သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ အရေးပါသည့် သီပေါတံတားကို ခရီးသည်များကို ဖြတ်သန်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
လားရှိုး-မန္တလေး ကုန်သွယ်ရေးအတွက် အရေးပါသည့် သီပေါတံတားကို (၈)လကြာ ပိတ်ဆိုင်းထားရမှာ ယမန်နေ့ (ဇူလိုင် ၂၁)ရက် မှ စပြီး ခရီးသည်များကို ပြန်လည် ဖြတ်သန်းခွင့်ပြုလုပ်ကြောင်း သီပေါမြို့တွင်နေထိုင်သည့် အမျိုးသားတစ်ဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ အခုက ခရီးသည်တွေကိုတော့ ဖြတ်သန်းခွင့်ပြုပြီ၊ ကုန်ပစ္စည်းတွေ ကားတွေ၊ ဆိုင်ကယ်တွေတော့ ဖြတ်သန်းလို့ မရသေးဘူး။ ဖောင်ဆိပ်ကနေပြီးသယ်နေရတယ် ” ဟု ၎င်းက ဆိုသည်။
အဆိုပါ သီပေါတံတားသည် ယမန်နှစ် နှောင်းပိုင်းတွင် စစ်ကော်မရှင်တပ်နှင့် ကိုးကပ်တပ်(MNDAA) တို့ စစ်ရေးတင်းမာမှုကြောင့် အပြန်အလှန် ပိတ်ဆိုင်းထားခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်တွင်လည်း ဒုဋ္ဌဝတီမြစ်ကို ဖြတ်ကူးလာသည့် ကူးတို့လှေတစ်စီးသည် ကမ်းကပ်ရန် ကြိုးပမ်းစဉ် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပြီး လူတစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ဘဲ မြစ်အတွင်းသို့ ကျသွားသည့် ပစ္စည်းများကိုမူ ပြန်လည် ဆယ်ယူနိုင်ခဲ့သည်။

သို့သော် ယနေ့ (ဇူလိုင် ၁၉ ရက်) တွင်လည်း တာလုံလှေဆိပ်၌ ကူးတို့လှေတစ်စီး ကြိုးပြတ်ကာ ကားနှင့်အတူ မျောပါတိမ်းမှောက်ခဲ့ပြီး လူ (၅)ဉီးပျောက်ဆုံးမှု ဖြစ်ပွားခဲ့သည်။
“ လူတွေက တံတားပေါ်ကနေဖြတ်သန်းရတော့ စိတ်တော့နည်းနည်း သက်သာသွားတာပေါ့။ ဟိုနေ့က လူမျောတာဖြစ်တော့ ဇက်နဲ့ကူးဖို့က စိုးရိမ်စိတ်ဖြစ်ခဲ့တာပေါ” ဟု ၎င်းကဆိုသည်။
“၁၀၂၇ စစ်ဆင်ရေး” အတွင်း သီပေါမြို့နှင့် တံတားများကို တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က ထိန်းချုပ်ခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်အစိုးရ၏ ဖိအားပေးမှုကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလတွင် စစ်ကော်မရှင်ထံ ပြန်လည်လွှဲပြောင်းပေးခဲ့ရကြောင်း သိရသည်။
သို့သော်လည်း တံတားပိတ်ထားမှုကြောင့် ဒေသခံများသည် အန္တရာယ်ရှိသော ဒုဋ္ဌဝတီမြစ်ကို စက်လှေဖြင့် စွန့်စားကူးနေရကာ စက်လှေခအဖြစ် တစ်ဦးလျှင် ကျပ် ၅,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးဆောင်နေရသဖြင့် ခရီးစရိတ်မှာ ပုံမှန်ထက် အဆမတန် မြင့်တက်နေသည်။











Leave a Comments