ယခု ဇူလိုင်လအတွင်း မြန်မာစစ်အစိုးရနှင့် ပတ်သက်ပြီး ဖြစ်ပေါ်လာသော သံတမန်ရေးရာ လှုပ်ရှားမှုများသည် ယခင်က ၎င်းတို့ကိုယ်တိုင် ကျင့်သုံးနေခဲ့သော ကာကွယ်ရေးကို ဦးတည်သည်ဆိုသည့် အထီးကျန်မူဝါဒများမှ လက်ရှိတွင် နိုင်ငံတကာ၏ တရားဝင်အသိအမှတ်ပြုမှု ရရှိနိုင်ရေးအတွက် စွန့်စားရသော်လည်း ပို၍ ရန်လိုသော ထိုးစစ်ဆင်မှုပုံစံအဖြစ်သို့ သိသိသာသာ ကူးပြောင်းလာနေသည်ကို မြင်နေရသည်။
ဗိုလ်ချုပ်မှူးကြီးအဖြစ်မှ သမ္မတအဖြစ် ကိုယ်တိုင်တင်မြှောက်ခဲ့သူ ဦးမင်းအောင်လှိုင်အနေဖြင့် တရုတ်နိုင်ငံ၏ ကျောထောက်နောက်ခံပြုမှု၊ (ရုရှား၏ ထောက်ပံ့မှု အတိုင်းအတာတစ်ခု) နှင့်အတူ အန္တရာယ်ကြီးသော လက်တွေ့ဆန်ဆန် နိုင်ငံရေးကစားကွက်တစ်ခုကို ပုံဖော်လာနေလျက်ရှိသည်။
ထိုကစားကွက်ဆိုသည်မှာ ၎င်းကို တရားမဝင်ဟု သတ်မှတ်ထားသည့် အာဆီယံ၏ ငြိမ်းချမ်းရေး မူဘောင်ကို ပယ်ချပြီး၊ တစ်ဖက်တွင် ၎င်းတို့အဆိုအရ “အရပ်သားတပိုင်း” အစိုးရ ဆိုသည့် အဆင့်အတန်းကို အသုံးချကာ အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် အပြည့်အဝ ပြန်လည်နေရာရရှိရေးကို တောင်းဆိုနေခြင်းဖြစ်သည်။
လက်ရှိလုပ်ဆောင်နေသော ချဉ်းကပ်မှုများသည် စစ်မှန်သော ငြိမ်းချမ်းရေးကို ရှာဖွေရန်၊ လက်ရှိဖြစ်ပွားနေသော ပြည်တွင်းစစ်ကို ထည့်သွင်းစဉ်းစားနေခြင်း မဟုတ်ဘဲ ၎င်း၏ အုပ်ချုပ်မှုကိုသာ တစ်ခုတည်းသော တရားဝင်အာဏာပိုင်အဖြစ် အတင်းအဓမ္မ အသိအမှတ်ပြုခိုင်းစေရန်သာ လုပ်ဆောင်နေသည့် ရာဇသံတစ်ခုသာဖြစ်သည်။
၁။ အာဆီယံကို အကျပ်ကိုင်ခြင်း- “5PC ကို ပယ်ချပြီး တန်းတူဆက်ဆံရန် တောင်းဆိုခြင်း”
အာဏာသိမ်းသမ္မတ သုံးနေသည့် မဟာဗျူဟာ၏ အဓိကအချက်မှာ အာဆီယံ၏ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက် (5PC) ကို အတိအလင်း ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။
ဘန်ကောက်အစည်းအဝေးတွင် စစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေက ၎င်းသဘောတူညီချက်ကို အကောင်အထည်ဖော်မည်မဟုတ်ကြောင်း ကြေညာခဲ့သည်။
အာဆီယံ၏ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို ပါ စည်းမျဉ်းများဖြစ်သည့် အပစ်အခတ်ရပ်စဲရေး၊ အကျဉ်းသားများလွှတ်ပေးရေးနှင့် အားလုံးပါဝင်သော ဆွေးနွေးပွဲများ ပြုလုပ်ရေးတို့ကို အာဏာသိမ်းအစိုးရက လိုက်နာမည်မဟုတ်ဘဲ ၎င်းတို့အား တန်းတူရည်တူ မိတ်ဖက်အဖြစ် ဆက်ဆံမှသာ အာဆီယံနှင့် ဆက်လက်လက်တွဲမည်ဟူသော “လက်ခံရင်လက်ခံ၊ မလက်ခံရင် အဆက်အသွယ်ဖြတ်” ဆိုသည့် ရာဇသံကဲ့သို့ တောင်းဆိုမှုကို ပြုလုပ်လိုက်ခြင်း ဖြစ်သည်။
သို့သော်လည်း အဆိုပါလုပ်ရပ်ကြောင့် အာဆီယံအတွင်းပိုင်းတွင် သဘောထားကွဲလွဲမှုများ ပိုမိုနက်ရှိုင်းလာခဲ့သည်။
• ထိတွေ့ဆက်ဆံရေးလိုလားသူများ: ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်။
• မူဝါဒတင်းကျပ်သူများ: အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း။ (မလေးရှားနှင့် ကမ္ဘောဒီးယားတို့သည် ဘန်ကောက်အစည်းအဝေးသို့ တက်ရောက်ခြင်းမရှိ သို့မဟုတ် တက်ရောက်သည့် ကိုယ်စားလှယ်အဆင့် လျှော့ချခဲ့ကြသည်)။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှနန်ကမူ အာဆီယံအနေဖြင့် အာဆီယံ၏ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို စွန့်လွှတ်မည်မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးနှင့် အကြမ်းဖက်မှုရပ်တန့်ရေးတို့ကို လက်တွေ့ပြသရန် ဆက်လက်တောင်းဆိုထားသည်။
အာဏာသိမ်းအစိုးရအနေဖြင့် တောင်းဆိုချက်များကို ဖြည့်ဆည်းရန် ငြင်းဆန်ခြင်းနှင့် 5PC ကို ပယ်ချခြင်းတို့ကြောင့် သံတမန်ရေးရာ အဟန့်အတားများ ဖြစ်ပေါ်လာသည်။
အာဆီယံအနေဖြင့် ဒေသတွင်းတည်ငြိမ်မှုကို လိုလားပြီး အဖွဲ့အတွင်း ညီညွတ်မှု ပြိုကွဲသွားမည်ကို စိုးရိမ်ခြင်းတို့ကြောင့် နောက်ဆုံးတွင် ၎င်းတို့အပေါ် အလျော့ပေးလာလိမ့်မည်ဟု အာဏာသိမ်းသမ္မတက လောင်းကြေးထပ်ထားပုံရသည်။
စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံရေးကို လိုလားသည့်အုပ်စု (ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်) မှ တင်းကျပ်သည့် မူဝါဒများဖြင့် ရပ်တည်နေသော အုပ်စု (အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ဘရူနိုင်း) ကို လွှမ်းမိုးသွားနိုင်လိမ့်မည်ဟု တွက်ချက်ထားခြင်းဖြစ်နိုင်သည်။
သို့သော်လည်း အန္တရာယ်ရှိနေသည့် အချက်မှာ အာဆီယံအတွင်း သဘောထားကွဲလွဲမှုများအပြင် အနောက်အုပ်စုနှင့် ပြင်ပဖိအားများကို ရင်ဆိုင်လာရပါက အာဏာသိမ်းအစိုးရ၏ တောင်းဆိုချက်များကို အရှုံးပေးလိုက်လျောမည့်အစား ၎င်းကို အဖွဲ့မှထုတ်ပယ်ခြင်း သို့မဟုတ် ပိုမိုအထီးကျန်အောင် လုပ်ရန် ရွေးချယ်လာနိုင်ပြီး ထိုသို့ဖြစ်လာလျှင် ဦးမင်းအောင်လှိုင်အနေဖြင့် သံတမန်ရေးအရ လမ်းခုလတ်တွင် ကျန်ရစ်နေခဲ့မည်ဖြစ်သည်။
၂။ ကုလသမဂ္ဂ ကိုယ်စားလှယ် အားပြိုင်မှု- “တရုတ်နိုင်ငံ၏ ကျောထောက်နောက်ခံ”
တရားဝင်မှုရရှိရေး တိုက်ပွဲသည် ကုလသမဂ္ဂအထိ ကူးစက်လာပြီး စစ်အစိုးရသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ကိုယ်စားပြုထားသည့် လက်ရှိသံအမတ်ကြီး ဦးကျော်မိုးထွန်း၏ နေရာတွင် အစားထိုးရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းနေသည်။
ထိုနေရာတွင် တရုတ်နိုင်ငံသည် အဆုံးအဖြတ်ပေးမည့် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။
ပေကျင်းသည် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာယန္တရားများတွင် မြန်မာနိုင်ငံ၏ တန်းတူရည်တူ ပါဝင်ခွင့်ကို ထောက်ခံမည်ဟု ကတိပြုထားသဖြင့် စစ်အစိုးရအတွက် အနောက်အုပ်စု၏ ဖိအားကို ကာကွယ်ပေးမည့် ဒိုင်းလွှားတစ်ခု ဖြစ်လာသည်။
သို့သော်လည်း အမေရိကန်၊ ဥရောပသမဂ္ဂ (EU) နှင့် အော်စတြေးလျတို့ ဦးဆောင်သည့် အနောက်အုပ်စုကမူ စစ်ကောင်စီ၏ ရွေးကောက်ပွဲများကို မတရားဟုဆိုကာ ဦးကျော်မိုးထွန်းကိုသာ ဆက်လက်အသိအမှတ်ပြုထားသဖြင့် ကုလသမဂ္ဂအနေဖြင့် “မြန်မာနိုင်ငံနှစ်ခု” ကြား ရွေးချယ်ရမည့် အကျပ်အတည်းနှင့် ရင်ဆိုင်နေရသည်။
လက်ရှိအခြေအနေတွင် တရုတ်နိုင်ငံမှ ဘက်မလိုက်သည့် လှုပ်ရှားဆောင်ရွက်မှုတစ်ခုအဖြစ်ပုံဖော်ပြီး အာဆီယံအဖွဲ့ဝင်များထံမှ ကိုယ်စားလှယ်စိစစ်ရေးကော်မတီကို လွှမ်းမိုးနိုင်သည်အထိ ထောက်ခံမှု စုဆောင်းနိုင်ခဲ့ပါက စစ်အစိုးရအနေဖြင့် ကုလသမဂ္ဂတွင် နေရာရရှိသွားနိုင်ပြီး ၎င်းအတွက် ကြီးမားသော အောင်ပွဲတစ်ခုဖြစ်လာနိုင်သည်။ သို့သော် ထိုသို့မဖြစ်လာပါက နေရာမရ အရှက်ကွဲရသည့် အဖြစ်မျိုးနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ဆိုးသွမ်းနိုင်ငံ သို့မဟုတ် ဥပဒေမဲ့နိုင်ငံ စာရင်းအသွင်းခံရမည်ဖြစ်သည်။
၃။ ဒေါ်အောင်ဆန်းစုကြည် ကတ်ပြား- “အပေးအယူလုပ်မည့် နိုင်ငံရေးဖဲချပ်”
ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍသည် တော်လှန်ရေး၏ သင်္ကေတအဖြစ်မှသည် အာဏာသိမ်း သမ္မတ အတွက် သံတမန်ရေးရာ အသာစီးရယူရန် အပေးအယူလုပ်မည့် ဖဲချပ်တစ်ခုအဖြစ်သို့ ပြောင်းလဲလာခဲ့သည်။
ကျွမ်းကျင်သူများ၏ သုံးသပ်ချက်အရ အာဏာသိမ်းသမ္မတသည် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးလိုက်ပါက ၎င်း၏အုပ်ချုပ်မှုကို ခြိမ်းခြောက်လာမည့် နိုင်ငံရေးငလျင်တစ်ခု လှုပ်ခတ်လာနိုင်သဖြင့် ဆက်လက်ဖမ်းဆီးချုပ်နှောင်ထားခြင်း ဖြစ်သည်။
အကျပ်အတည်းများကြောင့် ပင်ပန်းနွမ်းနယ်နေပြီဖြစ်သော အာဆီယံအနေဖြင့်လည်း နောက်ဆုံးတွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးမှုနှင့် စစ်အစိုးရကို တရားဝင်အသိအမှတ်ပြုမှုတို့ကို လဲလှယ်လာလိမ့်မည်ဟု မျှော်လင့်နေသည်။
Realpolitik သုံးသပ်ချက် – အောင်မြင်နိုင်ခြေ
အာဏာသိမ်း သမ္မတ၏ လှုပ်ရှားမှုများသည် အန္တရာယ်လည်းကြီးမားပြီး ၎င်းအတွက် အကျိုးအမြတ်လည်း များနိုင်သည့် ကစားကွက်တစ်ခု ဖြစ်လာသည်။
စစ်အစိုးရအနေဖြင့် အာဆီယံ၏ ညီညွတ်မှု ထိလွယ်ရှလွယ် အခြေအနေများအပေါ်တွင် မူတည်နေပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲမှုများက ၎င်းတို့အကြိုက် အပေးအယူလုပ်လာနိုင်သည်ဟု မျှော်လင့်ထားပုံရသည်။
ထို့အပြင် ကုလသမဂ္ဂတွင် အဆုံးအဖြတ်ပေးနိုင်ရန် လိုအပ်သော သံတမန်ရေးရာ အကာအကွယ်များရရှိရန် တရုတ်နိုင်ငံ၏ ပြတ်ပြတ်သားသား ထောက်ခံမှုအပေါ်တွင်လည်း အခြေခံနေပြီး ရေရှည်အကျပ်အတည်းကြောင့် အနောက်နိုင်ငံများ ပင်ပန်းလာပြီး ပူးပေါင်းဆောင်ရွက်လာနိုင်မည့် အလှည့်အပြောင်းတစ်ခုကိုလည်း ၎င်းတို့က မျှော်လင့်နေခြင်းဖြစ်သည်။
သို့သော်လည်း ယခုနည်းလမ်းများတွင် ကြီးမားသော ဘေးထွက်ဆိုးကျိုးများ ရှိနေသည်။
အာဆီယံအနေဖြင့် စစ်အစိုးရအလိုအတိုင်း လိုက်လျောခဲ့ပါက ၎င်းတို့၏ အနှစ်သာရဖြစ်သော ဒီမိုကရေစီနှင့် လူ့အခွင့်အရေးမူဝါဒများကို စွန့်လွှတ်လိုက်ခြင်း ဖြစ်သွားပြီး အာဆီယံကိုယ်တိုင်ကပင် အရေးမပါတော့သည့် အဆင့်သို့ ရောက်ရှိသွားမည့် အန္တရာယ်ရှိနေသည်။
ထို့အပြင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များသည် စစ်မြေပြင်တွင် သိသိသာသာ အားကောင်းလာနေသည့်အတွက် စစ်အစိုးရအနေဖြင့် သံတမန်ရေးရာ အောင်ပွဲတစ်ခုခု ရရှိသွားခြင်းက စစ်ရေးတုံ့ပြန်မှုများကို ဖြစ်ပေါ်လာနိုင်ပြီး ရေရှည်ထိန်းချုပ်၍မရနိုင်သော ပို၍ဆိုးဝါးသည့် ပြည်တွင်းစစ်ကြီးဆီသို့ ဦးတည်သွားစေနိုင်သည်။
ကုလသမဂ္ဂမှ စစ်အစိုးရ၏ ကိုယ်စားလှယ်တောင်းဆိုမှုကို ငြင်းပယ်လိုက်လျှင် နိုင်ငံတကာမှ လုံးဝဖယ်ကြဉ်ခြင်းခံရမည်ဖြစ်ပြီး တရုတ်နှင့် ရုရှားနှစ်နိုင်ငံကသာ မဟာမိတ်အဖြစ် ကျန်ခဲ့မည်ဖြစ်သည်။
လက်ရှိအဖြစ်နိုင်ဆုံးအခြေအနေမှာ တစ်ဆင့်ချင်းအပေးအယူလုပ်ခြင်းဖြင့် သောင်တင်နေမည့် အခြေအနေမျိုးသာ ဖြစ်နိုင်သည်။
အာဆီယံမှ ၎င်းတို့၏ မူဘောင် ၅ ရပ်ကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်သော်လည်း နယ်စပ်လုံခြုံရေးနှင့် ကုန်သွယ်ရေးကဲ့သို့ လက်တွေ့ကျသည့် ကိစ္စရပ်များတွင် စစ်အစိုးရနှင့် ဆက်လက်ထိန်းညှိ ဆောင်ရွက်သွားနိုင်သည်။
တစ်ချိန်တည်းမှာပင် ကုလသမဂ္ဂ၏ ကိုယ်စားလှယ်နေရာအတွက် တိုက်ပွဲကိုလည်း ဆက်လက် ဆွဲဆန့်သွားနေမည် ဖြစ်ပြီး တရုတ်နှင့် မဟာမိတ်များထံမှ အကန့်အသတ်ရှိသော အသိအမှတ်ပြုမှုကို ရရှိနိုင်သော်လည်း အဖွဲ့ဝင် အပြည့်အဝဖြစ်ခွင့် သို့မဟုတ် ကမ္ဘာမှ အသိအမှတ်ပြုမှုကို ရရှိရန်မရှိပေ။
အဆုံးသတ်တွင် စစ်အစိုးရ၏ စွန့်စားကစားကွက်များမှာ ၎င်းတို့ကိုယ်တိုင် ပြန်လည်ထိခိုက်စေနိုင်မည့် လုပ်ရပ်များသာ ဖြစ်လာသည်။
အာဆီယံ၏ ဒေသတွင်း ဘုံသဘောတူညီချက်များကို ငြင်းဆိုပယ်ချခဲ့ပြီး အသိအမှတ်ပြုရန် တောင်းဆိုနေခြင်းက သမ္မတမင်းအောင်လှိုင်အနေဖြင့် ၎င်းတို့ကိုယ်တိုင် ချောင်ပိတ်မိနေစေသကဲ့သို့ ဖြစ်သွားပြီး ၎င်းနှင့် ဆက်ဆံမည့် အာဆီယံကလည်း သိက္ခာအဖတ်ဆယ်မရ ဖြစ်သွားနိုင်သည်။
ရလဒ်အနေဖြင့် အကျပ်အတည်းများ ပိုမိုနက်ရှိုင်းလာနိုင်ပြီး အာဆီယံဒေသတွင်းနှင့် နိုင်ငံတကာမှ မြန်မာ့ရေရှည်ပြည်တွင်းစစ်ကို စောင့်ကြည့်နေရစဉ် အာဏာသိမ်းအစိုးရအနေဖြင့် အချို့နိုင်ငံများက အသိအမှတ်ပြုပြီး အချို့နိုင်ငံများက ငြင်းပယ်နေမှုများအကြား ဗျာများနေရမည့် အခြေအနေဖြစ်လာမည်။
နိုင်ငံတကာအသိုင်းအဝိုင်းအတွက် ရွေးချယ်စရာမှာ ရှင်းလင်းပြတ်သားနေဆဲဖြစ်သည်။ မတရားမှုများနှင့် သွေးစွန်းမှုများကို အသုံးပြုတည်ဆောက်ထားသည့် အုပ်ချုပ်ရေးယန္တရားတစ်ခုနှင့် ဆက်ဆံခြင်း သို့မဟုတ် မူဝါဒများဖြင့် ခိုင်ခိုင်မာမာ ရပ်တည်ထားပြီး ပိုမိုမတည်မငြိမ်ဖြစ်လာနိုင်သော စွန့်စားမှုများကို ရင်ဆိုင်ခြင်း စသည့် လမ်းနှစ်ခုကို ရင်ဆိုင်ရမည်ဖြစ်သည်။
လာမည့်လများအတွင်း အာဆီယံနှင့် ကုလသမဂ္ဂအနေဖြင့် အာဏာသိမ်းသမ္မတကို တရားဝင်မှုရရှိစေမည့် စွန့်စားမည်လား၊ ၎င်းကိုယ်တိုင် ပြိုလဲသွားနိုင်သည့် ဆန့်ကျင်မှု အမှားများအောက်တွင် ပြိုလဲသွားမည်လားဟူသည့် အဆုံးအဖြတ်ကို တွေ့လာနိုင်ဖွယ်ရှိနေသည်။
ဤဆောင်းပါးပါ အချက်အလက်များနှင့် အတွေးအမြင်များသည် စာရေးသူ စိုင်းဝမ်းဆိုင်၏ အာဘော်သာဖြစ်သည်။
ဤအကြောင်းအရာများသည် စာရေးသူစိုင်းဝမ်းဆိုင်ရေးသားသော THE GAMBLE FOR LEGITIMACY: Min Aung Hlaing’s Realpolitik Playbook in ASEAN and the UN အင်္ဂလိပ်ဘာသာဆောင်းပါးအား ယူဂျင်းမှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။












Leave a Comments