သျှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းကာ တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုများဖြစ်နေကြောင်း သိရသည်။
ယနေ့ (သြဂုတ်လ ၅ ရက်) မနက် မိုင်းယောင်းမြို့နယ် ဝမ်ဒေ၊ဝမ်လဲ နှင့် ဝမ်မိုင်ရွာတို့တွင် မိုးအဆင်မပြတ် ရွာသွန်းပြီး တောင်ကျရေများကြောင့် ရေကြီးရေလျှံမှုများဖြစ်နေကြောင်း မိုင်းယောင်းမြို့ဒေသခံ အမျိုးသမီး တစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ဒီနေ့ထိမိုးရွာနေတာ အဲ့တော့ ဒီမနက်ကြတော့ ရေတက်တာပေါ့။ တောင်ကျရေကြောင့် ရေကြီးတာ။ အရင်နှစ်တွေလည်း ဖြစ်တယ်။ရေကြီးတွေ ကုန်းမြင့်ပိုင်းဖက်က အမျိုးတွေစီပြောင်းသွားတာတွေရှိတယ်။”ဟု မိုင်းယောင်းမြို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ရေကြီးမှုကြောင့် ဒေသခံများသည် ဆွေမျိုးအိမ်များနှင့် နီးစပ်ရာ ရေဘေးကင်းလွတ်သည့် နေအိမ်များသို့ ပြောင်းရွှေ့နေထိုင်နေရကြောင်း ၎င်းကဆက်ပြောသည်။
ထိုရေကြီးရေလျှံဖြစ်နေသော ကျေးရွာများသည် မိုင်းယောင်းမြို့နှင့် ၃မိုင်ကျော်သာ ကွာဝေးကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်အတွင်း ရေကြီးမှုသည် ယမန်နှစ်တွင်လည်း ဖြစ်ပွားခဲ့ကြောင်း၊ အဓိကအားဖြင့် သစ်တောဖြုန်းတီးမှုကြောင့် ယခုကဲ့သို့ ရေကြီးရလျှံခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

လက်ရှိ သျှမ်းပြည်တွင် မိုးအဆင်မပြတ်ရွာသွန်းမှုများကြောင့် တောင်ကျရေများ၊ချောင်းရေများတက်ကာ ပင်လောင်းမြို့ ၊ တာချီလိတ်မြို့ ၊ မိုင်းယောင်းမြို့နယ် ၊ မိုင်းလားဒေသ နှင့် စသည့်မြို့များတွင် ရေကြီး၊ ရေလျှံ မှုများ ဖြစ်ပွားပြီး တောင်ပြိုခြင်း ကားလမ်းများပျက်စီးခြင်းလည်း ရှိနေကြောင်း သိရသည်။












Leave a Comments