သျှမ်းပြည် တောင်ပိုင်း ခိုလမ်မြို့နယ်တွင်း နွား ၁၁ ကောင် သည် မိုးကြိုးစက်ကွင်း ထိမှန်ပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဖြစ်စဉ်သည် ဇူလိုင်လ ၂၂ ရက် နေ့လည်ပိုင်း ခိုလမ်မြို့နယ် ဟိုနောင်ကျေးရွာတွင် ဖြစ်ပွားခဲ့ပြီး မိုးရွာသွန်းနေချိန် နွားများ သစ်ပင်အောက်တွင် ခိုနားနေစဉ် မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် သေဆုံးသွားခဲ့ကြောင်း အသက် ၃၀ ဝန်းကျင် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကျနော်အဆွေမျိုးရဲ့ နွားတွေပါ။ မိုးတွေရွာတော့ နွားတွေက သစ်ပင်အောက် ခိုနားကြတယ်။ မိုးတွေ၊ လေတွေ လာပြီး မိုးကြိုးပစ်သွားတာ။ခြံထဲထားထားတာပါ။အခုက ၁၁ ကောင်လောက် သေသွားတယ်။ဒီမှာတော့ မိုးကြိုးပစ်လို့ နွားတွေ ထိပြီးသေတယ်ဆိုတာ ဖြစ်လေ့မရှိပါဘူး။” ၎င်းကပြောသည်။
မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် သေဆုံးသွားသည့် နွားများကို ဖြစ်စဉ်ဖြစ်ပွားပြီးနောက် မြေမြှုပ်ခဲ့ကြောင်း ၎င်းကဆိုသည်။
လက်ရှိတွင် နွားတစ်ကောင်၏ တန်ဖိုးမှာ အနည်းဆုံး ကျပ် ၁၂ သိန်းခန့်ရှိသဖြင့် နွား ၁၁ ကောင် သေဆုံးမှုကြောင့် စုစုပေါင်း သိန်း ၁၀၀ ဝန်းကျင်ခန့် ဆုံးရှုံးနိုင်ကြောင်းသိရသည်။
ခိုလမ်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွားမွေးမြူရေးကို အသက်မွေးဝမ်းကြောင်း လုပ်ငန်းတစ်ခုအဖြစ် လုပ်ကိုင်သူများရှိပြီး မြို့ပြင်ရှိ ကျေးရွာများတွင် နွားမွေးမြူသူ ပိုမိုများပြားကြောင်း ၎င်းကပြောသည်။
မိုးကြိုးစက်ကွင်း ထိမှန်ခြင်းကြောင့် နွားများသေဆုံးသည့် ဖြစ်စဉ် ဖြစ်လေ့မရှိသော်လည်း သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရန်အတွက် မိုးရွာသွန်းချိန်တွင် နွားများကို သစ်ပင်အောက်တွင် မထားဘဲ သင့်လျော်သည့် နွားခြံများနှင့် အမိုးအကာများတွင် ထားရှိရန် လိုအပ်ကြောင်း နွားမွေးမြူးသည့် အသက် ၄၀ အရွယ် အမျိုးသားက ပြောသည်။
“ နွားကို ခြံထဲမှာ သစ်ပင်အောက်မှာ ထားတာထက် အမိုးအကာရှိတဲ့နေရာ ထားဖို့လိုတယ်” ဟု ၎င်းကဆိုသည်။
အလားတူ ပြီးခဲ့သည့် မေလ ၂၁ ရက် ဆီဆိုင်မြို့နယ် ကောင်ဝါးတောင်ရွာရှိ တောင်ယာအနီးတွင် နွားအုပ်လိုက် ကျက်စားနေချိန် မိုးကြိုးစက်ကွင်း ထိမှန်ခဲ့ခြင်းကြောင့် နွား အကောင်ရေ ၅၀ ခန့် သေဆုံးခဲ့ရကြောင်း သိရသည်။
မိုးတွင်းကာလတွင် ကွင်းပြင်၊ တောင်ယာနှင့် သစ်ပင်အောက်တွင် မိုးကြိုးအန္တရာယ် သတိထားရန် လိုအပ်ပြီး တိုက်မြင့် အဆောက်အဦများတွင်လည်း မိုးကြိုးအန္တရာယ် ရှိနိုင်ခြင်းကြောင့် အထူးသတိထားရန် လိုအပ်သည်။












Leave a Comments