သျှမ်းပြည် နမ့်ဆန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းသဖြင့် နေအိမ်ပေါ် မြေပြိုကျပြီး ကလေးငယ် တစ်ဦး နှင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ ( ဇွန်လ ၂၆ ရက်) မနက် ၃ နာရီဝန်းကျင် နမ့်ဆန်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး ရပ်ကွက် (၈) ရှိ နေအိမ်တစ်ခုပေါ်သို့ မြေပြိုကျသဖြင့် ကလေးငယ်တစ်ဉီး နှင့် အမျိုးသားတစ်ဦး မြေပိကာ သေဆုံးခဲ့ရကြောင်း နမ့်ဆန်မြို့ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“မိုးတွေတအားရွာလို့ အဲ့ရပ်ကွက်ဘက်မှာကလည်း မြေနီတွေများတယ်။ မိုးတအားရွာတာကြောင့် အဲ့မြေတွေက ပျော့ပြီး နေအိမ်ပေါ်ပြိုကျသွားတာမျိုးပါ။ ၂ ယောက်သေတယ်လို့ သိရတယ်။”ဟု ၎င်းကပြောသည်။
ထိုမြေပြိုမှုကြောင့် အသက် (၃)နှစ်အရွယ်ရှိ သမီးဖြစ်သူ မခိုင်သဇင်မြင့် နှင့် အသက် ၃၈အရွယ်ရှိ ဖခင်ဖြစ်သူ ဦးညွှန်မြင့်တို့၏ ဦးခေါင်းတွင် ထိခိုက်ဒဏ်ရာရဖြင့် သေဆုံးခဲ့ကြောင်း TNLA မှ ယနေ့ ( ဇွန်လ ၂၆ ရက်) တွင် သတင်းထုတ်ပြန်ခဲ့သည်။
ယခုအချိန်တွင် မိုးရာသီ ကာလ ဖြစ်နေသည်အတွက် မိုးများအဆက်မပြတ်ရွာသွန်းနေသောကြောင့် မြေပြိုမှုနှင့် ရေကြီးအန္တရာယ်များရှောင်ရှားနိုင်ရန် မိဘပြည်သူလူထုများအနေဖြင့် အထူးသတိပြုရန် လိုအပ်ကြောင့် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။












Leave a Comments