပုံအရောက်မှာတော့ ‘ ဒီပြာမှုန့်တွေက ပုံထားတာ တလလောက်ပဲရှိသေးတယ်။ လမ်းဆိုပြီး ကုမ္ပဏီဘက်ကခင်းပေးတာလေ’ ဆိုပြီး ဒေသခံတဦးကပြောသလို လမ်းဘေးတလျှောက်မှာတော့ ကျောက်မီးသွေးပြာမှုန့်တွေက လတ်လတ်ဆတ်ဆတ်ပျံ့ကျဲနေကာ စိုက်ခင်းဘေး ၊ ရေသွင်းမြောင်းတွေနားအထိ ရောက်နေတာလည်း မြင်တွေ့ခဲ့ရပါတယ်။

ဘိလပ်မြေမှာ ကျောက်မီးသွေးပါတယ်ဆိုပေမယ့် Fly Ash လို့ခေါ်တဲ့ ကျောက်မီးသွေးမှုန်တွေကိုပဲ ဘိလပ်မြေမှာ သုံးရတာဖြစ်သလို အခုလို ကျောက်မီးသွေးကြမ်းတွေနဲဲ့ လူထုနေထိုင်သွားလာတဲ့ နေရာမှာ အသုံးပြုနေတာ သိပ်တော့မနှိပ်လှတဲ့ ကိစ္စပါ။

ကျောက်မီးသွေးပြာကြမ်း ကိုေ ဆာက်လုပ်ရေးအတွက်သုံးမယ်ဆိုရင်တောင် ရေစို တဲ့ ၊  ရေစိမ်တဲ့ နေရာတွေ သီးနှံစိုက်ခင်းတွေနားမှာ သုံးခွင့်မရှိဘဲအခြောက်ခံထားရမဲ့ နေရာတွေမှာသာ သုံးနိုင်တာ ဖြစ်ပါတယ်။

လမ်းမဘေးက စက်ရုံဝန်းအတွင်းမှာလည်း ကျောက်မီးသွေးပြာပုံတွေ တွေ့ရသလို ၊ လမ်းညာဘက်ခြမ်းက ပြာသိုလှောင်တဲ့နေရာကလည်း အမိုးမရှိပါ။ လေတိုက်တာနဲ့တင် ပြာတွေက အလွယ်တကူ လေထဲလွှင့်ပါသွားနိုင်တာဖြစ်ပါတယ်။လူထုတွေ့ဆုံဆွေးနွေးပွဲရောက်တော့ တက်ရောက်သူတွေကလည်း စက်ရုံစီမံကိန်းရပ်ဖို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဘယ်လို ကူညီနိုင်မလဲ ဆိုတဲ့ ကိစ္စတွေ မေးမြန်းတဲ့အပြင် စက်ရုံပြန်လည်လည်ပတ်ပြီးနောက် ညှော်နံ့တွေနဲ့အတူ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ပြန်အဖြစ်များလာတဲ့အကြောင်း တင်ပြတာတွေလည်း သတိထားမိပါတယ်။

‘ စက်ရုံခနရပ်လိုက်တဲ့ ၂၀၁၄ လောက်က တော်တော်လေး ကျန်းမာရေးပြဿနာကြံုရသူတွေ နညး်သွားတယ်။ အခုက ပြန်လည်ပတ်တဲ့ တနှစ်အတွင်းမှာပဲ ကျွန်မဆွေမျိုးတွေအပါအဝင် လူတွေမှာ ပန်းနာ ရင်ကြပ်လို ကိစ္စတွေ ပြန်ပြန်ဖြစ်လာတာတွေ့ရတယ်။ ဒါ့အပြင် သားပျက် သားလျှော ကိစ္စတွေကောပေါ့ ‘ လို့ သာယာကုန်းဒေသခံ ဒေါ်သက်က ပြောပါတယ်။

Photo by villager / တီကျစ် ကျောက်မီးသွေးစက်ရုံအလိုမရှိကြောင်း 2016 က လူထုဆန်ဒပြပုံ

အဲဒီကိစ္စအပေါ် တီကျစ်ခရီးစဉ်အတွင်းအာဏာပိုင်တွေဘက်က သီးခြား အတည်ပြုချက်နဲ့ကိန်းဂဏန်း အချက်အလက် ရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါ။ အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ကုမ္ပဏီဘက်နဲ့ ဒေသခံတွေပါတယ်ဆိုတဲ့ တွေ့ဆုံပွဲသွားတက်တုန်းကလည်း ကျွန်တော်က ပင်လောင်းမြို့နယ်က ( တီကျစ်မြို့က ပင်လောင်းမြို့နယ်ထဲမှာပါ၀င် ) ကျန်းမာရေးဦးစီးဌာနဘက်ကို တီကျစ်စီမံကိန်းနဲ့ ပတ်သက်ပြီး ကျန်းမာရေးသုတေသန အချက်အလက်ရှိသလားမေးတော့ တမြို့နယ်လုံးရဲ့ ဖွားသေနှုနး်ဆိုတာလောက်ပဲ သူတို့ ပြောနိုင်တယ် သီးခြားမတွေ့ရခဲ့ဘူး ‘ လို့ ရှမ်းပြည်နယ်လွှတ်တော် သံယံဇာတနဲ့ သဘာပတ်ဝန်းကျင် ထိန်းသိမ်းမှု ရေးရာ ကော်မတီ အတွင်းရေးမှူး ဦးစိုင်းလင်းမြတ်က ပြောပါတယ်။ ၂၀၁၄ ခုနစ် ရှေ့ပိုင်းတုန်းက တီကျစ်နဲ့ ပတ်သက်တဲ့ သတင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်အချို့မှာတော့ အမျိုးသမီးတွေ သွေးသားနဲ့ သက်ဆိုင်တဲ့ ရောဂါတွေဖြစ်တာ ၊ ပန်းနာရင်ကြပ်အပြင် ၊ ယားနာတွေ ဖြစ်လာတာ စသဖြင့် ဖော်ပြထားတာတွေ တွေ့ရပါတယ်။

‘ လူတွေကသာ ရောဂါဖြစ်တယ်ဘာညာအော်နေကြတာ ကျွန်တော့်လုပ်ငန်းခွင်ထဲက လုပ်သားတွေ ကျန်းမာရေးနဲ့ ပတ်သက်လို့ ဘာမှမဖြစ်ကြဘူး။ ဒါ မိုင်းတွင်းထဲကလူတွေနော် ‘ လို့ ကျောက်မီးသွေးမိုင်းလုပ်ကိုင်တဲ့ ဧဒင်ကုမ္ပဏီက ဦးစိုးဝင်းက ပြောပါတယ်။ ဒေသခံတွေကတော့ မြို့နံဘေးမှာရှိနေတဲ့ ကျောက်မီးသွေးမိုင်းက ကျောက်မီးသွေးပုံတွေက နွေဆို မီးထထလောင်ပြီး ညှော်နံ့ပိုပြင်းတယ်လို့လည်း ဆိုကြပါတယ်။

( ဂ ) အစီရင်ခံစာ ဖော်ပြချက်

Green Peace က သုတေသန အရာရှိဖြစ်တဲ့ Mr. Lauri Myllyvirta ၊ Earth Rights International ၊ Water Keeper Alliance စတဲ့အဖွဲ့တွေနဲ့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှု တာဝန်ခံမှု ဆိုင်ရာ အရပ်ဘက်မဟာမိတ်အဖွဲ့ MATA တို့ ပူးပေါင်းပြီး တီကျစ်ဒေသ လေထု ၊ ရေထု အရည်အသွေးဆန်းစစ် လေ့လာချက်ကို ပြီးခဲ့တဲ့ မတ်လက ပြုလုပ်ခဲ့တာပါ။ လေထု စစ်တမ်းကောက်ယူမှုမှာ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ အရှေ့မြောက်ဘက် မီတာ ၅၅၀ မှာ တနေရာ ( အဲဒီနေရာက ကျော်မီးသွေးအမှုန့် စွန့်ပစ်တဲ့ နေရာရဲ့ မီတာ ရ၀၀ အကွာမှာ ရှိသလို လူနေအိမ်ခြေတွေနဲ့လည်း နီးကပ် ) ၊ ကျောက်မီးသွေးတူးဖော်တဲ့ မိုင်းတွင်းနဲ့ အနောက်ဘက် မီတာ ၅၀၀ အကွာ လျှပ်စစ်စက်ရုံရဲ့ အရှေ့တောင်ဘက် ၁.၆ ကီလိုမီတာအကွာ လူနေအိမ်ခြေတွေအနီးမှာ တနေရာနဲ့ အခြား တနေရာအပါအဝင် စုစုပေါင်း ၃ နေရာမှာ လေထုနမူနာကောက်ယူခဲ့တာပါ။

‘ မတ်လ လို ကောက်ပဲသီးနှံစိုက်ပျိုးရေးအတွက် မီးရှို့တဲ့ ကာလဖြစ်လို့ PM2 နဲ့ PM10 လို ဓာတ်ပစ္စည်းတွေ လေထုထဲ ပါ၀င်မှု မြင့်မားတာဟာ ကျောက်မီးသွေးမဟုတ်တဲ့ အခြား ကိစ္စတွေကြောင့်လို့ ရိုးမယ်ဖွဲ့ကောင်း ဖွဲ့နိုင်တဲ့ ကိစ္စလည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆာလဖာဒိုင် အောက်ဆိုဒ် ug/M3 300 နီးပါးလောက် အထိရှိနေတာ ကတော့ ကျောက်မီးသွေးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေဖြစ်တယ်။ ‘လို့ Green Peace အဖွဲ့က အကြီးတန်းသုတေသန အရာရှိ Mr.Lauri Myllyvirta က ပြောပါတယ်။

နိုက်ထရိုဂျင်ေ အာက်ဆိုဒ်နဲ့ ဆာလဖာဒိုင်အောက်ဆိုဒ်ရဲ့ ဆိုးကျိုးတွေကတော့ အဲဒီဓာတ်ငွေ့တွေဟာ အရေပြား ၊ နဲ့ အသက်ရှူလမ်းကြောင်းကို ပျက်စီးနေတာ ကိုယ်ခံအားစနစ် ကျဆင်းစေပြီး အဆုတ်တွေကို ထိခိုက်အဆိပ်အတောက်ဖြစ်စေကာ ချောင်းဆိုးရင်ကျပ်ပန်းနာ ရောဂါတွေဖြစ်စေတယ်လို့ ဆေးပညာနဲ့ဆိုင်တဲ့ အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။

ဒါ့အပြင် ပြဒါးလို အမှုန်တွေကြောင့် နှလုံးကို ထိခိုက်နိုင်တာပါ။

‘ ကျွန်တော် ကမ္ဘာ့ လေထုအညစ်ညမ်းဆုံုးမြို့တော်လို့ ခေါ်တွင်တဲ့ ပေကျင်းမှာ ၃ နှစ်ကျော်နေခဲ့ဖူးတယ်။ အခု တီကျစ်မှာတွေ့ရတဲ့ လေထုထဲ ဆာလဖာဒိုင်ပါ၀င်မှုက ပေကျင်းထက် ၁၀ ဆ ပိုများနေတယ်။ ဖုန်တွေပါ၀င်မှုက ၃ ဆ ပိုများနေတာ တွေ့ရတယ်။ ဒီလိုနေရာမျိုးမှာ လူတွေနေနေတာ ကျွန်တော့ဘဝ တလျှောက်မှာ တခါမှ မတွေ့ဖူးပါဘူး။ ‘ လို့ Mr.Lauri Myllyvirta က ပြောပါတယ်။

သူ့အနေနဲ့ ဒီထက်အချိန်ပိုရခဲ့ပြီး စက်ရုံအတွင်းက စနစ်တွေကိုသာ လေ့လာခွင့်ရမယ်ဆိုရင် ဒီထက်ပိုမို တိကျတဲ့ အဖြေထွက်အောင် တိုင်းတာ စစ်ဆေးနိုင်ခဲ့လိမ့်မယ်လို့လည်း သူက ပြောပါတယ်။

ရေထုစစ်ဆေးတိုင်းတာမှုတွေမှာလည်း ဆာဆင်းနစ်များမှု အပါအဝင် ခဲနဲ့ နီကယ်ပါ၀င်မှု ပမာဏများလွန်းနေတာ ၊ ဆီလီနီယမ်အပါအဝင် အခြားဓာတ်ပစ္စည်းပါ၀င်မှုများတာတွေ ရှိတယ်လို့ သြစတြီးယားနိုင်ငံသား ပညာရှင် Paul Wynne က ပြောပါတယ်။

‘ဆီလီနီယမ် ရေထဲပါ၀င်နိုင်မှုဟာ 0.04 m Gl အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သတ်မှတ်ထားတာဖြစ်သလို ဒီမှာတော့ ပမာဏ တော်တော်များများတွေ့နေရပါတယ်။ စစ်ဆေးတိုင်းတာမှု လုပ်ခဲ့တဲ့ ပွိုင့် ၃၅၃၈ ဧရိယာမှာဆိုရင် အာဆင်းနစ် ပါ၀င်နှှုန်းက ၂၇ ဆ မြင့်နေသလို တခြား ဓာတ်သတ္တုပါ၀င်နှုန်းအလွန်မြင့်နေတယ်။ရေတွေအကုန်လုံးက ပျက်စီးကုန်ပါပြီ။ ပြင်းထန်တဲ့ အဆိပ်သင့်မှု ညစ်ညမ်းမှုတွေ ရေထဲမှာ ရှိနေပါတယ်။ ရင်းနှီးမြှပ်နှံသူတွေ အာဏာပိုင်တွေမှာ တာဝန်ရှိပါတယ်။ ဒေသခံတွေကလည်း ဒီရေတွေပဲ သုံးနေကြသလို စွန့်ပစ်ရေတွေကလည်း စိုက်ခင်းတွေ ၊ ချောင်းတွေထဲ ပြန်ရောက်တာတွေလည်း တွေ့ခဲ့ရပါတယ်။ လို့ ပေါလ်ဝိန်းက ပြောပါတယ်။

တီကျစ်ဒေသမှာရှိတဲ့ အထက်ဘီလူးချောင်းဟာ အင်းလေးကန်အတွင်း စီးဝင်တဲ့ ချောင်းလည်း ဖြစ်ပါတယ်။

ရေထုညစ်ညမ်းမှုနဲ့ အဆိပ်သင့်မှု ၉၀ ရာခိုင်နှုန်းကျော်က ကျောက်မီးသွေးကြောင့်ဖြစ်တယ်လို့ ယူဆပါတယ် လို့လည်း ပေါလ်ဝိန်းက အခိုင်အမာ ပြောပါတယ်။

သာယာကုန်းရွာက အပြန်စက်ရုံနားမှာ ကမ္ဘာ့ဘဏ် တံဆိပ်နဲ့ စက်ရုံကနေ ထုတ်လွှတ်မှု ညွှန်းကိန်း ဆိုင်းဘုတ်ကိုလည်း တွေ့ခဲ့ရပါတယ်။ စစ်ဆေးချက်တွေအရတော့ အဲဒီစံညွှန်းတွေဟာ ကမ္ဘာ့ဘဏ်ညွှန်းကိန်းမဟုတ်ဘဲ ကျောက်မီးသွေးသုံးစွဲမှုမှာ လက်လွတ်စပယ်ဖြစ်တယ်ဆိုပြီး ကမ္ဘာက လက်ညှိုးဝိုင်းထိုးခြင်း ခံခဲ့ရဖူးတဲ့ တရုတ်နိုင်ငံညွှန်းကိန်းတွေလို့ Mr.Lauri Myllyvirta က ပြောပါတယ်။ အဲဒီအကြောင်းနဲဲ့ ပတ်သက်လို့ တောင်ကြီးမှာ စက်တင်ဘာလ ၅ ရက်နေ့က ကျင်းပတဲ့ အစီရင်ခံစာ ထုတ်ပြန်ချက်အခမ်းအနားနဲ့ လူထုဆွေးနွေးပွဲ အခမ်းအနားကို လာတက်တဲဲ့ စက်ရုံတာဝန်ရှိသူတွေကို အခမ်းအနားလာတက်သူတချို့က မေးမြန်းတာ ရှိပေမယ့် တိကျတဲ့ အဖြေမရခဲ့ပါဘူး။

‘ လူမှုနဲ့ သဘာဝ ပတ်ဝန်းကျင် အကျိုးသက်ရောက်မှု ဆိုင်ရာ ဆန်းစစ်ချက်က မထုတ်ပြန်ရသေးပါဘူး။ မကြာခင် ထုတ်ပြန်ဖို့ရှိနေတယ် ကျွန်တော်တို့ကတော့ ဒီဆွေးနွေးပွဲကို လာနားထောင်တာ ဖြစ်ပြီး အထက်ကို တင်ပြဖို့ အခမ်းအနားကို လာရောက်တာ ဖြစ်တယ်။ ‘ လို့ တီကျစ် ကျောက်မီးသွေးစွမ်းအင်သုံး ရေနွေးငွေ့ ဓါတ်အားပေး စက်ရုံမှူးဖြစ်သူ ဦးမြင့်သန်းက ပြောပါတယ်။

ဒေသခံတွေကို သွေး ၊ ဆီး အပါအဝင် ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ပေးသလားမလုပ်ပေးသလားဆိုတာ မသိပေမယ့် တာဝန်သိရင်းနှီးမြှပ်နှံမှုဆိုင်ရာ တာဝန်ရှိမှု CSR အရ ဒေသခံတွေအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းတွေမှာ သုံးရအောင်တနှစ်ကို ကျပ်ငွေသန်း ၂၅၀ ကုမ္ပဏီဘက်ကနေ PNO ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် ဦးဆောင်နေတဲ့ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ကို ပေးအပ်နေတယ်လို့လည််း စက်ရုံတာဝန်ရှိသူတွေက ဆိုပါတယ်။

( ဃ) ဒေသခံတွေ ပြာပုံထဲကူးခတ်နေရတဲ့ ဒေသ

တဘက်မှာလည်း ဒေသခံတွေကတော့ နောက်ထပ် ၂၂ နှစ်အထိ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံကို ဆက်လက်လည်ပတ်ခွင့် အန်အယ်လ်ဒီအစိုးရက ဆက်ပေးလိုက်မှာ စိုးရိမ်နေကြပါတယ်။

‘ တီကျစ်က လူထုကန့်ကွက်မှုတွေ အမြဲရှိနေတဲ့ စီမံကိန်းဖြစ်သလို ကျွန်တော်တို့ လွှတ်တော် ရေးရာကော်မတီဆီလည်း တိုင်ကြားစာ အမြဲရောက်နေတဲ့ စီမံကိန်းပါ ။ တကယ်လည်း စီမံကိန်းက ပြဿနာရှိတာတွေ့ရတယ်။ ခက်တာက လွှတ်တော်ရေးရာကော်မတီတွေမှာလည်း လုပ်ပိုင်ခွင့်က ဘာမှ ရှိလှတာ မဟုတ်ပါဘူး။ လွှတ်တော် ရေးရာ ကော်မတီတွေ လုပ်ပိုင်ခွင့်တွေ တိုးအောင်လည်း ကျွန်တော်တို့ တောင်းဆို တိုက်တွန်းနေတာတွေရှိတယ်။ ‘ လို့ ရှမ်းပြည်နယ်လွှတ်တော်က သံယံဇာတနဲ့ သဘာပတ်ဝန်းကျင် ထိန်းသိမ်းမှု ရေးရာ ကော်မတီ ဥက္ကဌလည်း ဖြစ် အန်အယ်လ်ဒီပါတီရဲ့ ရပ်စောက်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးခိုင်ညီညီကျော်က ပြောပါတယ်။

ပြန်ချုပ်ကြည့်မယ်ဆိုရင်တော့ တီကျစ်ကျောက်မီးသွေး ဓါတ်အားပေးစီမံကိန်းဟာ အခုမှ စတင်ခဲ့တဲဲ့ စီမံကိန်းမဟုတ်ဘဲ စစ်အစိုးရလက်ထက်ကတည်းက သတင်းမီဒီယာ စာမျက်နှာထက်မှာ ပါခဲ့တဲ့ စီမံကိန်းဖြစ်သလို ရင်းနှီးမြှပ်နှံသူတွေလည်း အဆင့်ဆင့် လက်လွှဲပြောင်းခဲ့တဲဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။ယခင်ကာလတွေတုန်းကလည်း အာဏာပိုင်တွေဘက်က ဘယ်လိုပဲ ကန့်သတ် မှု ချုပ်ခြယ်မှုတွေ ရှိလင့်ကစား ဒေသခံတိုင်းရင်းသားတွေက တနည်းမဟုတ်တနည်းနဲ့ ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့ စီမံကိန်းလည်း ဖြစ်ပါတယ်။

‘ ပြောတော့ ဖက်ဒရယ် ဒီမိုကရေစီ သွားမယ်ပြောတယ် ရန်ကုန်က အမှိုက်ပုံမီးလောင်တော့ နိုင်ငံတကာ ပညာရှင်တွေခေါ်ပြီး အမြန် ၀ိုင်းငြိမ်းကြတယ်။ တိုင်းရင်းသား ဒေသဖြစ်တဲ့ တီကျစ်မှာ ကျောက်မီးသွေးတွေ မီးလောင်ပြီး လူတွေ ရောဂါဘရဖြစ် စိုက်ပျိုးမြေတွေပျက် ရေတွေ အဆိပ်သင့်တာ ကြာပြီ၊ ဒါကို နောက်ထပ် ဆယ်နှစ်နှစ် ၂စု စာလောက် ဆက်လုပ်ပိုင်ခွင့်ပေးဖို့ ပြင်နေတာဟာ တိုင်းရင်းသားတွေအတွက် တရားမတရားဆိုတာ ကိုယ်ချင်းစာကြည့်သင့်တယ်။ ‘ လို့ ရှမ်းပြည် အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေးအသင်းက ဥက္ကဌလည်းဖြစ် မြန်မာနိုင်ငံပထမဆုံး သမ္မတစဝ်ရွှေရဲ့ သမီးလည်း ဖြစ်သူ စဝ်ဟေမာသိုက်က ထောက်ပြဝေဖန်ပါတယ်။

တီကျစ်မှာ ရေထုဆိုင်ရာ လေ့လာဆန်းစစ် တိုင်းတာမှုတွေလုပ်ခဲ့တဲ့ သြစတြီးယားပညာရှင် ပေါလ်ဝိန်းကတော့
‘ တီကျစ်က ရေတွေအကောင်းပြန်ဖြစ်ဖို့က ငွေအများကြီးသုံးရမှာဖြစ်သလို သဘာဝအတိုင်း ပုံမှန်ပြန်ဖြစ်ဖို့က နှစ်ရာနဲ့ချီစောင့်ရမှာပါ။ ပြသနာက ကျောက်မီးသွေးပြာတွေကို ဘယ်လို ထိန်းချုပ်မလဲဆိုတဲ့ ကိစ္စပဲ ။ လူတွေက ကျောက်မီးသွေးပြာထဲမှာ ရေကူးနေကြသလိုဖြစ်နေပြီး ပြာတွေက နေရာတကာပျံ့နှံ့နေတာ ပြဿနာပါပဲ။ ‘ လို့ မှတ်ချက်ပြုပါတယ်။

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here