Tuesday, January 27, 2026

သျှမ်းပြည်မှတင်သွင်းသည့် မြေရှားသတ္တု ငွေအရင်းအမြစ်ကို ထိုင်းအစိုးရစစ်ဆေးရန် Fuadi Pitsuwan ထောက်ပြ

အမေရိကန်နှင့် ထိုင်းနိုင်ငံတို့အကြား အရေးပါသော မြေရှားသတ္တုများ၏ ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးကွင်းဆက်နှင့် ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်ရန် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ MOU ကို လက်မှတ်ရေးထိုးခဲ့သည်။

ထိုလက်မှတ်ရေးထိုးမှုနှင့် ပတ်သက်၍ Thammasat တက္ကသိုလ် နိုင်ငံရေးသိပ္ပံဌာနမှ ကထိကဖြစ်သူ မစ္စတာ ဖူအာဒိ ဖိဆုဝဏ် Fuadi Pitsuwan က အင်တာဗျူး ဖြေကြားခဲ့ရာ ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံတကာ အာဏာချိန်ခွင်လျှာအရ ရွေးချယ်စရာ များစွာ မရှိကြောင်း၊ ယခုပြဿနာသည် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပညာရပ်ပိုင်းဆိုင်ရာ မေးခွန်းတစ်ခုဖြစ်ကြောင်း ပြောဆိုသည်။

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် အသုံးပြုရေး၊ လျှပ်စစ်ကား EV များနှင့် အဆင့်မြင့်နည်းပညာသုံး စက်မှုလုပ်ငန်းများကဲ့သို့ အစိမ်းရောင် စီးပွားရေးအဖြစ် တိုးတက်ပြောင်းလဲလိုပါက မြေရှားသတ္တု တူးဖော်ခြင်းမှ သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများနှင့် အလဲအထပ် လုပ်ရမည်ဖြစ်ပြီး ရှောင်လွဲမရကြောင်း မစ္စတာ ဖူအာဒိ က ပြောသည်။

ထိုသို့ အလဲအထပ် ပြုလုပ်ရပါက ရေရှည်တွင် ထိုက်တန်မှု ရှိ မရှိ မေးခွန်းထုတ်ရန် လိုအပ်ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံများ အာဏာပါဝါ ပြိုင်ဆိုင်မှုကို ရှောင်လွဲမရနိုင်သကဲ့သို့ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု လားရာ ကိုလည်း ဟန့်တားမရနိုင်ခြင်းကြောင့် ပြဿနာများကို စနစ်တကျ ဖြေရှင်းရန်လိုကြောင်း မစ္စတာ ဖူအာဒိ က ပြောဆိုသည်။

ဆိုလိုသည်မှာ သတ္တုတူးဖော်မှု ရှိနေသည့် မြစ်ဝှမ်းတလျှောက်ရှိ သဘာဝပတ်ဝန်းကျင်နှင့် ဒေသခံ လူနေမှုဘဝ အပေါ် သက်ရောက်မှု လျှော့ချရန် သတ္တုတူးဖော်ရာတွင် ယခုထက် ပိုမိုနည်းစနစ်ကျသည့် စီမံခန့်ခွဲမှု နည်းလမ်းများဖြင့် လုပ်ဆောင်နိုင်ခြင်း ရှိ ၊ မရှိ ဆက်လက် မေးခွန်းထုတ်ရမည်ဟု ဆိုသည်။

“သတ္တုတွင်းတွေကို တာဝန်ခံမှုရှိရှိ တူးဖော်ဖို့ ဆုံးဖြတ်မယ်ဆိုရင် စီးပွားရေးမိတ်ဖက်အသစ်တွေ ရှာရမယ်။ ဒီမိတ်ဖက်တွေက ထိုင်းနိုင်ငံထဲမှာ ရှိနေတဲ့ ကုမ္ပဏီတွေ သတ်မှတ်စံနှုန်းနဲ့ ကိုက်ညီတဲ့ စီမံခန့်ခွဲမှု နည်းလမ်းတွေ သုံးပြီး သတ္တုတူးဖော်နိုင်ဖို့၊ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအပေါ် မှီခိုအားထားရတာ လျော့ချနိုင်ဖို့ အခြေအနေတွေ ဖန်တီးဖို့လိုတယ်။ ကျနော့်အမြင်ကတော့ သတ္တုတူးဖော်တဲ့ နေရာမှာ မြင့်မားတဲ့ စံချိန်စံနှုန်းတွေ ရှိပြီး အင်အားကြီးနိုင်ငံ စာရင်းထဲ ဒုတိယနေရာမှာ ရှိနေတဲ့ ဩစတေးလျ၊ ကနေဒါနဲ့ ဂျပန်နိုင်ငံတွေဟာ သင့်တော်တဲ့ မဟာဗျူဟာမြောက် မိတ်ဖက်တွေ ဖြစ်လာနိုင်တယ်”ဟု မစ္စတာ ဖူအာဒိ က အကြံပြုသည်။

ယခင်က USGS ထုတ်ပြန်သော အချက်အလက်များအရ ထိုင်းနိုင်ငံတွင် သီးသန့်အရန် ထားရှိသည့် မြေရှားသတ္တု (Rare Earth Reserves) ၄၅၀၀ တန်နီးပါး ရှိကြောင်း ဖော်ပြခဲ့သော်လည်း ယမန်နှစ် ထုတ်လုပ်မှုစာရင်းတွင် ၁၃၀၀၀ တန်အထိ ရောက်ရှိခဲ့ခြင်းကြောင့် ထိုင်းနိုင်ငံသည် “ဟန်ချက်မညီ”သည့် တစ်ခုတည်းသော နိုင်ငံ ဖြစ်လာခဲ့ကြောင်း မစ္စတာ ဖူအာဒိ က ၎င်းဖေ့စ်ဘုတ် လူမှုကွန်ရက်တွင် ထောက်ပြထားသည်။

သျှမ်းပြည်အတွင်း မြေရှားသတ္တု တူးဖော်ထုတ်လုပ်ရာတွင် တရုတ်ကုမ္ပဏီ ပါဝင်ပတ်သက်နေကြောင်း ထုတ်ဖော်ပြောဆိုနေကြပြီး ထိုင်းနိုင်ငံမြောက်ပိုင်းရှိ မြစ်ချောင်းများကို အာဆင်းနစ် အဆိပ်သင့် ညစ်ညမ်းစေကြောင်း၊ အဆိုပါ မြေရှားသတ္တုတွင်းများမှ တချို့တဝက်သည် ထိုင်းနိုင်ငံထဲ ကုန်ချော ပြုပြင်ထုတ်လုပ်ရန် တင်သွင်းလာနိုင်ကြောင်း၊ ထိုမှတဆင့် ထိုင်းနိုင်ငံရှိ သတ္တုတွင်းအမည်ဖြင့် ဆက်လက်တင်ပို့နေသည်ဟု ယူဆနိုင်သည်။

ထို့ကြောင့် ထိုင်းအစိုးရအနေဖြင့် သျှမ်းပြည်မှ မြေရှားသတ္တုများကို လက်ခံဝယ်ယူနေသည့် ထိုင်းကုမ္ပဏီများကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပြီး နောက်ကြောင်းပြန်‌ ခြေရာခံနိုင်သည့် Traceability စနစ်တစ်ခု ထူထောင်သင့်ကြောင်း မစ္စတာ ဖူအာဒိ က ပြောဆိုထားသည်။

“လျှပ်စစ်ကား EV ထုတ်လုပ်ဖို့၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင် ဒါမှမဟုတ် အဆင့်မြင့်နည်းပညာ ဖြစ်ဖြစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးမှုလမ်းကြောင်းဟာ သတ္တုတူးဖော်မှုလုပ်ငန်းနဲ့ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုပေါ်မှာ အမြဲတမ်း မူတည်နေပါတယ်။ ထုတ်လုပ်တဲ့ ပမာဏ အနည်းအများပဲ ကွာတာပါ။ ဒီပြဿနာကို တကယ်ဖြေရှင်းနိုင်ဖို့ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး နဲ့ နိုင်ငံတကာ ထောက်ပံ့ရေးကွင်းဆက် အပါအဝင် ရှုထောင့်အားလုံးကို ထည့်သွင်းစဉ်းစားရပါမယ်။ အရေးကြီးတဲ့ မေးခွန်းကတော့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးတဲ့၊ ရေစီးဆင်းမှုကို ထိန်းချုပ်တဲ့၊ အနာဂတ် နည်းပညာ ပြိုင်ဆိုင်မှုမှာ ထိုင်းနိုင်ငံရဲ့ အခွင့်အလမ်းတွေကို မပိတ်ဆို့တဲ့ မြေရှားသတ္တု မူဝါဒကို ဘယ်လိုရေးဆွဲမလဲ ဆိုတာပါပဲ”ဟု မစ္စတာ ဖူအာဒိ က ထောက်ပြသည်။

အလားတူ ထိုင်းလွှတ်တော်အမတ်ဖြစ်သူ မစ္စတာ ကန်နဝီ Kannavee Suebsang မှ မြေရှားသတ္တု ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သည့် ထိုင်းဝန်ကြီးချုပ် မစ္စတာ အနုထင် Anutin Charnvirakul ကို ထိုင်းလွှတ်တော်ထဲတွင် မေးမြန်းခဲ့ရာ ထိုင်းနိုင်ငံတွင် မြေရှားသတ္တု အမှန်တကယ် တူးဖော်ထုတ်လုပ်နေခြင်း မရှိကြောင်း၊ မြေရှားသတ္တု ထုတ်ယူနိုင်သည့် ခဲ၊ သံဖြူ ကဲ့သို့ သတ္တုရိုင်းများသာ ထုတ်လုပ်သည်ကို သိထားကြောင်း ပြောဆိုခဲ့သည်။

သို့သော် အိမ်နီးချင်း မြန်မာနိုင်ငံတွင် မြေရှားသတ္တု တူးဖော်ခြင်းကြောင့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်နှင့် ချင်းရိုင်းခရိုင်ရှိ ပြည်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ကျွမ်းကျင်ပညာရှင်များသည် ယခုနှစ်ဆန်းပိုင်းမှ စတင်ပြီး နယ်စပ်ဖြတ်ကျော် ညစ်ညမ်းမှု ပြဿနာများ ထိခိုက်ခံစားခဲ့ရသည်ကို ထိုင်းဝန်ကြီးချုပ် သိရှိထားခြင်း ရှိ မရှိ မစ္စတာ ကန်နဝီ က မေးမြန်းခဲ့သည်။

ထိုင်းဒုတိယဝန်ကြီးချုပ်၊ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး Suchart Chomklin နဲ့အတူ ချင်းမိုင်၊ ချင်းရိုင်းဘက် ကွင်းဆင်းလေ့လာပြီး မြေရှားသတ္တု တူးဖော်မှုကြောင့် ဒေသခံများ ကြုံတွေ့နေရသည့် အခက်အခဲများ မေးမြန်းခဲ့ကြောင်း၊ မယ်ဆိုင်ချောင်း၊ မယ်ဟုတ်ချောင်း၊ နမ့်ခုတ်မြစ်နှင့် မဲခေါင်မြစ်တလျှောက် မြေရှားတူးဖော်မှုကြောင့် နိုင်ငံ (၄) နိုင်ငံတွင် နယ်စပ်ဖြတ်ကျော် သက်ရောက်မှုများ ထိခိုက်ခံစားနေရသော်လည်း ထိုင်းနိုင်ငံအနေဖြင့် အမေရိကန် ပြည်ထောင်စုနှင့် သဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးခဲ့သည်ကို အံ့အားသင့်မိကြောင်း မစ္စတာ ကန်နဝီက ပြောဆိုသည်။

“ကျနော် တကယ်နားမလည်နိုင်တာက ဝန်ကြီးချုပ်ကို မေးခွန်းသုံးခု မေးချင်ပါတယ်။ နံပါတ် ၁ အနေနဲ့ နယ်စပ်ဖြတ်ကျော် အဆိပ်သင့် ညစ်ညမ်းမှုတွေ ထိခိုက်ခံစားနေရပေမယ့် ဘာကြောင့် သဘောတူညီချက်ကို လက်မှတ်ထိုးခဲ့တာလဲ။ နံပါတ် ၂ က ထောက်ပံ့ရေးကွင်းဆက်ကနေ ကျွန်တော်တို့ သူတို့ကို ဖွံ့ဖြိုးတိုးတက်အောင် ကူညီပေးမယ်လို့ ဆိုလိုတာလား၊ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့က အစိုးရအဖွဲ့ အစည်းအဝေးမှာ သက်ဆိုင်ရာဌာနတွေနဲ့ ဒီကိစ္စကို ဘယ်အတိုင်းအတာထိ ဆွေးနွေးခဲ့လဲ။ နံပါတ် ၃ က နားလည်မှုစာချွန်လွှာ MOU လက်မှတ်မရေးထိုးခင်မှာ ဥပဒေရေးရာ ပြဿနာတွေ မရှိစေဖို့ နိုင်ငံတော်ကောင်စီရုံးကို သေချာမေးမြန်းခဲ့သလား”ဟု မစ္စတာ ကန်နဝီ က မေးခွန်းထုတ်သည်။

ခွန်သောမတ်စ် ရေးသည်။

© Transborder News တွင် ထိုင်းဘာသာဖြင့် ရေးသားသော “သျှမ်းပြည်မှတင်သွင်းသည့် မြေရှားသတ္တု ငွေအရင်းအမြစ်ကို ထိုင်းအစိုးရစစ်ဆေးရန် Fuadi Pitsuwan ထောက်ပြ” https://transbordernews.in.th/home/?p=44308 ဆောင်းပါးကို ဆီလျှော်အောင် မြန်မာဘာသာပြန်သည်။

(ခွန်သောမတ်စ် သည် Environmental Journalism နှင့် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေးကို လေ့လာသူတစ်ဦး ဖြစ်သည်။)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ထိုင်း-မြန်မာနယ်စပ်တွင် တူးဖော်နေသည့် မြေရှားနှင့်ရွေလုပ်ငန်း တရုတ်အစိုးရ ပါဝင်ပတ်သက်နေ

0
ထိုင်း-မြန်မာနယ်စပ် သတ္တုတွင်းလုပ်ငန်းများကြောင့် ဒေသခံ တစ်သန်းကျော်၏ ကျန်းမာရေးကို ခြိမ်းခြောက်နေသော်လည်း တရုတ်အစိုးရမှ ကျောထောက်နောက်ခံ ပြုထားသော ကုမ္ပဏီတစ်ခုသည် ယင်းသတ္တုတူးဖော်မှုလုပ်ငန်းကို ဆက်လက်လုပ်ကိုင်နေသည်။ တရုတ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသော China Investment Mining အမည်ရ ကုမ္ပဏီသည် အာဏာသိမ်းပြီးနောက် ၂၀၂၃ နှစ်လယ်ပိုင်းကတည်းက သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်မြို့နယ်...