သျှမ်းပြည်မြောက်ပိုင်း လားရှိုး-မန္တလေး ကုန်သွယ်ရေးလမ်းမကြီးပေါ်ရှိ သီပေါတံတားကို လုံခြုံရေးအရ ပိတ်ထားခြင်းဖြစ်ကြောင်း စစ်တပ်ခန့် ပြည်ထဲရေးဒုဝန်ကြီးက ရွေးတုလွှတ်တော်တွင် ဖြေကြားခဲ့သည်။
အတုအယောင် ရွေးကောက်ပွဲမှတဆင့် ပေါ်ပေါက်လာသည့် ပြည်သူ့လွှတ်တော်တွင် ယနေ့ (ဇူလိုင်လ ၂၈ ရက်) ကျင်းပသည့် အစည်းအဝေး၌ သီပေါမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကောင်းသက်စံ တင်ပြထားသည့် သီပေါတံတားကိစ္စ ကြယ်ပွင့်ပြမေးခွန်းကို စစ်တပ်ခန့် ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက လာရောက်ဖြေကြားရာတွင် လုံခြုံရေးအရ ပိတ်ထားခြင်းဖြစ်ကြောင်း ပြန်လည်ရှင်းလင်းခဲ့သည်။
“လွှတ်တော်မှာတော့ သီပေါတံတားကိစ္စ တင်ပြလိုက်တယ်၊ ကြိုတင်တွက်ဆထားလို့ ဆက်စပ်မေးခွန်းပါ ပြင်ထားတယ်။ တာဝန်ရှိသူက လာရောက်ဖြေဆိုပါတယ်၊ အကျိုးအကြောင်း လုံခြုံရေးအရ ပိတ်ထားတယ်လို့ ဖြေတယ်။ ဒီလိုဖြေမယ်ဆိုတာ ကြိုသိပြီးသားပါ၊ ဒါမလို့ အဂတိတရားတွေနဲ့ ပြည်သူတွေ ဘယ်လောက် ဒုက္ခရောက်နေလဲ ဆိုတာ အားလုံးသိအောင် ချပြလိုက်တယ်” ဟု ဦးကောင်းသက်စံက လူမှုကွန်ယက်တွင် ရေးသားထားသည်။
စစ်တပ်က သီပေါတံတားကို (၉) လနီးပါးကြာ ပိတ်ထားခြင်းကြောင့် မြေပြင်တွင် အဂတိလိုက်စားမှုများ ရှိနေပြီး ပြည်သူများ ဒုက္ခရောက်နေကြောင်း၊ တံတားပြန်ဖွင့်ရေး လုံးဝ လက်လျှော့မည်မဟုတ်ကြောင်း၊ အဂတိလိုက်စားမှုများကို အရေးယူမှု ရှိ မရှိ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဦးကောင်းသက်စံက ၎င်းဖေ့စ်ဘုတ် လူမှုကွန်ယက်တွင် အသိပေးထားသည်။
“အခုက ဒေသက ထွက်တဲ့ ထွက်ကုန်တွေကို ရောင်းလို့လည်း မရဘူး။ လားရှိုးက ကုန်တွေကို သီပေါမှာ ဝယ်ဖို့ကလည်း အခက်အခဲ ရှိတဲ့အခါကျတော့ ကုန်စီးဆင်းမှုတွေလည်း ထိခိုက်တယ်။ အခြေခံ စားသောက်ကုန်ဖြစ်တဲ့ ဆန်၊ ဆီ၊ ဆားပေါ့ အဓိက ဆီပြဿနာတွေမှာ ထိခိုက်မှု ရှိတယ်” ဟု ဦးကောင်းသက်စံက ပြောသည်။
သီပေါတံတား ပိတ်ထားမှုကြောင့် ဒေသခံများမှာ အန္တရာယ်ရှိသော ဒုဋ္ဌဝတီမြစ်ကို စက်လှေဖြင့် ကမ်းကူးကာ စွန့်စားသွားလာနေရပြီး စက်လှေခအဖြစ် တစ်ဦးလျှင် ကျပ် ၅,၀၀၀ မှ ၂၀,၀၀၀ အထိ ပေးဆောင်နေရသဖြင့် ခရီးစရိတ်မှာ ပုံမှန်ထက် အဆမတန် မြင့်တက်နေသည်။
ထို့အပြင် ဇူလိုင်လ ၁၇ ရက်နေ့တွင် ဒုဋ္ဌဝတီမြစ်ကို ဖြတ်ကူးလာသည့် ကူးတို့လှေတစ်စီးသည် ကမ်းကပ်ရန် ကြိုးပမ်းစဉ် တိမ်းမှောက်သွားခဲ့ရာ လူထိခိုက် ဒဏ်ရာရမှု မရှိခဲ့ဘဲ မြစ်အတွင်းသို့ ကျသွားသည့် ပစ္စည်းများကိုလည်း ပြန်လည်ဆယ်ယူနိုင်ခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
အလားတူ ဇူလိုင် ၁၉ ရက်တွင် တာလုံလှေဆိပ်၌ ကူးတို့လှေတစ်စီး ကြိုးပြတ်ကာ တင်ဆောင်လာသည့် ကားနှင့်အတူ မျောပါတိမ်းမှောက်မှု ထပ်မံဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင်လ (၂၁) ရက်မှ စပြီး သီပေါတံတားတွင် ခရီးသည်များကို အရေအတွက်နှင့် အချိန်ကန့်သတ်၍ ဖြတ်သန်းခွင့် ပြုနေကြောင်း သီပေါဒေသခံများက ပြောသည်။
“မိုးတွင်းဆိုတော့ မြစ်ရေအတက်အကျ မြန်တာနဲ့ ရေစီးကြမ်းတာကြောင့် ကမ်းကူးရတာ အန္တရာယ်များတယ်။ သီပေါတံတားက တခါတလေမှ ခရီးသည်ပဲ ပေးဖြတ်တာ၊ အဲ့တာတောင် လူ ၉ ယောက် ၁၀ ယောက် အဲ့လောက်ပဲ ရတာ။ ကုန်ကားတွေတော့ အရင်တိုင်း လှေနဲ့ ကဲ့ယူနေရတုန်းပဲ၊ ကိုးကန့်ဘက်က နေပြည်တော်သွားမှပဲ တံတားပြန်ဖွင့်မယ်ထင်တယ်”ဟု သီပေါဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်ရှိတွင် သီပေါတံတားကို စစ်တပ်ဘက်က အပြည့်အဝ ထိန်းချုပ်ထားပြီး သီပေါ-လားရှိုးကြားရှိ ပြည်ထောင်စုလမ်းမကြီးကို ကိုးကန့်တပ်ဖွဲ့ (MNDAA) က ထိန်းချုပ်ထားသည်။
သီပေါမြို့ကို ယမန်နှစ် ၂၀၂၅ အောက်တိုဘာလအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ် ပြန်လည်တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့သော်လည်း ကိုးကန့်တပ်ဖွဲ့ MNDAA နှင့် စစ်ရေးတင်းမာမှုကြောင့် ယမန်နှစ် နိုဝင်ဘာလတွင် သီပေါတံတား ဖြတ်သန်းသွားလာခွင့်ကို ပိတ်ထားခဲ့သည်။












Leave a Comments