သျှမ်းပြည်အရှေ့ပိုင်း အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ခေါ် မိုင်းလားတပ်ဖွဲ့ (NDAA) ထိန်းချုပ်ထားသော မိုင်းယောင်းမြို့နယ်အတွင်း မြေရှားသတ္တု တူးဖော်မှုသည် စစ်အာဏာသိမ်းကာလ လေးနှစ်အတွင်း နေရာ(၁၉)ခုထက်မနည်း တိုးလာကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)က ယနေ့ (သြဂုတ် ၂၅ ရက်)တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါ မိုင်းလားတပ်ဖွဲ့ NDAA ထိန်းချုပ်ထားသော မိုင်းယောင်းမြို့နယ်အတွင်း တူးဖော်နေသည့် မြေရှားသတ္တုတွင်း နေရာသည် မဲခေါင်မြစ်နှင့် ကီလို ၄၀ ခန့်သာ ကွာဝေးကြောင်း SHRF ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

လွန်ခဲ့သည့် ၂၀၂၁ ခုနှစ်တွင် မိုင်းယောင်းမြို့နယ်ထဲ မြေရှားသတ္တုတွင်း (၃) နေရာသာ ရှိသော်လည်း ယခု ၂၀၂၅ ခုနှစ်တွင် မြေရှားသတ္တုတွင်း (၁၉) ခုထက်မနည်း တိုးလာနေကြောင်း ဂြိုလ်တုဓာတ်ပုံများနှင့် ဗီဒီယိုများက ဖော်ပြနေကြောင်း SHRF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ မြေရှားသတ္တုတူးဖော်မှု လုပ်ငန်းများသည် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစ၍ အဆမတန် တိုးပွားလာနေခြင်း ဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အဓိကတော့ ၂၀၂၂ နောက်ပိုင်း ကချင်မှာ တိုက်ပွဲအကြီးအကျယ် ဖြစ်လာသလို ပန်ဝါဘက်မှာလည်း မြေရှားတူးဖော်မှုတွေ ရပ်တန့်သွားတယ်။ အဲ့ဒီအခါ တရုတ်ဘက်ကလည်း သူတို့ရဲ့ မြေရှား လိုအပ်ချက်အရ သျှမ်းအရှေ့ မိုင်းလားတို့လို၊ မိုင်းပေါက်တို့လို ဒေသတွေမှာ လာပြီး တိုးချဲ့ ထုတ်ယူတဲ့အတွက် မြေရှားသတ္တုတွင်းတွေ များလာတယ်လို့ မြင်ပါတယ်” ဟု ယိင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
NDAA ထိန်းချုပ် မိုင်းလားဒေသအတွင်း တူးဖော်နေသည့် မြေရှားသတ္တုတွင်းများသည် အထိန်းအကွပ်မရှိ တိုးချဲ့လာနေပြီး မြေရှားသတ္တုများကို တရုတ်နိုင်ငံရှိ သတ္တုသန့်စင်ရေး စက်ရုံများသို့ တင်ပို့နေကြောင်း ၎င်းက ဆက်ပြောသည်။
သို့သော် NDAA ထံမှ လုပ်ကိုင်ခွင့်ရ ကုမ္ပဏီ၏ အချက်အလက်များအား စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကုမ္ပဏီတွေကတော့ စုံစမ်းနေဆဲပါ။ ကျမတို့ သိရသလောက်တော့ မြေရှားသတ္တုတွေကို တရုတ်ပြည်ကို တင်ပို့တယ်။ ဒါပေမယ့် မြေရှားသတ္တုတွင်းတွေကတော့ တူးဖော်ခွင့်ရထားတာ မဟုတ်ဘူးလို့ သိထားရတယ်” ဟု ယိင်းလျန်းဟန်က ထပ်လောင်းပြောသည်။
တရုတ်နိုင်ငံသည် လေအားလျှပ်စစ်တာဘိုင်များ၊ ဆေးဘက်ဆိုင်ရာ ကိရိယာများနှင့် လျှပ်စစ်မော်တော်ယာဉ်များကို ဓာတ်အားပေးရာတွင် အရေးပါသည့် ကုန်စည်များဖြစ်သည့် မြေရှားသတ္တုများအတွက် မြန်မာကို အကြီးအကျယ် မှီခိုနေရခြင်း ဖြစ်သည်။

ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင် အဓိကျသည့် သတ္တုတူးဖော်ရေး ပန်ဝါဒေသကို ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းယူပြီးနောက် တရုတ်၏ ဒစ်ပရိုစီယမ်နှင့် ဘာဘီယမ် ကဲ့သို့ တွင်းထွက်သိုလှောင်မှုအသစ်များ ရရှိရေးသည် မကြာသေးမီက အကျပ်အတည်း ဖြစ်လာကြောင်း သိရသည်။
ယခုအခါ သျှမ်းပြည်အရှေ့ပိုင်း မိုင်းလားတပ် (NDAA) ထိန်းချုပ်ရာ ဒေသနှင့် “ဝ”တပ် (UWSA) ထိန်းချုပ်ရာ ဒေသရှိ တောင်တန်းတောင်စောင်းများတွင် တရုတ်သတ္တုတူးဖော်ရေး လုပ်ငန်းများသည် သတ္တုသိုက်အသစ်များ ထုတ်ယူရန် လုပ်ဆောင်နေကြသည်ဟု ယိင်းလျန်းဟန်က ဆက်ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်နှင့် ၈ ရက်တွင် စစ်ကော်မရှင် လက်အောက်ခံ သျှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တြိဂံဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် အဖွဲ့များသည် အမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ ထိန်းချုပ်ထားသည့် မိုင်းလားမြို့သို့ သွားရောက်ပြီး NDAA ထိပ်ပိုင်းခေါင်းဆောင်များနှင့် သွားဆွေးနွေးခဲ့ပြီး အသေးစိတ်ကိုမူ လူသိရှင်ကြား ထုတ်ပြန်ခဲ့ခြင်းမရှိပေ။
“အခု NDAA ထိန်းချုပ်တဲ့ နေရာတွေမှာ တူးဖော်နေတဲ့ မြေရှားသတ္တုနဲ့ ပတ်သက်ပြီး စစ်ကော်မရှင်နဲ့ အပေးအယူ ရှိ၊ မရှိတော့ အတည်ပြုလို့ မရသေးဘူး”ဟု ယိင်းလျန်းဟန်က သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိ မိုင်းလားတပ် (NDAA) ထိန်းချုပ်ရာ ဒေသအတွင်းရှိ မြေရှားသတ္တုတွင်းနေရာ (၁၉) ခုမှာ ကချင်ပြည်နယ်ရှိ မြေရှားသတ္တုတွင်းများ ကဲ့သို့သော စက်ဝိုင်းပုံစံ ဓာတ်ပြုကန်များကို အတန်းလိုက်တွေ့ မြင်နေရကြောင်း ဖော်ပြထားသည်။
ထိုသတ္တုတွင်းများအနက် သတ္တုတွင်း (၁၆) ခုမှာ လည်ပတ်နေဆဲဖြစ်သည်ကို ဓာတ်ပြုကန်များအတွင်း အရည်များ ပြည့်နေခြင်းအားဖြင့် တွေ့မြင်နိုင်ပြီး၊ ကျန်သည့် သတ္တုတွင်း (၃) ခုမှာ မေလကတည်းက တည်ဆောက်နေဆဲဖြစ်ကြောင်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) ၏ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
သတ္တုတွင်း အများစုသည် တရုတ်နယ်စပ်နှင့် ၄ ကီလိုမီတာခန့်အကွာတွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၄,၀၀၀ မှ ၅,၀၀၀ ကြားရှိ မြင့်မားသော တောင်တန်းဒေသတွင် တည်ရှိသဖြင့် ထိုဒေသရှိ သတ္တုတွင်းထွက်များမှ ထွက်လာသည့် ရေများမှာ နပ်ချောင်းအတွင်း စီးဝင်ပြီး ထိုမှတဆင့် မဲခေါင်မြစ်၏ မြစ်လက်တက် တစ်ခုဖြစ်သော လွေမြစ်အတွင်းသို့ စီးဝင်ကြောင်း SHRF ထုတ်ပြန်ချက်အရ သိရသည်။













Leave a Comments