Monday, January 26, 2026

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။

ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။

တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့် ကျင်စန်းကျော့ဂိတ်တွင် အခွန်ဆောင်ခဲ့ရသကဲ့သို့ ကိုးကန့်တပ် (MNDAA) ထိန်းချုပ်သည့် ချင်းရွှေဟော် နယ်စပ်ဂိတ်တွင်းလည်း ကိုးကန့်တပ်ဖွဲ့ (MNDAA) ထံ အခွန်ဆောင်ခဲ့ရသည်။

ထိုမှတဆင့် မန္တလေးတိုင်းဒေသကြီးနှင့် သျှမ်းပြည်တောင်ပိုင်းသို့ တင်ပို့ခဲ့ကြသည်။

“တကယ်တော့ ဒီနယ်စပ်ကုန်ပစ္စည်းတွေက ညီနောင်မဟာမိတ်တွေထိန်းချုပ်တဲ့ဂိတ်ကို ဖြတ်ရတော့ သူတို့ကို အခွန်ဆောင်ခဲ့ရတယ်။ အဲ့ဒါက လားရှိုးမြို့နယ်ထိပဲအကျုံးဝင်တာ။ မန္တလေးနဲ့အခြားဒေသကို သယ်ဆောင်လို့မရဘူး။ အဲ့ဒါကိုကျော်ရင် တရားမဝင်ကုန်ပစ္စည်းဖြစ်သွားတော့ စစ်ကော်မရှင်က ဖမ်းတာပဲ” ဟု မူဆယ်မြို့ ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

ပြီးခဲ့သည့် ၂၀၂၅ ခုနစ် နိုဝင်ဘာလမှစတင်ပြီး အခွန်မဆောင်ထားသည့် နိုင်ငံခြားကုန်ပစ္စည်းများကို လွိုင်လင်မြို့နယ် မိုင်းပွန်မြို့ရှိ စစ်ကော်မရှင်၏ စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။

ယခုနှစ်၂၀၂၆ ခုနစ် ဇန်နဝါရီ ပထမပတ်တွင်လည်း သီပေါမြို့နယ် တာလုံကူးတို့ဆိပ် အခြေပြု အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ)၊ ဗျူဟာ-၁ က တရုတ်နိုင်ငံမှ တရားမဝင်ကုန်ပစ္စည်းများ တင်လာသည့် မော်တော်ယာဉ် ၇၇ စီးနှင့် ယာဉ်မောင်း ၆၈ ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့အပြင် သျှမ်းပြည်မြောက်ပိုင်း MNDAA ထိန်းချုပ်ထားသည့် ချင်းရွှေဟော် နယ်စပ်ဂိတ် ကြံ၊ ပြောင်းအပါအဝင် လယ်ယာထွက်ကုန်များနှင့် နေ့စဉ်သုံးကုန်ပစ္စည်းများကို တစ်ရက်လျှင် ကုန်တင်ယာဉ်အစီးရေ (၂၀၀)ကျော် အဝင်၊အထွက် ဖြတ်ခဲ့ကြောင်း MNDAA က ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ထိုသတင်းထုတ်ပြန်ချက် ထွက်ပေါ်လာ ပြီးနောက် ယနေ့ (ဇန်နဝါရီ ၁၃) ရက်တွင် စစ်ကော်မရှင် က ဖွဲ့စည်းထားသောမူဆယ်ခရိုင်/မြို့နယ် တရားမဝင်ကုန်ပစ္စည်းများ တားဆီးရေးအဖွဲ့က ကုန်သည်များကို ခေါ်ယူပြီး အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းအဝေးတွင် လက်နက်ကိုင်တပ်ဖွဲ့များထံ အခွန်ဝင်ငွေ မစီးဆင်းရန်နှင့် စစ်ကော်မရှင်ထံ အခွန်မဆောင်ထားသည့် ကုန်ပစ္စည်းများအားလုံးကို ဖမ်းဆီးရန် ပြောဆိုခဲ့သည်။

မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်တွင် ပြီးခဲ့သော၂၀၂၃ ခုနစ် အောက်တိုဘာ ၂၇ရက် က “၁၀၂၇ စစ်ဆင်ရေး”ခေါင်းစဉ်ဖြင့် ညီနောင်မဟာမိတ်တပ်ဖွဲ့ ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)၊ အာရက္ခတပ်တော် (AA)တို့ ပူးပေါင်းပြီး စစ်ကော်မရှင်ကို တိုက်ခိုက်ခဲ့သည်။

“၁၀၂၇ စစ်ဆင်ရေး”တွင် စစ်ကော်မရှင်တပ်ဖွဲ့သည် သမိုင်းတွင် တကြိမ်တခါမျှ မကြုံဖူးသည့် ဆုံးရှုံးမှုကြီးရခဲ့ရာမှ တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုကြောင့် လက်ရှိတွင် စစ်ရေးများငြိမ်သက်ခဲ့သော်လည်း ကုန်သွယ်စီးဆင်းမှုကိစ္စကို အခက်ကြုံနေရသေးကြောင်း နယ်စပ်ကုန်သည်များက ပြောဆိုလိုက်သည်။

လက်ရှိအချိန်ထိ လက်နက်ကိုင်တပ်ဖွဲ့ နှင့် စစ်ကော်မရှင်ကြား နယ်မြေ အငြင်းပွားမှု ဆက်လက်ရှိသေးသဖြင့် တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးအားထားရသည့် ပြည်ထောင်စုလမ်းမကြီးလည်း ဆက်လက်ပိတ်ထားသည်။

“စစ်ပွဲတွေ ငြိမ်လို့ ကုန်သွယ်ရေးကိစ္စ အဆင်ပြေမယ်ထင်တာ၊ အခုက အခွန်အခကိစ္စ ပြဿနာဖြစ်နေတယ်။ နောက် ကျနော်တို့ ကုန်သည်တွေက လက်နက်ကိုင်အဖွဲ့ရော စစ်ကော်မရှင်ကိုရော အခွန်ဆောင်ရတော့ ကုန်သည်ရော ပြည်သူရော အခက်ကြုံတယ်။ ကုန်စျေးနှုန်းက ပိုမြင့်ဖို့ပဲရှိမယ်” ဟု နယ်စပ်တွင် နှစ်ပေါင်းများစွာလုပ်ကိုင်နေသည့် ကုန်သည် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

လက်ရှိအခြေအနေအရ စစ်ကော်မရှင်တပ်ဖွဲ့က နိုင်ငံခြားမှတင်သွင်းသည့် ကုန်ပစ္စည်းအမျိုးမျိုးကို အခွန်မဆောင်သော ကုန်ပစ္စည်းများအဖြစ် ဖမ်းဆီးပိတ်ပင်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ကုန်စျေးနှုန်းသည် တစ်နေ့ထက်တစ်နေ့ ပိုမြင့်တက်လာနိုင်ကြောင်းလည်း ၎င်းက ဆိုသည်။

“ ဒီလက်နက်ကိုင်နဲ့ စစ်ကော်မရှင်ကြားဝေခွဲမှု မမျှတာ၊ နောက်စစ်ကော်မရှင်က သူ့အခွန်မရလို့ ကုန်ပစ္စည်းတွေသိမ်းတာကြောင့် နောက်ဆုံးအခက်ကြုံတာက ပြည်သူပဲ၊ ကုန်ပစ္စည်းတွေကလည်း အဆင့်ဆင့်တင်တော့ ကုန်သည်တွေက ငွေပိုကုန်၊ အရှုံးပေါ်၊ နောက်ဆုံး ပစ္စည်းကို စျေးတင်ရောင်း” ဟု သျှမ်းမြောက် လားရှိုးမြို့နေ ကုန်သည်အမျိုးသမီး တစ်ဉီးက ပြောသည်။

စစ်ကော်မရှင်၏ နိုင်ငံခြားကုန်ပစ္စည်းတင်ဆောင်မှု တားဆီးပိတ်ပင်မှုကြောင့် ပြီးခဲ့သည့် ၂၀၂၅ နှစ်လယ်ပိုင်းမှစပြီး သျှမ်းပြည် မြောက်ပိုင်းမှ သျှမ်းပြည် တောင်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းသို့ တင်ပို့သည့် ကုန်ပစ္စည်းများလည်း တင်ပို့ခမြင့်တက်လာခဲ့ကြောင်း အထက်ပါကုန်သည်အမျိုးသမီးက ဆိုပြန်သည်။

လက်ရှိ စစ်ကော်မရှင်က အတုအယောင် ရွေးကောက်ပွဲပြီး အစိုးရသစ်အဖွဲ့ကို ဖွဲ့နိုင်ခဲ့လျှင် ကုန်စျေးနှုန်းများ အနည်းငယ်လျှော့ကျလာမည်ဟု ပြည်သူအချို့က မျှော်လင့်နေကြသည်။

သို့ပေမယ့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမဖွင့်နိုင်သေးသရွှေ့၊ စစ်ကော်မရှင်မှ ကုန်ပစ္စည်းများအား ဖမ်းဆီးပိတ်ပင်နေသရွှေ့တော့ ကုန်းဈေးနှုန်းကျနိုင်ဖွယ်မရှိကြောင်း နယ်စပ်ကုန်သည်များက သုံးသပ်ပြောဆိုလိုက်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုးမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကိုးကန့်တပ် အပြိုင်အဆိုင် တပ်သားသစ်စုဆောင်း

0
သျှမ်းပြည် လားရှိုးမြို့တွင် စစ်ကော်မရှင်တပ်မှ ပထမအကြိမ် စစ်မှုထမ်းတပ်သားသစ် ခေါ်ယူရန် ရပ်ကွက်အတွင်း လူဦးရေစာရင်း ပြန်လည်ကောက်ယူနေကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ် ရပ်ကွက်များကို ယခု ဇန်နဝါရီ ၂၁ရက်မှစတင်ပြီး အုပ်ချုပ်ရေးမှူးများမှ နေအိမ်များတွင် လူဦးရေစာရင်း ဝင်ရောက်စစ်ဆေးပြီး စာရင်းကောက်ယူနေခြင်းကြောင့် စစ်မှုထမ်းခေါ်ယူမည်ကို စိုးရိမ်နေရကြောင်း လားရှိုးဒေသခံများက...

“ပလက်ဖောင်း ကိုကိုကြီး” ဟု ခေါ်ခံရသည့် PP ဥက္ကဌ ရွေးကောက်ပွဲရှုံးနိမ့်

0
ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် နေရာ ဝင်ရောက် ယှဉ်ပြိုင်သည့် ပြည်သူ့ပါတီ ဥက္ကဌ ဦးကိုကိုကြီး ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ပါတီ တာဝန်ရှိသူ တဦးက သျှမ်းသံတော်ဆင့်ကို ဇန်နဝါရီလ ၂၅ ရက် ညပိုင်းတွင် အတည်ပြုပြောသည်။ စစ်ကောင်စီ ရွေးကောက်ပွဲသည် မြေပေါ် နိုင်ငံရေး (ဝါ)...

စစ်မှုထမ်းရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဒေသခံများထံ သိန်းရာချီကောက်ခံပြီး လူဝယ်ထည့်ရ

0
သျှမ်းပြည် မြို့နယ်အချို့၌ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းရာတွင် လူငယ်များ ထွက်ပြေးတိမ်းရှောင်နေကြသဖြင့် လူစားထိုးရန် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ပွဲစားများမှတစ်ဆင့် ချိတ်ဆက် ဝယ်ယူနေရကြောင်း ဒေသခံများက ပြောသည်။ စစ်မှုထမ်း အပတ်စဉ် (၂၁) အတွက် လူသစ်စုဆောင်းမှုများကို ပြီးခဲ့သည့် ဇန်နဝါရီလ ပထမပတ်မှစ၍ တောင်ကြီး၊...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

ဟိုပုံးပြည်သူများ ကုန်စျေးနှုန်းမြင့်တက်သည့်ကြား စစ်မှုထမ်းကြေးပါ ဝန်ပိနေ

0
မြန်မာနိုင်ငံတွင် ကုန်စျေးနှုန်းများ မြင့်တက်နေချိန် သျှမ်းပြည် ဟိုပုံးမြို့နယ်အတွင်း နေထိုင်သည့် ပြည်သူများသည် စားဝတ်နေရေး ခက်ခဲနေသည့်ကြား စစ်မှုထမ်းကြေးကို လစဉ် ပေးဆောင်ရသဖြင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေကြောင်း စုံစမ်းသိရသည်။ ဟိုပုံးမြို့နယ်အတွင်း စစ်ကော်မရှင်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် (PNO) တို့သည် ဒေသခံများ၏ ဝမ်းရေးကို မငဲ့ကွက်ဘဲ စစ်မှုထမ်းကြေးများကို အပြိုင်အဆိုင် တောင်းခံမှုကြောင့်...