ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ သုံးရက်ကြာ ကျင်းပတဲ့ “အကျပ်အတည်းနှင့် ဖြစ်နိုင်ချေကြား မြန်မာပြည်ကူးပြောင်းရေး အသံ” ဆိုတဲ့ ဆွေးနွေးပွဲကို ကျင်းပခဲ့ပါတယ်။
ဒါဟာ (၅) ကြိမ်မြောက် ကျင်းပခဲ့တဲ့ မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေးညီလာခံ (International Conference on Burma/Myanmar) ဖြစ်ပြီး ကျနော်အနေနဲ့ ပထမဆုံးအကြိမ် တက်ရောက်ခဲ့တာပါ။
ညီလာခံကို ၂၀၂၆ သြဂုတ်လ ၁၄ ရက်ကနေ ၁၆ရက်အထိ ချင်းမိုင်တက္ကသိုလ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။
ICBM ကို ၂၀၁၃ ခုနှစ်ကစပြီး ကျင်းပလာတဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်။ ဒီနှစ် (၅) ကြိမ်မြောက် ညီလာခံမှာတော့ ပညာရှင်တွေ၊ သုတေသနသမားတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ နိုင်ငံတကာက တက်ရောက်သူ စုစုပေါင်း ၁,၂၀၀ ကျော်အထိ ရှိခဲ့ပါတယ်။
ဒီညီလာခံမှာ မြန်မာပြည်ရဲ့ နိုင်ငံရေး အပြောင်းအလဲတွေ၊ ပထဝီဝင် နိုင်ငံရေးအပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှု၊ နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှုနဲ့ ရာသီဥတု ပြောင်းလဲမှုတွေ၊ အွန်လိုင်းငွေလိမ်လည်မှု (ကျားဖြန့်) အရေးတွေကိုပါ ထည့်သွင်းဆွးနွေးခဲ့ကြတာ တွေ့ရပါတယ်။
စစ်အာဏသိမ်းပြီး (၆) နှစ်ကျော် ကာလအတွင်းမှာ မြန်မာပြည်အရေးကို စစ်ရေးအမြင် တခုတည်း တင်မကဘဲ သယံဇာတ လုယက်တူးဖော်မှုတွေနဲ့ မြေရှားသတ္တု တူးဖော်မှုတွေကြောင့် ဖြစ်လာတဲ့ သဘာဝပျက်စီးမှု ဆိုးကျိုးတွေကို သုတေသန ရှုထောင့်ကနေ အလေးထား ဆွေးနွေးလာကြတာကိုလည်း တွေ့မြင်ရပါတယ်။

အထူးသဖြင့် ကချင်ပြည်နယ်မှာ မြေရှားသတ္တုတူးဖော်မှုကြောင့် ဖြစ်လာတဲ့ သစ်တောပြုန်းတီးမှု၊ သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံအမျိုးသမီးတွေအပေါ် ဘယ်လောက်ထိ ထိခိုက်မှုရှိလဲဆိုတဲ့ သုတေသနစာတမ်းက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ မီဒီယာတွေမှာ စစ်ပွဲတွေ၊ လူသေဆုံးမှုတွေ၊ အိုးအိမ်ပျက်စီးတာ တွေကိုပဲ ပိုပြီး တင်ဆက်ဖြစ်ကြတာ များပါတယ်။ ဒါပေမယ့် ဒီ ၆ နှစ်ကျော်ကာလအတွင်းမှာ မျက်ကွယ်ပြုခံထား ရတဲ့ သဘာဝဘေးဒဏ်တွေလည်း တနှစ်ထက် တနှစ်ပိုဆိုးလာပြီး လယ်ယာပျက်စီးမှု၊ လူသေဆုံးမှုတွေလည်းရှိလာတာက အားလုံးအသိပါပဲ။
ဒါတွေက သယံဇာတလုပွဲတွေကြောင့် ဖြစ်ပြီး လက်ရှိစစ်ရေး ပဋိပက္ခနဲ့ တိုက်ရိုက်ချိတ်ဆက်နေတာပါ။ သဘာဝပတ်ဝန်းကျင် ပညာရှင် ဦးဝင်းမျိုးသူကလည်း ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (သျှမ်းသံတော်ဆင့် အင်တာဗျူး) မှာ ဒါကို ထောက်ပြထားပြီးသားပါ။
ကချင်ပြည်က မြေရှားသတ္တုတူးဖော်မှု
ဆွေးနွေးပွဲမှာ Stimson Center ရဲ့ ခိုင်မာတဲ့ အချက်အလက်တွေကို ကိုးကားပြီး ပြောသွားတာကတော့ ၂၀၂၆ ခုနှစ်အတွင်း ကချင်ပြည်နယ်မှာ ရွှေနဲ့ မြေရှားသတ္တုတူးတဲ့နေရာ စုစုပေါင်း ၁,၄၈၀ ခု ရှိခဲ့ပါတယ်။ အဲ့ဒီထဲမှာ မြေရှားသတ္တု တူးဖော်တဲ့နေရာက ၅၁၄ ခုအထိ ရှိနေတယ်လို့ ဆိုပါတယ်။
ကချင်မှာ မြေရှားသတ္တုတူးတာတွေ ဒီလောက် တိုးလာရတာက တရုတ်နိုင်ငံရဲ့ မူဝါဒအပြောင်းအလဲနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အခွင့်အရေးယူပြီး တူးဖော်မှုတွေကြောင့် အရှိန်အဟုန် တိုးလာတာလို့ သုတေသီတွေက ထောက်ပြကြပါတယ်။
ဒီလိုတူးဖော်မှုတွေကြောင့် သစ်တောတွေပြုန်း၊ ရေနဲ့ မြေဆီလွှာတွေ ညစ်ညမ်းပြီး တောရိုင်းတိရစ္ဆာန်တွေပါ မျိုးသုန်းကုန်မယ့် အန္တရာယ်နဲ့ ကြုံနေရတယ်လို့ သုတေသနစာတမ်းမှာ ဖော်ပြထားပါတယ်။

သတင်းထောက်တွေရဲ့ စကားအရဆိုရင် အခုညီလာခံမှာ စျေးရောင်းအကောင်းဆုံးနဲ့ လူထုစိတ်ဝင်စားမှုကတော့ ကချင်ပြည်နယ်မှာ တူးဖော်နေတဲ့ မြေရှားကိစ္စလို့ ဆိုနိုင်မယ်ထင်ပါတယ်။
အခုနောက်ပိုင်း ကချင်ပြည်နယ် ချီဖွေ-ပန်ဝါဒေသကို ၂၀၂၄ ခုနှစ်အတွင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) က ပြန်ထိန်းချုပ်ထားပြီးနောက်ပိုင်း စည်းမျဉ်းအချို့ ချမှတ်လာပေမယ့်လည်း ပွင့်လင်းမြင်သာမှုနဲ့ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးအပိုင်းမှာတော့ စိန်ခေါ်မှုတွေ ရှိနေတုန်းပဲလို့ သုတေသီတွေက ထောက်ပြခဲ့ကြတယ်။
ဒါဟာ မြန်မာ့အရေးမှာ သယံဇာတ ပြဿနာကလည်း စစ်ရေးလိုပဲ အရေးကြီးတယ်ဆိုတာကို မီးမှောင်းထိုးပြလိုက် တာပါပဲ။
သျှမ်းပြည်နဲ့ သဘာဝဘေးအန္တရာယ်
သျှမ်းပြည်မှာလည်း လက်နက်ကိုင်တပ်ဖွဲ့တွေ လွှမ်းမိုးတဲ့နေရာတွေမှာ မြေရှားသတ္တုတူးဖော်တာတွေ ပိုများလာပါတယ်။ ဒါပေမယ့် ဒီညီလာခံမှာတော့ သျှမ်းပြည်နဲ့ ပတ်သက်တဲ့ သဘာဝပတ်ဝန်းကျင် သုတေသနစာတမ်းတွေ မတွေ့ခဲရပါဘူး။
မြေရှားနဲ့ပတ်သက်ပြီး သျှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ကလည်း ထုတ်ပြန်ခဲ့ပေမဲ့ ဒီညီလာခံမှာ သုတေသီတွေရဲ့ သျှမ်းပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စာတမ်းကို မတွေ့ရှိသလောက်ပါပဲ။
သျှမ်းပြည်နဲ့သက်ဆိုင်တဲ့ သုတေသနတွေကတော့ သျှမ်းအမျိုးသားရေးဝါဒ အကျပ်အတည်းနဲ့ သျှမ်းလက်နက်ကိုင်ခေါင်းဆောင်မှု၊ ဖက်ဒရယ်သျှမ်းပြည်အတွက် စီးပွားရေးမူဝါဒတရပ်နဲ့ ဘဏ္ဍရေးဖက်ဒရယ်စနစ် နဲ့အာဏာခွဲဝေကျင့်သုံးတဲ့ အုပ်ချပ်ရေးစနစ်၊သျှမ်းရွှေပြောင်းအလုပ်သမားကိစ္စ စာတမ်းတွေပါပဲ။
သျှမ်းပြည်ဟာ အကျယ်ဆုံး ပြည်နယ်ဖြစ်သလို တိုင်းရင်းသားပေါင်းစုံနဲ့ လက်နက်ကိုင်ပေါင်းစုံ နေထိုင်တဲ့ နယ်မြေတစ်ခုပါ။
ဒါ့အပြင် သစ်တောတွေလည်း စိမ်းလန်းစိုပြေသလို တောတောင်သဘာဝနဲ့ မြေယာတွေ အရမ်းကောင်းမွန်ပြီး စိုက်ပျိုးရေးအတွက် အားကိုးရတဲ့ ပြည်နယ်ဆိုရင် အမှားဘူးလို့ ထင်ပါတယ်။
ဒါပေမဲ့ အခုတော့ လက်နက်ကိုင်တပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေတွေမှာ သယံဇာတ ထုတ်လုပ်မှုတွေ အလွန်အကျွံ ထုတ်ယူနေကြတာကြောင့် အကျိုးဆက်ကို လူထုကပဲ ခါးစီးခံနေရတယ်။
မိုးတွင်းရောက်တိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်တို့၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းဖြတ်နဲ့ မိုင်းယောင်း တစ်ကြောတို့မှာ ရေကြီးမြေပြိုဒဏ်ကို နှစ်စဉ် ကြုံတွေ့နေရပါတယ်။

ဒီပြဿနာတွေက ကျနော်တို့ဆီတင် မကပါဘူး။ နယ်စပ်ဖြတ်ကျော်စီးဆင်းတဲ့ မယ်ဆိုင်မြစ်၊ နမ့်ခုတ်မြစ်ဘေးမှာ နေထိုင်တဲ့ ထိုင်းနိုင်ငံ လူထုတွေလည်း ခံစားနေရပါတယ်။ အခုဆိုရင် သဘာဝပတ်ဝန်းကျင် ပျက်စီးမှုအပြင် မြစ်တွေ ညစ်ညမ်းပြီး ငါးတွေတောင် မျိုးသုန်းကုန်ပါပြီ။
လက်ရှိသတ္တုတူးဖော်မှုတွေ၊ မြေရှားတူးဖော်မှုလုပ်တဲ့နေရာကလည်း လက်နက်ကိုင်တွေ ထိန်းချုပ်တဲ့ နယ်မြေဖြစ်နေတဲ့အတွက် သုတေသနလုပ်ရန် ခက်ခဲကောင်း ခက်ခဲနိုင်ပါတယ်။
ဒါပေမယ့် သျှမ်းပြည်ပြုပြင်ပြောင်းလဲဖို့ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု လျော့နည်းဖို့နဲ့ လူထုကြုံတွေ့ နေရတဲ့ သဘာဝဘေးဒဏ်ကာကွယ်ဖို့ကလည်း အလွန်ပင်အရေးကြီးနေပါတယ်။
ဒါ့ကြောင် သျှမ်းပြည်ဘက်မှာ ဖြစ်ပေါ်နေတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် လူထုနဲ့ အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေ၊ နယ်မြေစွန့်ခွာပြီး ရွှေ့ပြောင်းနေရတဲ့ ပြဿနာတွေအပေါ် သုတေသနတွေ ပိုလုပ်ဖို့ လိုအပ်နေပါပြီ။
နိဂုံးချုပ်
မြန်မာ့အရေးကို ဆွေးနွေးတဲ့အခါ စစ်ရေးနဲ့ နိုင်ငံရေးတင် မဟုတ်ဘဲ သဘာဝပတ်ဝန်းကျင်၊ သယံဇာတနဲ့ ရာသီဥတုပြောင်းလဲမှု ပြဿနာတွေကိုပါ ပိုပြီး ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။
ဒီလို သုတေသနစာတမ်းတွေဟာ တိုင်းပြည်ကို အုပ်ချုပ်နေသူတွေ၊ နောင်တက်လာမယ့် အနာဂတ် ခေါင်းဆောင်တွေ နဲ့ လူထုရဲ့ လက်ထဲကို တကယ်ရောက်ရှိဖို့ မျှော်လင့်သလို မီဒီယာတွေနဲ့ချိတ်ဆက်ပြီး သုတေသနစာတမ်းတွေ ကို အများပြည်သူသိရှိအောင် ဖြန့်ဝေနိုင်ရင်လည်း ပိုပြီးကောင်းမွန်လာမယ်လို ယုံကြည်ပါတယ်။
ဒါမှသာ မြန်မာနိုင်ငံရဲ့ အနာဂတ် တိုင်းပြည်သစ်ကို ပြုပြင်ပြောင်းလဲတဲ့နေရာမှာ အမှန်တကယ် ထိရောက်မှာ ဖြစ်ပါတယ်။













Leave a Comments