Thursday, April 25, 2024

လောင်နေတဲ့မီးငြိမ်းသွားအောင် နန်းမိုဟွမ်ကို လွှတ်ပေးပါ

Must read

“ TNLA မှ ဖမ်းဆီးသွားသော နန်းမိုဟွမ် …. ချက်ချင်းလွှတ် ချက်ချင်းလွှတ်၊ မတရား ဆက်ကြေး ကောက်ခြင်းအား…. ချက်ချင်းရပ် ချက်ချင်းရပ်” ဆိုတဲ့ ကြွေးကြော်သံကြီးဟာ နမ့်ခမ်းမြို့တခုလုံးကို တုန်လှုပ်သွားစေပါတယ်။

Photo By SHAN / လက်နက်မဲ့ ကလေး ၃ ယောက်မိခင်အားပြန်လည်လွှတ်ပေးရန် နမ့်ခမ်းဒေသခံများ စီတန်းလှည့်လည်ဆန္ဒပြနေကြပုံ

ထိုချီတက်ဆန္ဒပြပွဲ က စက်တင်ဘာ ၁၇ ရက်နေ့ နန်းမိုဟွမ်ကို တအာင်း (ပလောင်) အမျိုးသား လွှတ်မြောက်ရေး တပ်မတော် ခေါ်ဆောင်သွားခြင်း တလ ပြည့် နေ့မှာ နမ့်ခမ်း ဒေသခံ သောင်းချီ က နန်းမိုဟွမ် ပြန်လွှတ်လာဖို့ ချီတက်ဆန္ဒပြခြင်း ဖြစ်ပါတယ်။

ဖြစ်စဉ်ကတော့ သြဂုတ် ၁၇ ရက်နေ့ မနက် ၈ နာရီ အချိန် နမ့်ခမ်းသူ ကလေး ၃ ယောက် မိခင် နန်းမိုဟွမ် ကို တအာင်း(ပလောင်) အမျိုးသားလွှတ်မြောက်ရေး တပ်မတော် TNLA ကတပ်သား ၅ ယောက်က သေနတ်ထောက်ပြီး သူမကို ကားပေါ် အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။

ထိုဖြစ်ရပ်က တလကျော် ကြာလာခဲ့ပေမယ့် နန်းမိုဟွမ် ပြန်လည် လွှတ်မြောက်လာခြင်းမရှိသေးပါဘူး။

ဒီအတွက် ၁ လ ပြည့်တဲ့နေ့မှာ နမ့်ခမ်းဒေသခံ ပြည်သူ လူထုစုပေါင်းအင်အား ၂ သောင်းလောက်က – “ အကြမ်းဖက်မှု ဝါဒ တိုက်ဖျက်ရေး… ဒို့အရေး.. ဒို့အရေး” “ တရားဥပဒေ စိုးမိုးရေး .. ဒို့အရေး ဒို့အရေး” ဆိုတဲ့ သံပြိုင် ကြွေးကြော်သံများနှင့် အတူ ချီတက် ဆန္ဒပြမှုတွေ ကို ပြုလုပ်ကြပါတယ်။

နမ့်ခမ်းဒေသခံ နန်းမိုဟွမ် အတွက် ချီတက်ဆန္ဒပြ အဖွဲ့ ကော်မတီ စိုင်းလောဝ်ခေး က “ နံပတ် ၁ အနေနဲ့ ကတော့ နန်းမိုဟွမ် ပြန်လွှတ်ပေးဖို့ပါပဲ။ လက်နက်ကိုင် အဖွဲ့အနေနဲ့ ပြည်သူလူထုကို နောက်တခါ အဲ့လို မဖမ်းဆီးဖို့။ ဘယ်လက်နက်ကိုင်တပ်ဖွဲ့ဘဲဖြစ်ဖြစ်အခုလို လက်နက်မဲ့လူထုကို ဖမ်းဆီးတာမျိုးကို ကန့်ကွက်ပါတယ်” လို့ ဆိုပါတယ်။

TNLA လက်နက်ကိုင်ကနေ နန်းမိုဟွမ်ကို အမြန် ပြန်လွှတ်ပေးမယ်လို့ မျှော်လင့်ကြောင်း၊ TNLA လက်နက်ကိုင် အနေနဲ့့ ပြည်သူ့အသံ ၊ နန်းမိုဟွမ် ရဲ့ မိသားစု ဝင်တွေရဲ့ ခံစားချက်ကို ငဲ့ညှာပြီး နန်းမိုဟွမ်ကို ပြန်လွှတ်ပေးဖို့ တိုက်တွန်းလိုကြောင်း စိုင်းလောဝ်ခေး က ပြောပါတယ်။

နန်းမိုဟွမ် ဟာ TNLA ရဲ့အကောက်ခွန်ဌာနက ဆက်ကြေးလာကောက်တဲ့ ဝန်ထမ်းများ လုပ်ငန်း တာဝန်ထမ်းဆောင်စဉ် ဝန်ထမ်းများအား အပြင်းအထန်ဒဏ်ရာရစေမှု၊ ထိခိုက်သေဆုံးမှုရှိသည်အထိ တာဝန်ဝတ္တရား နှောင့်ယှက်မှုပြုခဲ့လို့ ဖမ်းဆီးရတာဖြစ်တယ်လို့ စက်တင်ဘာ ၃ ရက်နေ့ ရက်စွဲနဲ့ TNLA ကကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

ဒ့ါကြောင့် နန်းမိုဟွမ်ကို ရာဇာသတ်ကြီး ဥပဒေ ပုဒ်မ ၃၃၃ ဖြင့် TNLA ဗဟို တရားရုံးမှ အမှုဖွင့်အရေးယူထားကြောင်း၊ နန်းမိုဟွမ် ကို စီရင်ချက်မှတ်မယ့်နေ့မှာ ဆွေမျိုးသားချင်း နဲ့ အများပြည်သူများ ရှေ့မှောက်မှာ စီရင်ဆုံးဖြတ်ချက် ချနိုင်ဖို့ စီစဉ်သွားမှာဖြစ်ကြောင်း ကြေငြာချက်မှာရေးသားထားပါတယ်။

“ သူတို့( TNLA) ဆက်ကြေးလာကောက်တဲ့အချိန် နန်းမိုဟွမ်က တပ်မတော် ကို သတင်းပေးတယ်ဆိုပြီး စွပ်စွဲတာပါ။ ဒီကိစ္စ တော့ တပ်မတော်နဲ့ TNLA အသိဆုံးပါ။ တပ်မတော် အနေနဲ့ လည်း ပြောဆိုသင့်ပါတယ်။ အိမ်ရှင်နဲ့ ဘာမှ မဆိုင်ဘူး” လို့ စိုင်းလောဝ်ခေး က ဆိုပါတယ်။

နန်းမိုဟွမ်ကို TNLA ပလောင် ဥပဒေ နဲ့ ဖမ်းဆီးချုပ်နှောင်တဲ့အပေါ် ကန့်ကွက်ကြောင်း၊ TNLA အနေဖြင့် လက်နက်ကိုင် တခုသာဖြစ်ပြီး အာဏာရ အဖွဲ့ မဟုတ်ကြောင်း စိုင်းလောဝ်ခေး ပြောပါတယ်။

“ ကျမ ညီမ (နန်းမိုဟွမ်) ကို အမြန်လွှတ်ပေးဖို့ ပဲပြောချင်တယ်။ ကျမ ညီမ လွှတ်မြောက်ဖို့အတွက် လာရောက်ကူညီပေးတဲ့ နမ့်ခမ်း ပြည်သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု နန်းမိုဟွမ် အစ်မ ဖြစ်သူ နန်းမိုခမ်းကပြောပါတယ်။

နန်းမိုဟွမ် ကို TNLA လက်နက်ကိုင် အဖွဲ့မှ တလကျော်ကြားဖမ်းဆီးခေါ်ဆောင်သွားပြီး TNLA တပ်ဖွဲ့ အနေဖြင့် မိသားစုဝင်များကို တရားဝင် အကြောင်းကြားခြင်း မရှိသေးကြောင်း နန်းမိုခမ်းက ပြောပြပါတယ်။

“ လက်ရှိမှာတော့ သူ့သားလေး က သူ့အမေ (နန်းမိုဟွမ် ) ကို နေ့တိုင်မေးနေတယ်။ ကျမ မှာ ပြန်ဖြေဖို့ အားမရှိဘူး။ ကလေးတွေ ကို သနားတယ်။ ကျမ ညီမ လည်း အခု ဘယ်လို နေနေလဲ စိတ်ပူရတယ်” ဟု နန်းမိုခမ်း က ဆိုပါတယ်။

Photo from Facebook / TNLA မှ ဖမ်းဆီးသွားသော နန်းမိုဟွမ် နှင့် ၄င်းတို့၏ထုတ်ပြန်ချက်

TNLA လက်နက်ကိုင် အဖွဲ့ နန်းမိုဟွမ်ကိုလာခေါ်ချိန်မှာ နန်းမိုဟွမ် တယောက် ကလေးကို ထမင်းကျွေးနေချိန် ဖြစ်ပြီး တအာင်းတပ်သားတွေဟာ နန်းမိုဟွမ်ကို သေနတ်ထောက်ပြီး ကားပေါ်တင်ခေါ်ဆောင်သွားတဲ့အဖြစ်အပျက်အားလုံး သူမရဲ့ သမီးငယ်နဲ့ သားငယ်တွေကတွေ့နေတာကြောင့် ကလေးတွေ စိတ်ဒဏ်ရာ ရသွားမှာကို စိုးရိမ် ပူပန်နေကြောင်း နန်းမိုခမ်း က ဝမ်းနည်းစွာ ဖြင့် ငိုယိုပြီး ပြောပြပါတယ်။

“ ကျမ ညီမ ကို ကလေးတွေရှေ့မှာ အတင်းဆွဲခေါ် သွားတော့ ကလေးတွေက တော်တော်လှန့်နေတာ။ ကလေးတွေ စိတ်ဒဏ်ရာ ရမှာပဲ ကြောက်တယ် ” လို့ နန်းမိုခမ်း က ဖြစ်ပျက်ခဲ့တာကို ပြန်ပြောပါတယ်။

နန်းမိုဟွမ် ကို TNLA မှ ဖမ်းဆီးခေါ်ဆောင်သွားသည့် ကိစ္စ သည် နမ့်ခမ်း ဒေသရှိ သျှမ်း၊ တအာင်း( ပလောင်) လူမျိုး ပြသနာ ဖြစ်လာမှာကိုလည်း ဒေသခံများက စိုးရိမ်ပူပန် နေကြပါတယ်။

“ သျှမ်း၊ ပလောင် က အရင်ကတည်းက အတူနေထိုင်ခဲ့တာ။ ကျမတို့တွေ လူမျိုးရေး ပဋိပက္ခ မဖြစ်စေချင်ဘူး။ မဖြစ်ဖို့လည်း မျှော်လင့်ပါတယ်” လို့ နမ့်ခမ်းဒေသခံ နန်းလင်း က ပြောပါတယ်။

နန်းမိုဟွမ် ကို TNLA တပ်ဖွဲ့ မှ တလ ကျော် ဖမ်းဆီးချုပ်နှောင် သည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း၊ နန်းမိုဟွမ် ဟာ အမျိုးသမီး တဦးဖြစ်သလို ကလေး ၃ ယောက် မိခင်လည်းဖြစ်တဲ့ အတွက် TNLA အနေနဲ့ သူမ ရဲ့ မိသားစုတွေကို ငဲ့ညှာကာ ပြန်လွှတ်ပေးသင့်ကြောင်း နန်းလင်း က လည်း တိုက်တွန်းပြောဆိုပါတယ်။

နန်းမိုဟွမ် ကို TNLA လက်နက်ကိုင် အဖွဲ့ ဖမ်းဆီးသွားသည့် အပေါ် တအာင်း လူငယ် တဦးဖြစ်တဲ့ မိုင်းကောင်းဆိုင် က “ လူမျိုးရေး ပဋိပက္ခ ဖြစ်လာမှာ စိုးရိမ်ရတယ်။ နမ့်ခမ်းမှာ အရင် ၂ဝ၁၅-၂ဝ၁၆ တုန်းကလို တင်းမာတဲ့ အခြေအနေ ပြန်ဖြစ်မှာကို ဒေသခံတော်တော်များများက စိုးရိမ်နေကြတယ်” လို့ ပြောပါတယ်။

သျှမ်း နဲ့ တအာင်း (ပလောင်) လူမျိုးကြား ၂၀၁၅ -၂၀၁၆ တုန်းက လူမျိုးရေး တင်းမာမှု ဖြစ်ပွားခဲ့ပြီး ၊ ဒေသခံ ပလောင်တွေပျောက်ဆုံးရင် သျှမ်းလက်နက်ကိုင် တပ်ဖွဲ့ကဖမ်းဆီးတာလို့ စွပ်စွဲကြပြီး သျှမ်းလူမျိုးတွေပျောက်ဆုံး သွားရင် ဒါဟာ ပလောင် လက်နက်ကိုင်အဖွဲ့ရဲ့လက်ချက်ဘဲဆိုပြီး အပြန်အလှန် စွပ်စွဲခဲ့ကြဖူးပါတယ်။

“ ကျနော်တို့ ပလောင် နဲ့ သျှမ်း ကိစ္စ က ၂ဝ၁၇-၁၈ နှစ်တွေမှာ အခြေအနေ တင်းမာမှု မှ အနည်းငယ် ဖြေလျော့လာခါစ ရှိသေးတယ်။ အခု နန်းမိုဟွမ် ကို TNLA မှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ကိစ္စ ထပ်ပေါ်လာတော့ ငြိမ်းဆဲ မီးတောက် က ပြန်လောင် လာသလိုပါပဲ ” လို့ မိုင်းကောင်းဆိုင် က ဆိုပါတယ်။

သျှမ်း နဲ့ ပလောင် ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အေးချမ်းစွာ အတူယှဉ်တွဲနေထိုင်လာတဲ့ လူမျိုးဖြစ်ကြကြောင်း၊ ထို လူမျိုး ၂ခုကြား ပြသာနာ ဖြစ်အောင် အမြဲ ဖန်တီးနေတဲ့ ကြားခံ အဖွဲ့ တဖွဲ့ ရှိနိုင်ကြောင်း မိုင်းကောင်းဆိုင် က ပြောပါတယ်။

“ အဓိကတော့ ကြားကနေ သွေးထိုးလှုံ့ဆော်နေတဲ့သူတွေရှိနေတယ်။ လူမျိုး ၂ မျိုးကို ပြဿနာမဖြစ်ဖြစ်အောင် ဖန်တီးနေတဲ့ ကြားခံ အဖွဲ့တဖွဲ့ရှိနိုင်တယ်လို့ဘဲ မြင်တယ်” လို့ မိုင်းကောင်းဆိုင် က ဆိုပါတယ်။

ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များအနက် ဆုံးဖြတ်ချက်အမှတ် ၁၃၂၅ မှာ အမျိုးသမီး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးရာ ကိစ္စရပ်များအတွက် ပထမဆုံး ချမှတ်ခဲ့ပါတယ်။

“အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် စစ်ပွဲနှင့် ပဋိပက္ခများကြား သက်ရောက်မှု ကို ထည့်သွင်းစဉ်းစားပြီး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အမျိုးသမီးများ၏ အခန်းကဏ္ဍဟာ မဖြစ်မနေ လိုအပ်ကြောင်း ” အလေးအနက်ထား ဖော်ပြထားပါတယ်။

အဆိုပါ ဆုံးဖြတ်ချက်ကို လက်နက်ကိုင် တပ်ဖွဲ့တိုင်း ကျင့်သုံးရမည့် အချက်ဖြစ်ပါတယ်။

Leave a Comments

- Advertisement -spot_img

Latest article