သျှမ်းပြည်အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် ဒေသခံများ ထိုင်းနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP စာအုပ်ရရှိရန် တာချီလိတ်မြို့နယ်သို့ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့နေထိုင်ရမည်ဖြစ်ကြောင်း သတင်းသိရသည်။
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်သူ့လွှတ်တော်တွင် မိုင်းယောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းအောင်ခမ်းမှ မိုင်းယောင်းဒေသခံများကို ထိုင်းနယ်စပ်ဖြတ်သန်းခွင့်စာအုပ် (Border Pass) ဆောင်ရွက်ပေးရန် ရှိမရှိ ကြယ်ပွင့်မပြ မေးခွန်းကို ဇွန်လ (၂၃) ရက်တွင် မေးမြန်းခဲ့သည်။
အဆိုပါ မေးခွန်းနှင့် ပတ်သက်ပြီး စစ်အစိုးရလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်မှ မိုင်းယောင်းဒေသခံများအား ထိုင်းနယ်စပ် ဖြတ်သန်းခွင့် Border Pass စာအုပ် အသစ်ပြုလုပ်ပေးရန်နှင့် သက်တမ်းတိုးပေးရန် အစီအစဉ် မရှိကြောင်း ဇူလိုင်လ ၂၈ ရက်နေ့က စာဖြင့် ဖြေကြားခဲ့သည်။
မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ်(၂)၊ (၃) အရ တာချီလိတ်ခရိုင် နယ်စပ်ဒေသတွင် နေထိုင်သူများကိုသာ ထိုင်းနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် BP စာအုပ်များ ထုတ်ပေးနေခြင်းကြောင့် သတ်မှတ်ချက်နှင့်အညီ တာချီလိတ်မြို့သို့ အိမ်ထောင်စုစာရင်း ပြောင်းရွှေ့နေထိုင်ရမည်ဖြစ်ကြောင်း လဝက ဖြေကြားချက်ကို မိုင်းယောင်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းအောင်ခမ်းမှ ၎င်းဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည်။
“မိုင်းယောင်းက BP စာအုပ် လုပ်မရတော့တာ ကြာပါပြီ၊ သုံးလေးနှစ်ထဲတောင် ရှိနေပြီ။ မိုင်းယောင်းမြို့နယ်က အရင် တာချီလိတ် ခရိုင်ထဲမှာရှိတော့ ပက်စ်ပို့ မလုပ်ချင်ရင် တစ်နှစ်သက်တမ်းရတဲ့ BP စာအုပ် ခရမ်းရောင်ဟာ လုပ်ကြတာ။ အာဏာသိမ်းတော့ အဲ့လို မရတော့ဘဲ ၇ ရက်ပဲခံတဲ့ ကတ်ပြားပြောင်းကိုင်ရတာ၊ နယ်စပ်အဝင်အထွက် လုပ်တဲ့ စီးပွားရေးသမားတွေတော့ အဆင်မပြေဘူး” ဟု တာချီလိတ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
မိုင်းယောင်းမြို့နယ်သည် တာချီလိတ်မြို့နယ်နှင့် ဆက်စပ်တည်ရှိနေပြီး ယခင်က တာချီလိတ်ခရိုင်အတွင်း ပါဝင်ခဲ့သော်လည်း ၂၀၂၂ ဧပြီလတွင် ထိုစဉ်က စစ်ကောင်စီမှ မိုင်းယောင်းခရိုင်အဖြစ် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းခဲ့သည်။
လက်ရှိ တာချီလိတ်ခရိုင်တွင် တာချီလိတ်နှင့် မိုင်းဖြတ် (၂) မြို့နယ်သာ ကျန်ရှိပြီး ၁၉၉၇ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့သည့် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား နယ်စပ်ဖြတ်သန်းသွားလာရေးဆိုင်ရာ သဘောတူစာချုပ် အပိုဒ်(၂) အရ မြန်မာနိုင်ငံ နယ်စပ်ဒေသအဖြစ် တာချီလိတ်ခရိုင်အား သတ်မှတ်ထားသည်။
ထိုသို့ တာချီလိတ်ခရိုင်ကို ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းကြောင့် တာချီလိတ်နှင့် မိုင်းဖြတ်မြို့နယ်တို့တွင် အိမ်ထောင်စုစာရင်းဖြင့် နေထိုင်သူများကိုသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (BP) စာအုပ်ကိုလည်းကောင်း၊ တာချီလိတ်နယ်စပ်ဒေသ ခရိုင်ပြင်ပတွင် နေထိုင်သူများကို ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ကတ်ကိုလည်းကောင်း စိစစ်ထုတ်ပေးနေကြောင်း သိရသည်။
တာချီလိတ် အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံဘက် ဖြတ်သန်းသွားလာမှုတွင် နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် BP စာအုပ် လျှောက်ထားသူ (၁၅၀) ဦးခန့်၊ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (TBP) ကတ် လျှောက်ထားသူ (၄၀၀၀) ဦးခန့် နေ့စဉ် ရှိနေကြောင်း လဝက စာရင်းများအရ သိရသည်။
အခြားတစ်ဖက်တွင် စစ်မှုထမ်းဥပဒေကြောင့် တာချီလိတ်မှတစ်ဆင့် ပြည်ပထွက်ခွာသူ များပြားလာပြီး တရားဝင် ပတ်စပိုစ့်ရှိသူများပင် စစ်အစိုးရလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးအဖွဲ့က ထိုင်းငွေ ဘတ်ထောင်ချီ တောင်းခံရမှုများ ရှိနေသည်။
မြေပြင်ပေါက်ဈေးအရ အလည်အပတ် ပတ်စပိုစ့် (PV) ကိုင်ဆောင်သူများသည် တရားဝင်ဟု ဆိုသော်လည်း နယ်စပ်ဖြတ်ကျော်ရန် တံတားဖြတ်ခအဖြစ် ထိုင်းဘတ်ငွေ ၃,၀၀၀ ခန့် ပေးဆောင်နေရကြောင်း ပတ်စပိုစ့်လုပ်ပေးနေသည့် ပွဲစားနှင့် ခရီးသွားလာသူများက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အလားတူ အလုပ်အကိုင် ပတ်စပိုစ့် (PJ) ကိုင်ဆောင်သူများမှာ ပိုမိုတင်းကြပ်စွာ ကန့်သတ်ခံထားရသဖြင့် တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၇,၀၀၀ မှ ၈,၀၀၀ ခန့်အထိ ပေးဆောင်ကာ အခြားလမ်းကြောင်းများဖြင့် ဖြတ်သန်းနေရသည်။












Leave a Comments