မြန်မာပြည် မြေပုံရဲ့ လေးပုံ တစ်ပုံခန့် ကျယ်ဝန်းတဲ့ သျှမ်းပြည်ဟာ အမျိုးမျိုးသော သဘာဝ သယံဇာတတွေ ထွက်ရှိတဲ့ပြည်နယ် ဖြစ်ပေမယ့်လည်း မြေပေါ်မြေအောက် တွင်းထွက်သယံဇာတတွေကို တူးဖော်ထုတ်ယူပြီး ကုန်ကြမ်းအဖြစ်နဲ့သာ နိုင်ငံခြားကို တင်ပို့ရောင်းချနေရပါတယ်။
အဲ့ဒီထဲမှာ မြေရှားသတ္တု၊ ရွှေ၊ ငွေနဲ့ အဖိုးတန် သစ်အမျိုးမျိုး စတဲ့ သဘာဝ သယံဇာတတွေ ပါဝင်ပါတယ်။ သျှမ်းကုန်းပြင်မြင့်မှာ အဖိုးတန် မြေရှားသတ္တု ထွက်ရှိပေမယ့် တရုတ်နိုင်ငံက အဲ့ဒီဈေးကွက်ကို စိုးမိုးထားတာကြောင့် မူလပိုင်ရှင်တွေဟာ တရုတ်သနားမှ ချမ်းသာကြမယ့် အခြေအနေကို ရင်ဆိုင်နေရပါတယ်။
ဒါ့အပြင် သဘာဝ သယံဇာတတွေကို စည်းမဲ့ကမ်းမဲ့ ထုတ်ယူနေကြတာကြောင့် မြစ်ချောင်းအင်းအိုင်တွေ ပျက်စီး ခမ်းခြောက်လာတာ၊ တောင်ကတုံး များပြားလာပြီး ဂေဟစနစ် ပျက်ယွင်းလာတာတွေကို ဝမ်းနည်းဖွယ် မြင်တွေ့နေရပါတယ်။
သျှမ်းပြည်အတွင်း လက်နက်ကိုင်တပ်ဖွဲ့ ထိန်းချုပ်နယ်မြေထဲ မြေရှားသတ္တု တူးဖော်နေတဲ့ ဒေသတွေမှာလည်း တောင်တန်းတွေ ပျက်စီးရုံသာမက ရေအရင်းအမြစ်တွေ အဆိပ်သင့်ပြီး အသုံးပြုလို့ မရတဲ့အတွက် ဒေသခံလူထုအတွက် စိန်ခေါ်မှုကြီး ဖြစ်လာနေပါတယ်။ အဲ့ဒီလို မြေရှားသတ္တု တူးဖော်ထုတ်ယူမှုတွေကို ဆန်းစစ်ကြည့်မယ်ဆိုလည်း အာဏာပိုင်တွေနဲ့ ဆက်စပ်၊ နီးစပ်သူတွေ၊ ငွေကြေးအရင်းအနှီး တတ်နိုင်သူ လုပ်ငန်းရှင်တွေ ဖြစ်ကြပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်မှာ မြေရှားသတ္တု အပါအဝင် သဘာဝ သယံဇာတ တူးဖော်မှုတွေ ဘယ်လောက်ထိ တိုးများလာလဲ၊ ဘယ်သူတွေ တူးဖော်နေကြလဲ။ သျှမ်းပြည်တွင်း သယံဇာတတွေရဲ့ အနာဂတ် ဘယ်လိုဖြစ်လာနိုင်လဲ၊ ဘာတွေလုပ်ဖို့ လိုအပ်နေပြီလဲ ဆိုတာကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဟန်လင်းက ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် SHRF က ပြောရေးဆိုခွင့်ရှိသူ စိုင်းဟော်ရှဲန်ကို ဆက်သွယ်မေးမြန်းထားပါတယ်။
မေး ။ ။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်းပြည်အရှေ့ပိုင်းမှာ မြေရှားသတ္တု တူးဖော်မှုလုပ်ငန်းတွေ အထိန်းအကွပ်မရှိ တိုးချဲ့လာနေတယ်လို့ SHRF ရဲ့ ထုတ်ပြန်ချက်တွေမှာ တွေ့ရပါတယ်။ ပထမဆုံးအနေနဲ့ ဘယ်နေရာ ဘယ်ဒေသတွေမှာ အဓိက တူးဖော်နေလဲ၊ ဘယ်လောက်ထိ များလာလဲ ဆိုတာ ပြောပြပေးပါဦး။
ဖြေ ။ ။ စစ်တပ် အာဏာမသိမ်းခင်ကတည်းက သျှမ်းပြည်အရှေ့ပိုင်းမှာ မြေရှားသတ္တု တူးဖော်မှုတွေ ရှိပါတယ်၊ ဒါပေမယ့် အဲ့တုန်းက အခုလောက်တော့ မများဘူး။ မြေရှားသတ္တု တူးဖော်တယ် ဆိုတာကလည်း လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေ အထူးသဖြင့် ‘ဝ’တပ်ဖွဲ့ (UWSA) ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ တူးဖော်နေတာ တွေ့ရတယ်။ အဲ့တုန်းက သတ္တုတွင်းတွေက နှစ်ခု၊ သုံးခုလောက်ပဲ ရှိတယ်။
ဒါပေမယ့် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း Rare Earth လို့ခေါ်တဲ့ မြေရှားသတ္တု တူးဖော်မှုတွေက အရင်ကထက် ပိုများလာတယ်၊ အဆမတန် များလာတာကို တွေ့ရတယ်။ တစ်ဘက်မှာလည်း အာဏာသိမ်းစစ်တပ်က ထိန်းချုပ်နယ်မြေတွေ လက်လွတ်ဆုံးရှုံးရ၊ စစ်ရေး နိုင်ငံရေးနဲ့ ပတ်သက်ပြီး ရှုပ်ထွေးနေတဲ့ အချိန်ကာလမှာ အဲ့တာကို အခွင့်ကောင်းယူပြီး အမြတ်ရသလောက် ထုတ်ရောင်းနေကြတာပေါ့။
ရှင်းရှင်းပြောရရင်တော့ ပွဲလန့်တုန်း ဖျာဝင်ခင်းကြတာပေါ့။ ပွဲလန့်တုန်း ဖျာခင်းပြီး အချောင်နေရာယူသလိုပဲ အခြေအနေ ဗရုတ်ဗရက်ဖြစ်နေတဲ့အချိန်မှာ အခွင့်အရေးကို အရယူဖို့ ကြိုးစားကြတာပါ။ အဲ့တာကြောင့် မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက်ပိုင်း မြေရှားသတ္တုတူးဖော်မှုတွေ တိုးလာရတာ။
အခု ကျနော်တို့ စုံစမ်းရရှိထားတဲ့ အချက်အလက်တွေအရ သျှမ်းပြည်အရှေ့ပိုင်းမှာ မြေရှားသတ္တု တူးဖော်မှုတွေ နှစ်နေရာ ရှိပါတယ်။ ‘ဝ’တပ်ဖွဲ့ UWSA ထိန်းချုပ်နေရာနဲ့ မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ်နေရာမှာပါ။ သျှမ်းပြည်အရှေ့ပိုင်း မိုင်းပေါက်၊ မိုင်းဆတ်နဲ့ မိုင်းယွန်း ဒေကကတော့ UWSA ထိန်းချုပ်ထားတဲ့ နယ်မြေတွေ ဖြစ်တယ်။

ဒါပေမယ့် ထိုင်း-မြန်မာနယ်စပ် မိုင်းဆတ်နဲ့ မိုင်းယွန်းမှာတော့ ‘ဝ’တပ်ဖွဲ့ UWSA တင်မဟုတ်ဘူး၊ စစ်တပ်လည်း ပါတယ်။ တရုတ်-မြန်မာနယ်စပ် မိုင်းပေါက်ဘက်မှာတော့ UWSA တိုက်ရိုက်အုပ်ချုပ်ထားတဲ့ နယ်မြေတွေ။ ပြီးတော့ သိပ်မကြာခင်ကလည်း မိုင်းလားတပ် NDAA ထိန်းချုပ်ထားတဲ့ နယ်မြေမှာလည်း မြေရှားသတ္တု တူးဖော်မှုတွေ ရှိနေတာ ထပ်တွေ့လာရတယ်။
မေး ။ ။ သျှမ်းပြည်မှာ မြေရှားသတ္တုအပြင် အခြားသတ္တုတွေကော တူးဖော်နေတာရှိလား၊ ဘာတွေကို တူးဖော်နေကြသလဲ။
ဖြေ ။ ။ သျှမ်းပြည်မှာတော့ သယံဇာတတွေ မျိုးစုံရှိပါတယ်။ ကျနော်တို့ SHRF က ထုတ်ပြန်ထားဖူးတဲ့ အချက်အလက်အရ သျှမ်းပြည်အရှေ့ပိုင်းမှာဆိုရင် မြေရှားပေါ့။ ဒါ့အပြင် သျှမ်းတောင်နဲ့ သျှမ်းမြောက်ဘက်မှာ ဆိုရင်လည်း သံ၊ ခနောက်စိမ်း၊ ကျောက်မီးသွေး၊ ငွေ၊ ခဲ၊ သွပ်၊ ရွှေ၊ မန်းဂနိစ် စတဲ့ အဖိုးတန် သတ္တုပစ္စည်းများစွာ ရှိပါတယ်။
ရွှေကတော့ အခုထိ တူးဖော်နေတုန်းပဲ။ သျှမ်းပြည်အရှေ့ပိုင်း တာလေ၊ မိုင်းလင်း၊ နားဟိုင်းလုံ ဘက်မှာ တူးနေတာပါ၊ အခုထိ မရပ်သေးဘူး။ ဆိုလိုတာက ရွှေတူးဖော်မှုတွေလည်း ရှိနေတယ်၊ ဆက်လည်း လုပ်နေသေးတယ် မရပ်သေးဘူးပေါ့။
မေး ။ ။ သျှမ်းပြည်အရှေ့ပိုင်းမှာ ဘာကြောင့် အခုလို မြေရှားသတ္တုနဲ့ ရွှေ အပါအဝင် သတ္တုတူးဖော်မှု လုပ်ငန်းတွေ များလာရတာလဲ။
ဖြေ ။ ။ နံပါတ် (၁) အချက်ကတော့ ရင်းနှီးမြှုပ်နှံတဲ့သူတွေ၊ (၂) အချက်ကတော့ ဒေသတွင်း အာဏာပိုင်တွေနဲ့ သက်ဆိုင်တယ်။ အာဏာပိုင်တွေဆိုတာက မြန်မာနိုင်ငံမှာ အကျိုးတူခံစားခွင့် ရှိရတယ်မလား၊ အဲ့လို အကျိုးတူခံစားခွင့် မရရင်လည်း အခွန်ကောက်တယ်။ ဒါကြောင့် သဘာဝပတ်ဝန်းကျင်ကို အပျက်အစီးခံပြီး သယံဇာတကို တူးဖော်မယ်ဆိုရင် အစိုးရဆီက တရားဝင် တူးဖော်ခွင့် (ပါမစ်) တောင်းရတယ်၊ အဲ့ဒီခွင့်ပြုချက်ရမှ တူးဖော်လို့ ရတာကို။
ဒါကြောင့် ရင်းနှီမြှုပ်နှံတဲ့ ကုမ္ပဏီတွေနဲ့ ဒေသတွင်း အာဏာပိုင်တွေက ပတ်သက် ဆက်နွယ်မှု ရှိနေတယ်။ ဒီသတ္တုတွေကလည်း မြေအောက်မှာပဲ ရှိတယ်၊ ပြီးတော့ အဖိုးတန် ပစ္စည်းတွေလေ။ ဒါကြောင့် ဘယ်နေရာမှာ ထွက်သလဲ လိုက်ရှာပြီး တူးဖော်နေကြတာ၊ အဲ့တာတွေကို သတ္တုရိုင်းအဖြစ်နဲ့ ကုန်ကြမ်းရပြီဆိုရင် ထုတ်ရောင်းကြတယ်။
ဒါပေမယ့် မြေရှားကတော့ တခြားဟာနဲ့မတူဘူး၊ ပိုပြီးထူးခြားတယ်။ နာမည်ကိုက Rare Earth မြေရှားသတ္တုဆိုတော့ ရှားတယ်လေ၊ ဒါကြောင့် ရှားပါးတဲ့ သတ္တုဖြစ်တဲ့အတွက် တန်ဖိုးကလည်း ကြီးတယ်။ ပြီးတော့ မြေရှားက လျှပ်စစ်ကား (EV)၊ လေစွမ်းအင်သုံး တာဘိုင်တွေ၊ စမတ်ဖုန်း၊ ကွန်ပျူတာနဲ့ လျှပ်စစ်ပစ္စည်းတွေ ထုတ်လုပ်တဲ့နေရာမှာ အရေးပါတယ်။
ဒါတွေတင် မကပါဘူး၊ မြေရှားသတ္တုက ကာကွယ်ရေးမှာ ဥပမာ- တိုက်လေယာဉ် F-35 လိုနေရာမျိုးမှာ အသုံးချတယ်။ ဒါကြောင့် မြေရှားက မြေအောက်မှာရှိတဲ့ အဖိုးတန် သယံဇာတ ဖြစ်တဲ့အလျောက် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်တဲ့နေရာမှာလည်း အလွန်အရေးပါတဲ့အတွက် မြေရှားရှိတဲ့ နိုင်ငံမှာ အာဏာပါဝါ ရှိတယ်။ ဒါကြောင့်လည်း ကမ္ဘာ့အင်အားကြီးနိုင်ငံတိုင်းက မြေရှားသတ္တုတွေ ရအောင် အသည်းအသန် လိုက်ရှာဝယ်နေကြတာ။
မေး ။ ။ များသောအားဖြင့် သျှမ်းပြည်အရှေ့ပိုင်းက ထွက်တဲ့ မြေရှားသတ္တုကုန်ကြမ်းတွေကို ဘယ်ကို တင်ပို့ရောင်းချလဲ၊ ဘယ်လမ်းကြောင်းကနေ တင်ပို့လဲ။
ဖြေ ။ ။ မြေရှားကုန်ကြမ်းတွေ တင်ပို့တာနဲ့ ပတ်သက်ပြီး သျှမ်းပြည်အရှေ့ပိုင်း မိုင်းဆတ်နဲ့ မိုင်းယွန်းဒေသကို ကြည့်မယ်ဆိုရင်တော့ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို ဖြတ်ရတယ်။ အဲ့ဒေသမှာ ‘ဝ’တပ်ဖွဲ့ UWSA ရဲ့ ဂိတ်နဲ့ စစ်တပ်ရဲ့ ဂိတ်က နီးနီးလေးပဲ၊ သူတို့ဂိတ်တွေက မကင်းနိုင်ကြဘူး။ စစ်တပ်ရဲ့ စစ်ဆေးရေးဂိတ်ကို မဖြစ်မနေ ဖြတ်ရတယ်။
ဒါပေမယ့် တရုတ်နယ်စပ်ကို ကြည့်မယ်ဆိုရင်တော့ အဲ့ဒီဒေသတွေမှာ နေပြည်တော်က အစိုးရအရာရှိတွေ တိုက်ရိုက် မအုပ်ချုပ်နိုင်ဘူး၊ ဆိုတော့ ဒေသတွင်း အာဏာပိုင်တွေနဲ့ နားလည်မှုယူပြီး ထုတ်ရောင်းကြတာ ဖြစ်နိုင်တယ်။ အခု လောလောဆယ် လမ်းကြောင်းတွေကတော့ ရှင်းရှင်းလင်းလင်း မသိရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီအကြောင်းကို ကျနော်တို့ သတင်းထုတ်ပြန်ပြီးနောက်ပိုင်း ပိုပြီး လျှို့ဝှက်လုပ်ဆောင်လာကြလို့ အချက်အလက် အသစ်တွေရဖို့ ခက်ခဲသွားတယ်။
မေး ။ ။ အခု သျှမ်းပြည်အရှေ့ပိုင်းမှာ တူးဖော်နေတဲ့ ကုမ္ပဏီတွေကော ဘယ်က လာသလဲ၊ ဘယ်လောက်ထိ ရှိနေသလဲ။ အစိုးရပိုင် ကုမ္ပဏီတွေလား (သို့မဟုတ်) ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေလား။
ဖြေ ။ ။ မြေရှားသတ္တုနဲ့ ပတ်သက်ပြီး တူးဖော်နေတဲ့ ကုမ္ပဏီတွေကိုတော့ အခုအချိန်ထိ ကျနော်တို့ စုံစမ်းထောက်လှမ်း ရှာဖွေနေဆဲပဲ။ ဘယ်သူ့ ကုမ္ပဏီတွေလဲ၊ ဘယ်က ကုမ္ပဏီတွေလဲ ဆိုတာ စုံစမ်းထောက်လှမ်း ရှာဖွေနေဆဲမို့ ကျနော်တို့လည်း မထုတ်ပြန်နိုင်သေးဘူး။ အခုချိန်ထိ ကျနော်တို့ စုံစမ်းနေဆဲပါ။
မြေရှားသတ္တု တူးဖော်နေတဲ့အကြောင်းကို ကျနော်တို့ SHRF က သတင်းထုတ်ပြန်ပြီးနောက်ပိုင်း စုံစမ်းထောက်လှမ်းဖို့ အတွက်လည်း ပိုပြီး ခက်ခဲလာတယ်။ မြေရှားသတ္တုနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေရဲ့ နာမည်တွေလည်း အခုထိ ရှာလို့မတွေ့သေးဘူး။

ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေလည်း ကုမ္ပဏီ နာမည်ကို တပ်အပ် မပြောပြနိုင်ဘူးလေ။ ဒါပေမယ့် ဘယ်လိုလူမျိုးတွေကတော့ လာတူးနေတယ် ဆိုတာတော့ ပြောနိုင်တယ်။ ဒေသခံတွေရဲ့ ပြောပြချက်အရ တရုတ်စကားပြောတဲ့သူတွေ လာတူးနေတယ်လို့ ပြောတယ်။ ဆိုလိုတာက တရုတ်နဲ့ ဆက်နွယ်မှု ရှိနေတာလားပေါ့။ ဒါပေမယ့် တရုတ်ကုမ္ပဏီတွေ လာတူးနေတယ်လို့ ပြောဖို့ကလည်း တိကျခိုင်မာတဲ့ အချက်အလက်တွေ မရှိသေးဘူး။
မေး ။ ။ သျှမ်းပြည်အရှေ့ပိုင်းက ထွက်တဲ့ မြေရှားသတ္တုတွေဟာ တရုတ်ပြည်အတွက် ဘယ်လောက်ထိ အရေးပါသလဲ။ ဆိုလိုတာက တရုတ်ဟာ မြေရှားကုန်ကြမ်းရဖို့ဆိုရင် မြန်မာနိုင်ငံကို အလုံးစုံ မှီခိုနေရတာလား။
ဖြေ ။ ။ ကျနော်တို့ လေ့လာရသလောက်တော့ တရုတ်က မြေရှားကုန်ကြမ်းရဖို့ဆိုရင် မြန်မာနိုင်ငံကို အလုံးစုံ မှီခိုနေရတာတော့ မဟုတ်ဘူးဗျ။ တကယ်တော့ မြေရှားက မွန်ဂိုလီးယား နိုင်ငံမှာလည်း ရှိတယ်၊ ပြီးတော့ တခြားနိုင်ငံတွေမှာလည်း ရှိတယ် တရုတ်ပြည်မှာလည်း ရှိတယ်။ ဒါပေမယ့် မြေရှားက ခုနက ပြောသလိုပဲ နေရာတိုင်းမှာ အရေးပါနေတဲ့အတွက်၊ ပြီးတော့ မြေရှားသတ္တု အားလုံးနီးပါးကို လက်ဝါးကြီး အုပ်ထားသူက အိမ်နီးချင်း တရုတ်နိုင်ငံ ဖြစ်နေတယ်။
ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံက နံပါတ် (၁) အဆင့်မှာ ရှိနေတယ်။ ဒါကြောင့် မြေရှားက နေရာတိုင်းမှာ အရေးပါတဲ့အတွက် တရုတ်ကတော့ လက်ဝါးကြီးအုပ်ထားနိုင်တာ သူတို့အတွက်ကတော့ များလေလေ ကောင်းလေလေပဲ။ တခြားနိုင်ငံတွေလည်း မြေရှားကို ရှာကြပါတယ်၊ တရုတ်နိုင်ငံမှ မဟုတ်ပါဘူး။ ဒါပေမယ့် အခုအချိန်ထိ ကမ္ဘာပေါ်မှာ နံပါတ် (၁) ဖြစ်နေတာကတော့ တရုတ်နိုင်ငံပဲ။ တရုတ်ကတော့ အခွင့်အရေးကို အသုံးချပြီး မြေရှားသတ္တု အားလုံးနီးပါးကို လက်ဝါးကြီးအုပ်ထားတာ။
မေး ။ ။ မြေရှားဟာ ဒီလောက်ထိ တန်ဖိုးရှိနေတယ်ဆိုရင် သက်ဆိုင်ရာ ဒေသတွင်း အာဏာပိုင်တွေက ဘာလို့ မထိန်းသိမ်းထားရတာလဲ။ ဘာကြောင့် တခြားသူတွေကို လွယ်လွယ်ကူကူနဲ့ လာရောက်တူးဖော်ခွင့် ပြုထားတာလဲ။
ဖြေ ။ ။ ဒေသခံပြည်သူတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ မိမိရဲ့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ရဲ့ တန်ဖိုးကို နားလည်သူတွေကတော့ ထိန်းသိမ်းစေချင်တယ်၊ ကာကွယ်စေချင်တယ်။ ဒါပေမယ့် တစ်ဘက်မှာလည်း နိုင်ငံရေးက ရှုပ်ထွေးနေသလို၊ စစ်တပ်ကို နိုင်ငံအသီးသီးက စီးပွားရေး ပိတ်ဆို့ထားတာကြောင့် သူတို့(စစ်ကော်မရှင်တပ်)အတွက် ငွေကြေးနဲ့ ဘဏ္ဍာရေး ပိုကြပ်တည်းလာတယ်။
ဒါကြောင့် စစ်တပ်က တခြားနိုင်ငံတွေနဲ့ အရောင်းအဝယ် မလုပ်နိုင်တော့တဲ့အဆုံး ပြည်တွင်းထဲမှာရှိတဲ့ သတ္တုတွေကို ဘယ်နေရာမှာမဆို ပြင်ပက ကုမ္ပဏီတွေအနေနဲ့ကော၊ သူတို့ကို ထောက်ခံတဲ့ ပြည်ပနိုင်ငံတွေအနေနဲ့ကော သူတို့နဲ့ အကျိုးတူ လာရောက်ပူးပေါင်းလုပ်ကိုင်ဖို့ လမ်းဖွင့်ပေးထားတာ။ ဒါမှလည်း သူတို့က အာဏာကို ဆက်ပြီး ထိန်းထားနိုင်မယ်လို့ ကျနော်ကတော့ မြင်တယ်။
မေး ။ ။ မြေရှားတူးဖော်မှု လုပ်ငန်းဟာ သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးတွေ သက်ရောက်နေတာကို သက်ဆိုင်ရာ ဒေသခံတွေနဲ့ ဒေသတွင်း အာဏာပိုင်တွေ ဘာကြောင့် မတားဆီးနိုင်သလဲ။
ဖြေ ။ ။ ဒေသခံပြည်သူတွေကတော့ တားတယ်၊ စာထုတ်ပြီး ကန့်ကွက်တာတို့ ဆန္ဒပြတာတို့ ပုံစံအမျိုးမျိုးနဲ့ ကန့်ကွက်ဆန္ဒပြခဲ့ကြတယ်။ ဒါပေမယ့် ဘယ်နေရာမှာ လာခံနေလဲဆိုတော့ သြဇာ၊ အာဏာ၊ ပါဝါရှိတဲ့လူဆီမှာ ခံနေတာ။ သြဇာအာဏာရှိတဲ့သူတွေက သာမန်လူတွေ၊ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ဒေသခံ ပြည်သူတွေရဲ့ ဘဝကို မကြည့်ဘူး၊ မငဲ့ညာဘူး။ ဒါတင်မက သဘာဝပတ်ဝန်းကျင်ရော ဒေသခံပြည်သူတွေရဲ့ လယ်ယာတွေကိုပါ ဖျက်ဆီးပစ်တယ်။
သတ္တုတူးဖော်မှုရှိရင်တော့ မြေယာနဲ့ သဘာဝ ပတ်ဝန်းကျင်ပျက်စီးမှုလည်း ရှိတယ်၊ သစ်တောသစ်ပင်နဲ့ မြေမျက်နှာသွင်ပြင် စတဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးတော့ သဘာဝ ဘေးအန္တရာယ်လည်း ကြုံရတယ်။ သစ်ပင်တွေလည်း မရှိတော့တဲ့အတွက် ရုတ်တရက် သဘာဝဘေးအန္တရာယ် ဖြစ်လာရင်လည်း မကာကွယ်နိုင်တော့ဘူး။
ဒေသခံပြည်သူတွေ အနေနဲ့ တစ်နည်းမဟုတ် တစ်နည်းနဲ့ ကာကွယ်ဖို့ ကြိုးစားနေကြတယ်။ ဒါပေမယ့် သြဇာအာဏာ၊ ပါဝါရှိတဲ့ ပုဂ္ဂိုလ်တွေမှာ လာခံနေတာ။ ဒေသတွင်း အာဏာရှိတဲ့ လူတွေလည်း ဒေသခံပြည်သူတွေနဲ့ မပူးပေါင်းတဲ့အတွက်၊ ပူးပေါင်းကာကွယ်မှု မရှိတဲ့အတွက် သဘာဝပတ်ဝန်းကျင်က တစ်နှစ်ထက်တစ်နှစ် ယိုယွင်းပျက်စီးလာနေတယ်။
သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းတာနဲ့ ပတ်သက်ပြီး ကွယ်လွန်သူ ကာတွန်းဆရာ ဟန်လေး ရေးထားဖူးသလိုပဲ။ “သစ်ပင်မခုတ်ရ၊ ထောင်ဒဏ်ချမှတ်မယ်” ဆိုတာ ပြည်သူတွေ သစ်သွားခုတ်ရင် ထောင်ဒဏ်ချမှတ် ခံရသလိုမျိုးပေါ့။ ဒါပေမယ့် ကုမ္ပဏီတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ၊ စီးပွားရေးသမားတွေ သစ်လာခုတ်ရင်တော့ ဘာမှမဖြစ်ဘူး။ အဲ့လိုလူတွေ ဘာမှမဖြစ်တဲ့အပြင် ရွှေ၊ ငွေလည်း ရသွားသလိုမျိုးပေါ့။ ကျနော်တို့ ပြည်သူဘဝတွေကတော့ ကာတွန်းဆရာ ဟန်လေးရေးထားတဲ့ အတိုင်းပဲ။
မေး ။ ။ ဒါဆိုရင် သက်ဆိုင်ရာ ဒေသတွင်း အာဏာပိုင်တွေက သဘာဝပတ်ဝန်းကျင်အပေါ် အမြတ်ထုတ်နေတယ်လို့ ပြောလို့ရပါသလား။
ဖြေ ။ ။ အားလုံးကိုတော့ ပြောလို့မရပါဘူး။ တချို့အာဏာပိုင်တွေကလည်း သဘာဝပတ်ဝန်းကျင်ကို ကာကွယ်နေတာ ရှိတယ်။ တချို့တွေလည်း မကာကွယ်တာလည်း ရှိတယ်။ တကယ်တော့ ဒါက အစိုးရတစ်ရပ်ရဲ့ တာဝန်ဖြစ်တယ်။ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ရမယ်၊ တိုင်းပြည်ကို အေးချမ်းသာယာအောင် လုပ်ရမယ်ဆိုတာက အစိုးရမှာ တာဝန်အရှိဆုံး ဖြစ်တယ်။ ဒါပေမယ့် အစိုးရက ကာကွယ်ရမယ့်အစား သူများလာဖျက်ဆီးတာ၊ သတ္တုလာတူးတာကိုပါ ခွင့်ပြုနေတော့။ လက်ရှိအစိုးရကတော့ ပြည်သူတွေအတွက် လုပ်နေတာမဟုတ်ဘူး၊ သူတို့အတွက် လုပ်နေတာ။
မေး ။ ။ မြေရှားသတ္တုဟာ မြန်မာနိုင်ငံရေး အနာဂတ်ကိုကော တနည်းတဖုံ လွှမ်းမိုးလာနိုင်ခြေရှိလား။
ဖြေ ။ ။ တနည်းတဖုံ လွှမ်းမိုးလာနိုင်ခြေတော့ ရှိပါတယ်။ ဘာလို့လဲဆိုရင် မြေရှားသတ္တု ဖြစ်တဲ့အတွက် အဖိုးတန်သတ္တုလည်း ဖြစ်သလို တန်ဖိုးကလည်း ကြီးတယ်။ ဘယ်နိုင်ငံမဆို ရချင်ကြတယ်၊ ပိုင်ဆိုင်ချင်ကြတယ်။ ဒီမြေရှားသတ္တုကို အနောက်နိုင်ငံတွေရော အရှေ့နိုင်ငံတွေပါ ရချင်ကြတယ်၊ အထူးသဖြင့် အာဏာပါဝါရှိတဲ့ နိုင်ငံကြီးတွေက မြေရှားသတ္တုကို စိတ်ဝင်စားနေကြတယ်၊ မျက်စိကျနေတယ်။ မြေရှားကလည်း နေရာတိုင်းမှာ အရေးပါနေတဲ့အတွက် အာဏာပါဝါရှိတဲ့ နိုင်ငံကြီးတွေကတော့ ဒီမြေရှားကို လုနေကြတာပေါ့။
မေး ။ ။ သျှမ်းပြည်မှာ မြေရှားသတ္တု အပါအဝင် တန်ဖိုးရှိတဲ့ သယံဇာတတွေကော ကျန်သေးရဲ့လား။
ဖြေ ။ ။ ဒါကတော့ ပြောဖို့ခက်ပါတယ်။ မြေရှားကျွမ်းကျင်သူ၊ သုတေသန ပညာရှင်တွေနဲ့ ပေါင်းပြီး သုတေသန လုပ်ရဦးမယ်။ သျှမ်းပြည်မှာ သယံဇာတတွေ ဘယ်လောက်ထိ ကျန်သေးလဲ၊ ဘယ်လောက်ထိ လျှော့သွားပြီလဲ၊ ဘယ်လောက်ထိ ထုတ်ရောင်းသွားပြီလဲ ဆိုတာတော့ သုတေသနလုပ်ဖို့ လိုတယ်။
မေး ။ ။ ဒီလို မြေရှားသတ္တုကို ဆက်တူးဖော်နေမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ သျှမ်းပြည်ရဲ့ အနာဂတ် ဘယ်လိုဖြစ်လာနိုင်လဲ။
ဖြေ ။ ။ ကျနော်တို့တွေ ညီညွတ်ရေးအကြောင်း ဘာညာ အဝေးကြီးကို မကြည့်ပါနဲ့။ ကျနော်တို့ သဘာဝ သယံဇာတနဲ့ မြေယာ ပတ်ဝန်းကျင်ကိုတောင် မကာကွယ်နိုင်တာ။ အခုကျနော်တို့ နိုင်ငံနဲ့ လူမျိုးကို ကာကွယ်ဖို့အတွက် ဘယ်လို လုပ်နိုင်မလဲ၊ ဘာတွေကို ထည့်သွင်းစဉ်းစားနေလဲ ဆိုတာ ကျနော်လည်း ပြန်မေးချင်တယ်။ ဒါကြောင့် “ကိုယ့်နယ်မြေဒေသမှာ သယံဇာတတွေ ပိုင်ဆိုင်ထားပေမယ့် မကာကွယ်နိုင်ရင် အနာဂတ်မှာ သူများပိုင်ဆိုင်သွားနိုင်တယ်”။ အနာဂတ်မှာ တန်ဖိုးကြီး ပစ္စည်းတွေ မကျန်တဲ့အပြင် လာမယ့် ကျနော်တို့ မျိုးဆက်သစ်တွေအတွက်လည်း ဘာမှ ခံစားခွင့်ရှိမှာ မဟုတ်တော့ဘူး။
သူတို့အနေနဲ့ ဘာခံစားခွင့်ရှိမလဲဆိုရင် အဆိပ်အတောက်ရှိတဲ့ ဘေးဥပါဒ် ဖြစ်စေမယ့် စွန့်ပစ်ပစ္စည်းတွေပဲ ခံစားခွင့်ရမှာ။ တန်ဖိုးရှိတဲ့ အကောင်းစား ပစ္စည်းတွေတော့ အာဏာရှင်တွေ၊ စီးပွားရေးသမားတွေ အကုန်ယူသွားရင်တော့ နောင်လာနောက်သားတွေအတွက် ဘာမှကျန်တော့မှာ မဟုတ်ဘူး။ ဘာမှမကျန်တော့ဘူး ဆိုတာက ကိုယ်ပိုင်တဲ့ မြေယာတွေလည်း ကျန်မှာ မဟုတ်တော့ဘူး၊ ဒါတွေတင်မက ကျနော်တို့ မျိုးဆက်သစ်အတွက် အဆိပ်အတောက်တွေပဲ ကျန်ခဲ့နိုင်တယ်။
မေး ။ ။ သျှမ်းပြည် အရှေ့ပိုင်းမှာဆိုရင် ဒီလေးနှစ်အတွင်းမှာ ပုံမှန်မဟုတ်တဲ့ ရေကြီးမှုတွေ စဖြစ်လာတာ တွေ့ရတယ်။ ဒါတွေကို ပြည်သူတွေအနေနဲ့လည်း တားဆီးလို့မရတော့ သက်ဆိုင်ရာတွေကို ဘာပြောချင်သလဲ။
ဖြေ ။ ။ ကျနော်တို့လည်း အမြဲတမ်း တောင်းဆိုနေတာရှိပါတယ်။ အစိုးရအနေနဲ့ကော၊ သက်ဆိုင်ရာ ဒေသတွင်း အာဏာပိုင်တွေကော သတ္တုတူးဖော်နေတာ ရပ်တန်းက ရပ်ကြပါ။ မြေရှားသတ္တု တူးဖော်နေတာတွေ၊ ကျောက်မီးသွေး တူးဖော်နေတာတွေ၊ ရွှေတူးဖော်နေတာတွေ အားလုံး ရပ်တန့်ပေးစေချင်တယ်။ ဘာကြောင့်လဲဆိုရင် သတ္တုတူးဖော်တာ ပြည်သူတွေအတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ခံစားနေရတာက ပိုများတယ်။
ကျနော်တို့ ဘယ်နေရာဒေသကို ကြည့်ကြည့် သတ္တုတူးဖော်တဲ့ နေရာတိုင်းမှာ ပြည်သူတွေ ရတယ်၊ အကျိုးခံစားခွင့်ရှိတယ် ဆိုတာ မရှိသလောက်ပဲ။ ပြည်သူတွေပဲ ပထမဦးဆုံး လယ်ယာမြေတွေ ဆုံးရှုံးရတယ်၊ သူများ လာဝယ်သည်ဖြစ်စေ အတင်းအဓမ္မ ဖိအားပေး ဝယ်သည်ဖြစ်စေ အာဏာပါဝါကို အသုံးချပြီး ရွှေ့ပြောင်းခိုင်းသည်ဖြစ်စေ ပြည်သူတွေပဲ အမြဲခံရတယ်။ ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပြည်သူတွေက ခံစားရတယ်။
ဒါကြောင့် ဒေသတွင်း အာဏာပိုင်တွေအနေနဲ့ ပြည်သူတွေကို မေတ္တာထားပြီး ကာကွယ်ပေးစေချင်တယ်။ ကျနော်တို့ နိုင်ငံနဲ့ လူမျိုးအတွက် သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးစေချင်တယ်။ ဒါကြောင့် သတ္တုတူးဖော်မှုကနေတစ်ဆင့် အကျိုးအမြတ်တွေကို ခဏသာ ခံစားခွင့်ရတာထက် နိုင်ငံနဲ့ လူမျိုးအတွက်၊ ပျက်စီးသွားတဲ့ လယ်ယာမြေ တောတောင်တွေနဲ့ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ့နေရတဲ့ ပြည်သူတွေကို ငဲ့ညှာသောအားဖြင့် သတ္တုတူးဖော်မှုတွေကို ရပ်တန်းက ရပ်ပေးဖို့ တိုက်တွန်းချင်တယ်။












Leave a Comments