“ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်အောင် အခုမှ ကျနော်တို့ ပြန်ပြီး လမ်းစရှာတာ ဖြစ်ပါတယ်”

အသွင်ပြောင်းစစ်အစိုးရ ဖွဲ့စည်းထားသည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် ပထမဆုံးအကြိမ် အလွတ်သဘော တွေ့ဆုံဆွေးနွေးရန် 7 EAO Alliance ဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ကိုယ်စားလှယ် (၈) ဦးတို့သည် ဇွန်လ ၉ ရက်နှင့် ၁၀ ရက်တို့တွင် နေပြည်တော်သို့ သွားရောက်ခဲ့သည်။

အလားတူ ဇွန်လ ၁၂ ရက်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကိုယ်စားလှယ်အဖွဲ့လည်း နေပြည်တော်သို့ သွားရောက်ပြီး NSPNC ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခဲ့စဉ် NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့် မှ NCA Plus ကဲ့သို့ အကောင်အထည်ဖော်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လျာထားကြောင်း ပြောဆိုခဲ့သည်ဟု စစ်အစိုးရလက်အောက်ခံ မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြသည်။

ထို့နောက် NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်နှင့် အတွင်းရေးမှူး ဒုဗိုလ်ချုပ်ကြီး မင်းနိုင် ဦးဆောင်သည့် NSPNC ကိုယ်စားလှယ်အဖွဲ့သည် ဇွန်လ ၁၇ ရက်တွင် အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ် (NDAA) ထိန်းချုပ် မိုင်းလားမြို့သို့လည်းကောင်း၊ ဇွန်လ ၁၈ ရက်တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ် ပန်ဆန်းမြို့သို့လည်းကောင်း သွားရောက်ပြီး UWSA ၊ NDAA ထိပ်ပိုင်းခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သည့် ဧပြီလ (၂၁) ရက်တွင် စစ်အာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်က ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ပြီးနောက် NSPNC မှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များနှင့် တွေ့ဆုံမှု အခြေအနေ၊ 7 EAO Alliance ၏ ငြိမ်းချမ်းရေးနှင့် NCA အပေါ် ရပ်တည်ချက်၊ NCA Plus ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် သဘောထားအမြင်တို့ကို 7 EAO Alliance ပြောရေးဆိုခွင့်ရှိသူ KNU/KNLA(PC) ဗိုလ်မှူးကြီး စောကျော်ညွန့်ထံ သျှမ်းသံတော်ဆင့်သတင်းထောက် စိုင်းခွမ်မိန်းမှ ဆက်သွယ်မေးမြန်းထားသည်။

မေး ။ ။ 7 EAO Alliance ဦးဆောင်အဖွဲ့ အစည်းအဝေးမှာ ဘယ်သူတွေ တက်ရောက်ခဲ့လဲ၊ ဘယ်အကြောင်းအရာတွေကို ဆွေးနွေးခဲ့လဲဆိုတာ သိခွင့်ရနိုင်မလား။

ဖြေ ။ ။ သိခွင့်ရပါတယ်၊ ဦးဆောင်အစည်းအဝေးဆိုတော့ 7 EAO Alliance ဆုံးဖြတ်မှုမှာ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ ဦးဆောင်အဖွဲ့က ကိုယ်စားလှယ်တွေအားလုံး တက်ရောက်ပါတယ်။ အဲဒီတော့ အတွင်းရေးမှူးအဖွဲ့ကလည်း လုပ်ရိုးလုပ်စဉ်အရ တက်ရောက်တာရှိတယ်။ ပြီးတော့ 7 EAO Alliance ရဲ့ စုဖွဲ့မှုမှာ လုပ်ငန်းကော်မတီဆိုတာ ရှိသေးတယ်။ အဲဒီ လုပ်ငန်းကော်မတီ အသီးသီးက Coordinator တွေပေါ့လေ အဲဒါတွေလည်း အကုန်လုံး စုံစုံညီညီ တက်ရောက်တဲ့ အစည်းအဝေးဖြစ်ပါတယ်။

ဘယ်အကြောင်းအရာတွေကို ဆွေးနွေးသလဲဆိုတော့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ပါပဲ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆိုတာလည်း ပြီးခဲ့တဲ့ ဇွန် ၉ ရက်၊ ၁၀ ရက်နေ့တုန်းက ကျနော်တို့ အလွတ်သဘော ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ကနေပြီးတော့ နေပြည်တော်မှာ NSPNC နဲ့ ဆွေးနွေးရရှိလာတဲ့ နှစ်ဖက်တင်ပြဆွေးနွေးမှုတွေကို ကျနော်တို့ရဲ့ အထက်အဖွဲ့အစည်းဖြစ်တဲ့ ဦးဆောင်အစည်းအဝေးမှာ ပြန်လည်တင်ပြပြီးတော့ လမ်းညွှန်မှု ခံယူတဲ့ အစည်းအဝေးပဲ ဖြစ်ပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နဲ့ ၁၀ ရက်နေ့မှာ 7 EAO Alliance က RCSS ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေ နေပြည်တော် သွားရောက်ပြီး NSPNC နဲ့ ဆွေးနွေးညှိနှိုင်းခဲ့တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဘာတွေ ထူးခြားမှုရှိလဲ။

မေး ။ ။ ခုနက ကျနော်ပြောသလိုမျိုးပါပဲ၊ အခု ဒီအစိုးရသစ် လက်ထက်မှာ ဒါကတော့ ပထမဦးဆုံးအကြိမ် တွေ့ဆုံဆွေးနွေးမှုပါပဲ။ ပထမဦးဆုံးအကြိမ် ဆိုပေမဲ့လည်း ကျနော်တို့ အခေါ်ကတော့ အလွတ်သဘော တွေ့ဆုံဆွေးနွေးမှုပေါ့။ ခုနက ပြောသလိုမျိုး စဝ်စိုင်းငင်း ဦးဆောင်တယ်ဆိုတာ မှန်ပါတယ်၊ ကျနော်တို့ ဦးဆောင်အဖွဲ့ကနေပြီးတော့ ဖွဲ့စည်းပေးလိုက်တဲ့ အလွတ်သဘော ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ပေါ့ဗျာ။ အဲဒီအဖွဲ့က ဇွန်လ ၉ ရက်၊ ၁၀ ရက်နေ့မှာ နေပြည်တော်ကို သွားရောက်ဆွေးနွေးခဲ့တယ်။

ဒီအလွတ်သဘော ပထမဆုံးအကြိမ် တွေ့ဆုံပွဲမှာ ကျနော်တို့က အကျေအလည် ညှိနှိုင်းဆွေးနွေးတာတို့ ဆုံးဖြတ်ချက်ချတာတို့ အဲလိုမျိုး မလုပ်ပါဘူး။ အဓိကကတော့ လက်ရှိ အစိုးရသစ် ပေါ်လာပြီးတဲ့ နောက်ပိုင်းမှာ ကျနော်တို့နိုင်ငံအတွက် မရှိမဖြစ် လိုအပ်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အစိုးရဘက်က ဘယ်လိုစဉ်းစားချက်တွေ ရှိသလဲ ကျွန်တော်တို့နားထောင်တယ်။

ပြီးတော့ ကျနော်တို့ဒီဘက်က 7 EAO Alliance ပြင်ဆင်ထားတဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကျနော်တို့ သဘောထား အမြင်တွေကိုလည်း တင်ပြတယ်။ နှစ်ဖက်တင်ပြတဲ့ အချက်တွေအပေါ်မှာ မရှင်းတာရှိရင် မေးမြန်းတာတို့ ဘာတို့ အဲ့လောက်ပဲ ကျနော်တို့ လုပ်နိုင်တယ်။ အဲဒီနှစ်ရက်က အစည်းအဝေးမှာ ဆုံးဖြတ်ချက်တော့ မဟုတ်ဘူး၊ သို့သော် သဘောထား စုစည်းချက်အနေနဲ့ ရရှိလာပြီးတော့ သက်ဆိုင်ရာ ကျနော်တို့ ခေါင်းဆောင်တွေ အသီးသီးကို ပြန်လည်တင်ပြဖို့လုပ်တဲ့ အစည်းအဝေးပဲ ဖြစ်ပါတယ်။

အချက်အလက်တွေအနေနဲ့ကတော့ အများကြီး ရှိပါတယ်။ ကျနော်တို့ မီဒီယာတွေမှာ ပြောပြတာလည်း ရှိပါတယ်။ ဟိုဘက်က မပြောဘဲနဲ့ ကျနော်တို့ဘက်က တင်ပြတဲ့ အချက်တွေကတော့ လက်ရှိဒီလိုမျိုး စစ်ပွဲတွေ အများကြီးဖြစ်နေတဲ့ အခြေအနေ တစ်ခုအောက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လို စတင်ပြီးတော့ လုပ်နိုင်ရင် ကောင်းမလဲဆိုတဲ့ အချက်ကတော့ အဓိကပေါ့။

ဥပမာအားဖြင့် လက်ရှိနိုင်ငံရေး အခြေအနေအရ စနိုင်တဲ့အခြေအနေ စနိုင်တဲ့ အတိုင်းအတာ ကနေပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့ အဲလိုမျိုး တင်ပြမှုတွေ ရှိတယ်။ ပြီးတော့ အစိုးရအနေနဲ့ကလည်း နိုင်ငံရေးဖြေလျှော့မှုတွေလုပ်ဖို့၊ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ Policy တွေ၊ လုပ်ငန်းစဉ်တွေ၊ ယန္တရားတွေ အဲဒါတွေ သတ်သတ်မှတ်မှတ် ရှိဖို့ကိုလည်း ကျနော်တို့ အဆိုပြုတယ်။

ပြီးတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ဆိုင်တဲ့ ကိစ္စရပ်ပေါ့။ လက်ရှိပဋိပက္ခထဲမှာ ပါဝင်နေတဲ့ အစုအဖွဲ့တွေ အားလုံးကနေပြီးတော့ ဘာမှ ကြိုတင်ကန့်သတ်ချက်တွေမထားဘဲနဲ့ အပစ်ရပ် ကြေညာနိုင်အောင်လည်း ကြိုးပမ်းဆောင်ရွက်ဖို့ပေါ့လေ။ အပစ်ရပ်စဲရေး လုပ်ငန်းစဉ်တွေ ဖော်ဆောင်နိုင်အောင် ကြိုးပမ်းဖို့၊ နိုင်ငံရေးပြဿနာကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းနဲ့ ဖြေရှင်းမယ့်ကိစ္စတွေ၊ ယုံကြည်မှုတည်ဆောက်တဲ့ ကိစ္စတွေ ပါတယ်။

ကျနော်တို့ 7 EAO Alliance အနေနဲ့ NCA ကို အခြေခံတဲ့ NCA ရဲ့ အနှစ်သာရကို အခြေခံပြီးတော့ လုပ်ကိုင်ဆောင်ရွက်မယ်။ အဲလို လုပ်ကိုင်ဆောင်ရွက်တဲ့အခါမှာ ကျန်တဲ့လူတွေ ပါလာနိုင်အောင်လည်း တဖြည်းဖြည်း ကြိုးပမ်းဆောင်ရွက်သွားဖို့၊ လုပ်ငန်းစဉ်တွေ အားလုံးအနေနဲ့ တစ်ခါတည်း အသေမဟုတ်ဘဲနဲ့ ပြုလွယ်ပြင်လွယ် Flexible ဖြစ်ဖို့ကိုလည်း ဆွေးနွေးခဲ့တာရှိတယ်။

နောက်ထပ်ကျတော့ ကြားကာလပေါ့၊ ကျနော်တို့ အခု ပဋိပက္ခကာလ ဘယ်လောက် ကြာမလဲ မသိဘူး။ ပြည်သူလူထုတွေကလည်း အရမ်းကို နစ်နာမှုတွေ ရှိနေတယ်။ အဲဒါကြောင့်မလို့ ဒီကာလတစ်ခုအောက်မှာ ကျနော်တို့အနေနဲ့ ပြည်သူလူထုရဲ့ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး အဲဒီကိစ္စရပ်တွေကိုလည်း ဘယ်လိုလုပ်ရင် ကောင်းမလဲ ကျနော်တို့ဘက်က အကြံပြု တင်ပြတာရှိတယ်။

နောက်တစ်ချက်ကတော့ အရေးကြီးပါတယ်၊ ဒါက နိုင်ငံတကာတွေရဲ့ ပံ့ပိုးကူညီမှုပေါ့။ ကျနော်တို့ အခုလက်ရှိဖြစ်နေတဲ့ ပဋိပက္ခ နိုင်ငံရေးအကြပ်အတည်းက အင်မတန်ကြီးတယ်၊ အင်မတန် နက်ရှိုင်းကျယ်ပြန့်တာမလို့ ကိုယ့်ဟာကိုယ် ကြိုးပမ်းလုပ်တာ တစ်ပိုင်းပေါ့ဗျာ။ နိုင်ငံတကာတွေရဲ့ ပံ့ပိုးကူညီမှုကလည်း အင်မတန်အရေးကြီးတယ်ဆိုတာ ကျနော်တို့ အဲ့လိုမျိုး ရှုမြင်တဲ့အပေါ်မှာ နိုင်ငံတကာကနေပြီးတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ငွေကြေးအရသော်လည်းကောင်း၊ နည်းပညာအရသော်လည်းကောင်း၊ Facilitation အရသော်လည်းကောင်း၊ Space အရသော်လည်းကောင်း စသည်ဖြင့်ပေါ့လေ အဲဒါကိုလည်း နည်းလမ်းရှာသွားဖို့ကိုလည်း ကျနော်တို့ တင်ပြခဲ့တာရှိတယ်။

နောက်ဆုံးတစ်ချက်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဒီလိုမျိုး စစ်ပွဲတွေ ဖြစ်နေတဲ့ ကာလတစ်ခုအောက်မှာ ကျနော်တို့ ပြန်လည်စတင်ရတာ ဖြစ်တဲ့အတွက်ကြောင့် နှစ်ဖက်စလုံးအတွက် အဆင်ပြေနိုင်တဲ့ နည်းလမ်းတွေကိုလည်း အတိုးအလျော့ လုပ်ပြီးတော့ ဆောင်ရွက်သင့်တယ်၊ ဥပမာအားဖြင့် နေရာပေါ့။ ကျနော်တို့က တွေ့ဆုံဆွေးနွေးမယ်ဆိုရင် နေပြည်တော် တစ်ခုတည်းမဟုတ်ဘဲနဲ့ ရန်ကုန်မှာသော်လည်းကောင်း၊ ဒါမှမဟုတ်ရင် နယ်စပ်မှာသော်လည်းကောင်း၊ ပြည်ပနိုင်ငံ တစ်ခုခုမှာသော်လည်းကောင်း အဲလိုမျိုးပေါ့လေ။ တွေ့ဆုံနိုင်တဲ့နေရာ နှစ်ဖက် ညှိနှိုင်းဆွေးနွေး သဘောတူညီမှုအပေါ်မှာ လုပ်နိုင်အောင်လည်း နည်းလမ်းရှာသင့်တယ် ဆိုတာ ကျနော်တို့ တင်ပြတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

မေး ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်စဖို့နဲ့ ပတ်သက်ပြီးတော့ ပြီးခဲ့တဲ့ ဧပြီလ သင်္ကြန်နောက်ပိုင်းမှာ စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြန်ကမ်းလှမ်းခဲ့တယ်။ အဲဒီမှာ တွေ့ရတာက NCA ထိုးထားတဲ့ EAO တွေဆိုရင် ကမ်းလှမ်းတဲ့ပုံစံတစ်မျိုး၊ NCA လက်မှတ်မထိုးတဲ့ EAO ဆိုရင် ကမ်းလှမ်းတာတစ်မျိုး၊ နောက်ပြီးတော့ PDF တွေနဲ့ ပတ်သက်ပြီးတော့ လက်နက်စွန့်ဖို့ ပြောတာတစ်မျိုးပေါ့။ အဲဒီအပေါ်မှာ 7 EAO Alliance အနေနဲ့ ဘယ်လို ရပ်တည်မှုမျိုးရှိလဲ၊ ဘယ်လိုမျိုး သဘောထားအမြင် ရှိပါသလဲ။

ဖြေ ။ ။ အဖြေတော့ တော်တော်ပါသွားပါပြီ။ အခုကျနော်တို့ ကြုံတွေ့နေရတဲ့ နိုင်ငံရေး အခင်းအကျင်းက သာမန်အခြေအနေ မဟုတ်ဘူး။ နိုင်ငံအနှံ့အပြားမှာဆိုရင် လက်နက်ကိုင်ပဋိပက္ခ စစ်ပွဲတွေလည်း ကြီးကြီးမားမား ဖြစ်ပွားနေတယ်၊ ဖြစ်ပွားနေဆဲလည်း ဖြစ်တယ်။ ဒီလိုဖြစ်နေတဲ့ အခြေအနေတစ်ခုအောက်မှာ 7 EAO Alliance အနေနဲ့ကတော့ လက်ရှိနိုင်ငံရေးရဲ့ အကြပ်အတည်းကို ကျော်လွှားနိုင်ဖို့ဆိုရင် သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ဆိုတာ ကျနော်တို့ ဟိုးအရင် ၂၀၂၂ ခုနှစ်ကတည်းက ပြောဆိုလာခဲ့တာ ရှိတယ်လေ။

သို့သော်လည်းပဲ အခြေအနေကတော့ သိတဲ့အတိုင်းပါပဲ။ အဲဒီအပေါ်မှာ ဘယ်လိုပြောမလဲဆိုတော့ အခုကတော့ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုပဲပြောပြောပေါ့လေ အစိုးရအသစ် တစ်ရပ်ဆိုတာတော့ ပေါ်လာတယ်။ ခုနက ပြောသလိုမျိုးပဲ ဧပြီလတုန်းက လွတ်လပ်ပြီးတော့ ဘာမှ ကြိုတင်ကန့်သတ်ချက်တွေ မထားဘဲနဲ့ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုတွေလည်း တွေ့လာရတာပေါ့လေ။ ဖိတ်ခေါ်မှုဆိုတာကတော့ တစ်ထပ်ထဲဖြစ်ဖို့က လက်ရှိနိုင်ငံရေး အခြေအနေအရကတော့ ခက်ပါတယ်။

ဥပမာအားဖြင့် ကျနော်တို့ 7 EAO Alliance ဆိုရင် တစ်ဖွဲ့ချင်းစီ ဖိတ်တာလည်းရှိတယ်၊ ပြီးတော့ (၇)ဖွဲ့စလုံး စုပေါင်းပြီးတော့ ဖိတ်တာလည်း ရှိတယ်။ ထို့နည်းတူ ပထဝီနယ်မြေတွေလည်း မတူညီဘူး၊ နိုင်ငံရေး နောက်ခံသမိုင်းလည်း မတူညီတဲ့ တခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိတ်တာတို့ ဖြစ်တဲ့အခါကျတော့လည်း ကွဲလွဲမှုတွေကတော့ ရှိကောင်းရှိနိုင်ပါတယ်။ ဒါကလည်း ပကတိ အရှိတရားပါ၊ သို့သော် ကျနော်တို့အနေနဲ့ အခုမှ စတင်ပျိုးတာပဲ ဖြစ်ပါတယ်။

ရပ်တန့်နေတာ ကြာပြီဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်စတင်နိုင်အောင် အခုမှ ကျနော်တို့ ပြန်ပြီး လမ်းစရှာတာ ဖြစ်ပါတယ်။ သို့သော် ကျနော်တို့ရဲ့ အန္တိမပန်းတိုင်ကတော့ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက်ဆိုရင် ဒီပြည်ထောင်စုထဲမှာ ရှိနေတဲ့ အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားတွေ၊ အဲဒါတွေ အားလုံးပါဝင် ညှိနှိုင်းဆွေးနွေးတဲ့ အခင်းအကျင်းတစ်ခု လိုအပ်တယ်ဆိုတာကိုတော့ ကျနော်တို့ အဲလိုမျိုး နားလည်မှုရှိတာပေါ့ဗျာ။ အခက်အခဲကတော့ ရှိပါတယ်၊ စိန်ခေါ်မှုကတော့ ရှိပါတယ် မှန်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခုမှ ပြန်လည်စတင်တဲ့ ဒီလမ်းစရှာမှုကနေပြီးတော့ ဒါက တစ်ဆင့်ချင်း တစ်ဆင့်ချင်း ကျနော်တို့ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ Flexible ဖြစ်ပြီး လိုက်လျောညီထွေစွာနဲ့ အမျိုးမျိုး ကြိုးပမ်းဆောင်ရွက်ရမယ်လို့ပဲ နားလည်ပါတယ်။

မေး ။ ။ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ NSPNC ရဲ့ လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့် ပြောတာဆိုရင် NCA Plus ပုံစံမျိုး ထွက်ပေါ်လာဖို့ ဆောင်ရွက်နေတယ် လုပ်ဆောင်မှု ရှိနေတယ်ဆိုတော့ အဲဒါက ဘယ်လိုပုံစံမျိုး ဖြစ်လာမလဲ။ ဒီအပေါ်မှာရော ဘယ်လို သဘောထားအမြင် ရှိပါသလဲ။

ဖြေ ။ ။ NCA လို့ ပြောရင်လည်း NCA ဆိုတာ ကျနော်တို့ စတင်ရေးဆွဲတဲ့အချိန် ၂၀၁၃၊ ၂၀၁၄ အချိန်တုန်းကဆိုရင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ အတူတကွ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိခဲ့ပေမဲ့ ၂၀၁၅ လက်မှတ်ထိုးတဲ့အချိန်မှာ (၈)ဖွဲ့နဲ့ပဲ ကျနော်တို့ စပြီးတော့ ရေးထိုးခဲ့ရတယ်၊ မထိုးနိုင်သေးတဲ့ အဖွဲ့တွေလည်း အများကြီးရှိပါတယ်။ ဒီကြားထဲမှာ ၂၀၂၀ ကနေ စပြီးတော့ ကျနော်တို့ လုပ်ငန်းစဉ်တွေ အကုန်လုံး ရပ်တန့်သွားတယ်။

အခု ၂၀၂၁ နောက်ပိုင်း ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းပေါ်မှာလည်း NCA အပေါ် ရှုမြင်မှုတွေက အမျိုးမျိုး ကွဲပြားခြားနားမှုတွေ ရှိလာတဲ့အပေါ်မှာ ခုနက ကျနော်တို့ ပြောသလိုမျိုးပေါ့၊ 7 EAO Alliance ထဲမှာတောင်မှ ကျနော်တို့ ပြောပြောနေတာ NCA အတိုင်းလို့ ကျနော်တို့ မပြောပါဘူး။ NCA ရဲ့ အနှစ်သာရ သုံးချက်အပေါ်မှာပဲ အခြေခံပြီးတော့ ကျနော်တို့ သွားဖို့ အဆိုပြုခဲ့တာရှိတယ်။ ဒါကလည်း အခုလက်ရှိ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ ကိုက်ညီအောင် ကျနော်တို့ကလည်း ကြိုးပမ်းဆောင်ရွက်မှု တစ်ခုလို့ပဲ ပြောချင်ပါတယ်။

ခုနက မေးသလိုမျိုးပေါ့၊ NCA Plus ဆိုတာကတော့ ရှိပါတယ်။ ဥပမာအားဖြင့် လက်ရှိ ကျနော်တို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဘာတွေ လုပ်နိုင်ဖို့၊ တွေ့ဆုံပွဲတွေမှာဆိုရင်လည်း ကျနော်တို့ 7 EAO Alliance လက်မှတ်ထိုးထားတဲ့ အဖွဲ့ကိုလည်းပဲ စကားပြောနိုင်အောင် ကြိုးပမ်းဆောင်ရွက်မှုတွေ ရှိတယ်။ NCA လက်မှတ်မထိုးထားတဲ့ မြောက်ပိုင်းအဖွဲ့တွေကိုလည်း ဥပမာ – ‘ဝ’တို့၊ မိုင်းလားတို့၊ SSPP တို့ စသည်ဖြင့်ပေါ့လေ အဲဒါတွေလည်း ကျနော်တို့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့တယ်၊ လုပ်နေဆဲလည်း ဖြစ်တယ်။

ဆိုတော့ ဒီအပေါ်မှာ ကျနော်တို့က NCA အတိုင်းလို့ ပြောတာထက် 7 EAO ကတော့ NCA အနှစ်သာရကို အခြေခံတယ်။ ထိုနည်းတူ ကျန်တဲ့အဖွဲ့တွေကလည်းပဲ NCA အတိုင်း NCA အနှစ်သာရအတိုင်း ပြောတာထက် သူတို့ဘက်က လက်ခံနိုင်တဲ့ သူတို့အတွက် အဆင်ပြေတဲ့ လမ်းကြောင်းတွေလည်း ရှိကောင်းရှိနိုင်မယ်လို့ နားလည်တဲ့အတွက်ကြောင့်မလို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လို့ ပြောမယ်ဆိုရင် နည်းလမ်းတွေ လုပ်ငန်းစဉ် ပုံစံတွေက အမျိုးမျိုး အခြေအနေအရတော့ ရှိမယ်၊ ရှိသင့်တယ်လို့တော့ ကျနော်တို့အနေနဲ့ အဲလိုပဲ နားလည်မှု ရှိပါတယ်။

မေး ။ ။ လာမယ့် ဇူလိုင်လထဲမှာရော 7 EAO Alliance အနေနဲ့ NSPNC နဲ့ ထပ်တွေ့ဖို့ ရှိဦးမလား။

ဖြေ ။ ။ ကျနော်တို့ သတင်းထုတ်ပြန်တဲ့ အတိုင်းပါပဲ။ ဒါကလည်း အခုမှတော့ မဟုတ်ပါဘူး၊ ကျနော်တို့ အခေါ်ကတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်တာပေါ့။ Peace Process Review ကို ကျနော်တို့က ပူးတွဲပြီးတော့ နောက်တစ်ခါ ထပ်တွေ့ဖို့အတွက် အဲလိုမျိုး အစည်းအဝေးမှာ သဘောထားချမှတ်တာ ရှိပါတယ်။

မေး ။ ။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး မမေးမိတဲ့ အကြောင်းအရာတွေ၊ ဒါမှမဟုတ် ထပ်ပြီးတော့ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

ဖြေ ။ ။ အဓိကကတော့ ဒီလိုမျိုး သာမန်အခြေအနေ မဟုတ်တဲ့ ကျနော်တို့ နိုင်ငံရေးအခင်းအကျင်း၊ လက်ရှိကလည်းပဲ ငြိမ်းချမ်းရေးနဲ့ ဆန့်ကျင်ဘက် လက်နက်ကိုင်ပဋိပက္ခတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေတဲ့ အခြေအနေတစ်ခုအောက်မှာ ဖြစ်နိုင်တဲ့နည်းလမ်းကနေပြီးတော့ ဖြစ်နိုင်တဲ့အခြေအနေ ဖြစ်နိုင်တဲ့အတိုင်းအတာနဲ့ ကျနော်တို့က စတင်ပြီးတော့ ကြိုးပမ်းဆောင်ရွက်မယ့် ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် ကိစ္စရပ်တွေကတော့ အခက်အခဲတွေ စိန်ခေါ်မှုတွေ အများကြီးရှိတယ် ဆိုတာလည်း ပကတိ အရှိတရားပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကျနော်တို့ ရှိတဲ့အင်အားကနေပြီးတော့ ရှိတဲ့အဖွဲ့နဲ့ စတင်ပြီးတော့ ကြိုးပမ်းဆောင်ရွက်ခြင်းကနေ ကျနော်တို့ မျှော်မှန်းတဲ့ သက်ဆိုင်သူတွေ အားလုံး ပါဝင်တွေ့ဆုံ ဆွေးနွေးတဲ့ အခင်းအကျင်းရောက်အောင် ဆက်လက်ပြီးတော့ ကြိုးပမ်းဆောင်ရွက်ဖို့၊ နည်းလမ်းပေါင်းစုံနဲ့ ကျနော်တို့ စဉ်းစားဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ် ဆိုတာကို ဖြည့်စွက်ပြီးတော့ ပြောချင်ပါတယ်။

မေး ။ ။ အခုလို အချိန်ပေးပြီးတော့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ။

ဖြေ ။ ။ ဟုတ်ကဲ့ပါ၊ ကျေးဇူးတင်ပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...

လောက်ကိုင် MNDAA ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးတွင် ထပ်မံလွှတ်ပေး

0
သျှမ်းပြည် လောက်ကိုင်မြို့တွင် ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၂၀၀ နီးပါးကို လားရှိုးမြို့၌ ပြန်လွှတ်ပေးခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇွန်လ ၁၅ ရက်) နေ့လယ်ပိုင်းတွင် တိုက်ပွဲအတွင်း ကိုးကန့်တပ်ဖွဲ့ MNDAA ဖမ်းဆီးရမိထားသည့် စစ်သုံ့ပန်း (၂၀၀) နီးပါးကို သိန္နီဘက်မှ ကားဖြင့်တင်ဆောင်လာပြီး...

SSPP ကိုယ်စားလှယ်အဖွဲ့နှင့် NSPNC နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် အသွင်ပြောင်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇွန်လ ၁၂ ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ SSPP ဒုဥက္ကဋ္ဌဖြစ်သူ...

ဟိုပုံးမြို့နယ်ရှိ နေအိမ်များ ဖျက်သိမ်းရန် သက်ဆိုင်ရာတာဝန်ရှိသူများက အိမ်ပိုင်ရှင်ထံ ပိုက်ဆံကောက်

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာမှ နေအိမ်များကို ဖျက်သိမ်းရန် စစ်ကော်မရှင်နှင့် ပအိုဝ်းပြည်သူ့စစ် PNOတပ်က အိမ်ပိုင်ရှင်များကို တစ်အိမ်လျှင် ငွေကျပ် ငါးသိန်းစီ ထပ်မံကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ဒုတိယပတ်မှစပြီး ဟိုပုံးမြို့နယ် ညောင်ဗက်ကျေးရွာရှိ အိမ်ခြေ၂၀၀ ကျော်ကို ကျူးကျော်နေထိုင်သူဟုဆိုကာ ပအိုဝ်းပြည်သူ့စစ် ( PNO)...