NCA စာချုပ်ကို ဆက်လက်စွဲကိုင်ထားသည့် 7 EAO Alliance အဖွဲ့နှင့် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ်ခဲ့ကြောင်း သတင်းသိရသည်။
ဇူလိုင်လ ၂၀ နှင့် ၂၁ ရက်တို့တွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲကို နှစ်ရက်တာ ကျင်းပပြုလုပ်ခဲ့ပြီး RCSS ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်သည့် 7 EAO Alliance ၏ အဖွဲ့ဝင်(၈)ဦးပါ ဆွေးနွေးညှိနှိုင်းရေးအဖွဲ့နှင့် စစ်အစိုးရဘက်မှ NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ရာပြည့် အပါအဝင် ညှိနှိုင်းရေးကော်မတီဝင်များ တက်ရောက်ဆွေးနွေးခဲ့သည်။
ယခုဆွေးနွေးပွဲသည် ဇွန်လ ၉-၁၀ ရက်တို့တွင် ပြုလုပ်ခဲ့သည့် အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲ အဆက်ဖြစ်ပြီး လက်ရှိအခြေအနေနှင့် လိုက်လျောညီထွေရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခင်းအကျင်းများကို ပြင်ဆင်ချမှတ်နိုင်ရေး အပြန်အလှန် ညှိနှိုင်းဆွေးနွေးနိုင်ခဲ့ကြောင်း ဆိုသည်။
“ယုံကြည်မှု တည်ဆောက်ခြင်းဆိုင်ရာ ကိစ္စရပ်များနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သင့် ပါဝင်ထိုက်သူများ အားလုံး ပါဝင်လာနိုင်ရေးကိုလည်း ဒီနှစ်ရက်တာ ပြန်လည်သုံးသပ်ခြင်း ဆွေးနွေးပွဲမှာ မိမိတို့ နှစ်ဦးနှစ်ဖက်အနေနဲ့ အထူး အလေးထား အရေးပေးပြီး ဆွေးနွေးနိုင်ခဲ့ပါတယ်” ဟု 7 EAO Alliance ၏ ဆွေးနွေးညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင်ဖြစ်သူ RCSS ဗိုလ်မှူးကြီး စိုင်းငင်း က နိဂုံးချုပ်စကားတွင် ထည့်သွင်းပြောကြားသည်။
ဆွေးနွေးပွဲမှ ရရှိလာသည့် သဘောထား စုစည်းချက်များကို 7 EAO Alliance ဦးဆောင်အဖွဲ့ အစည်းအဝေးများတွင် တင်ပြဆွေးနွေးပြီး ရှေ့ဆက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သဘောထားလမ်းညွှန်ချက်များကို ရယူသွားမည်ဖြစ်ကြောင်း သိရသည်။
“တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်ဖော်ဆောင်နိုင်ရေး ဆောင်ရွက်ရာမှာ မိမိတို့ 7 EAO Alliance အနေနဲ့ စုပေါင်းဖော်ဆောင်နေတဲ့ အခင်းအကျင်းနဲ့ အခြားညီနောင် EAO အဖွဲ့အစည်းများရဲ့ တစ်ဖွဲ့ချင်းစီက ဖော်ဆောင်နေတဲ့ အခင်းအကျင်းတို့အကြား ဟန်ချက်ညီ သဟဇာတဖြစ်ရေးကိုလည်း ကြိုးပမ်းထိန်းညှိ ဆောင်ရွက်နေပါကြောင်း ပြောကြားလိုပါတယ်” ဟု ဗိုလ်မှူးကြီး စိုင်းငင်းက ဆက်ပြောသည်။
ပြီးခဲ့သည့် ဇွန်လနှင့် ဇူလိုင်လအတွင်း စစ်အစိုးရ၏ NSPNC အဖွဲ့သည် 7 EAO Alliance နှင့် စုပေါင်းတွေ့ဆုံ ဆွေးနွေးနိုင်ခြင်း၊ တစ်ဖွဲ့ချင်းအလိုက် Bilateral တွေ့ဆုံဆွေးနွေးနိုင်ခြင်း၊ အခြား EAO များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးနိုင်ခြင်းသည် ငြိမ်းချမ်းရေး ဆွေးနွေးခြင်း လုပ်ငန်းစဉ် တိုးတက်မှုကို ပြသရာ ရောက်ကြောင်း ဗိုလ်မှူးကြီး စိုင်းငင်း က ယမန်နေ့တွင် ပြောဆိုထားသည်။
လက်ရှိတွင် စစ်အစိုးရ၏ NSPNC အဖွဲ့သည် 7 EAO Alliance ၊ SSPP/SSA ၊ SNA ၊ UWSP/UWSA နှင့် NDAA တို့အပြင် “၁၀၂၇ စစ်ဆင်ရေး”တွင် ပါဝင်တိုက်ခိုက်ခဲ့သည့် PSLF/TNLA တပ်ဖွဲ့နှင့်လည်း ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးထားသည်။
အခြားတစ်ဖက်တွင် မြန်မာ့အရေးအတွက် အာဆီယံအနေဖြင့် ကြိုးပမ်းရာ၌ ထိတွေ့ဆက်ဆံရေးမူဝါဒသည် လက်တွေ့ဆန်သည့် နိုင်ငံရေးဖြေရှင်းမှုကို ဦးတည်စေနိုင်သော်လည်း အတုအယောင် ရွေးကောက်ပွဲမှ ပေါ်ပေါက်လာသည့် စစ်အစိုးရအား အသိအမှတ်ပြုသည့် အဆင့်သို့ မရောက်ရှိသွားရန် အရေးကြီးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီက ယမန်နေ့ (ဇူလိုင်လ ၂၀ ရက်) နေ့စွဲဖြင့် သတင်းထုတ်ပြန်ခဲ့သည်။
အလားတူ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ ချက်ကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ခြင်းဖြင့် မြန်မာ့ပဋိပက္ခ ဖြေရှင်းရေးအတွက် အထောက်အကူ ဖြစ်စေမည့်အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးခေါင်းဆောင်များနှင့် နိုင်ငံရေးအင်အားစုများ လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်သည့် ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင်မှသာ ပဋိပက္ခချုပ်ငြိမ်းရေးကို အရှိန်မြှင့်တင်ပေးနိုင်မည်ဟု ရှုမြင်ကြောင်း NLD ဗဟိုအလုပ်ကော်မတီ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။












Leave a Comments