စွန့်ပစ်ခံ ASEAN သဘောတူညီချက် – စစ်အစိုးရ၏ အာခံမှုနှင့် အာဆီယံအတွင်း အက်ကွဲကြောင်းများ

မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်သည့် သံတမန်အခင်းအကျင်းသည် အလှည့်အပြောင်းမြန်ဆန်စွာဖြင့် မရေမရာဖြစ်လာနေပြီး အရေးကြီးသည့် အခြေအနေသို့ ဆိုက်ရောက်လာခဲ့ပြီဖြစ်သည်။

လက်ရှိအခြေအနေသည် အတုအယောင်ဖန်တီးထားသော တရားဝင်မှု၊ အချင်းချင်း သစ္စာဖောက်မှု၊ ဒေသတွင်း ဘုံသဘောတူညီချက်များ ပျက်ပြားခြင်းကဲ့သို့ အန္တရာယ်ရှိသော အခြေအနေများဖြင့် စုပေါင်းဖြစ်ပေါ်လျက်ရှိသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၂ ရက်က ဘန်ကောက်တွင်ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အလွတ်သဘောအစည်းအဝေးအတွက် ပြင်ဆင်နေကြသည့်အချိန်မှာပင်၊ အာဆီယံ၏ အဓိကငြိမ်းချမ်းရေးမူဘောင်ဖြစ်သော ဘုံသဘောတူညီချက် ၅ ချက်၏ ရေရှည်တည်တံ့နိုင်မှုကို ခြိမ်းခြောက်လာနိုင်သည့် လမ်းကြောင်းနှစ်ခုဖြစ်ပေါ်လာသည်။

၎င်းတို့မှာ အာဏာသိမ်း စစ်အုပ်စုဘက်မှ ထိုငြိမ်းချမ်းရေးအစီအစဉ်ကို တရားဝင်ပယ်ချလိုက်ခြင်းနှင့် မတရားမှုများ၊ သွေးစွန်းမှုများဖြင့် အာဏာရယူလာသော အစိုးရတရပ်ကို မည်သို့ချဉ်းကပ်ဆက်ဆံမည်နည်းဟူသည့် အချက်အပေါ် အာဆီယံအဖွဲ့အတွင်း သဘောထားကွဲလွဲမှုများ ပိုမိုကြီးထွားလာခြင်းဖြစ်သည်။

၁။ အာဏာသိမ်းအစိုးရ၏ ကတိဖျက်မှု

အစိုးရိမ်ရဆုံး စစ်အစိုးရ၏ တိုးတက်လာမှုတစ်ခုမှာ စစ်တပ်ကျောထောက်နောက်ခံပြုထားသော အမတ်များကြီးစိုးသည့် မြန်မာ့လွှတ်တော်က အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို ကန့်ကွက် ငြင်းပယ်သည့် အဆိုတစ်ရပ်ကို တရားဝင် အတည်ပြုလိုက်ခြင်းဖြစ်သည်။

ထိုအဆိုပြုချက်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ဦးဆောင်တင်သွင်းခဲ့ခြင်းဖြစ်သည်။

ထိုကြောင့် ယခင်က စစ်ကောင်စီအနေဖြင့် လက်ခံချင်ယောင်ဆောင်ခဲ့သော ငြိမ်းချမ်းရေးသဘောတူညီချက်ကို ပြန်လည်ဖျက်ဆီးပစ်ရန် အတိအလင်း စိန်ခေါ်လိုက်ခြင်းဖြစ်သည်။
အာဏာသိမ်းအစိုးရအနေဖြင့် ထိုသဘောတူညီချက်ကို မတရားသဖြင့် အဓမ္မတောင်းဆိုမှုနှင့် အချုပ်အခြာအာဏာကိုချိုးဖောက်မှုအဖြစ် သတ်မှတ်လိုက်ပြီး ယခင်က ပူးပေါင်းဆောင်ရွက်ရန် ဟန်ဆောင်လုပ်ထားသည့်မျက်နှာဖုံးကို လုံးဝခွာချလိုက်ပြီဖြစ်သည်။

ထိုလုပ်ရပ်သည် ကမ္ဘာက အတုအယောင်ဟု သတ်မှတ်ထားပြီး အများစုကပယ်ချထားသည့် မသမာသောနည်းလမ်းဖြင့် ပြုလုပ်ထားသော ရွေးကောက်ပွဲအပြီးတွင် စစ်ခေါင်းဆောင် အဖြစ်မှ သမ္မတ ဦးမင်းအောင်လှိုင်အဖြစ် မိမိကိုယ်ကိုယ် တင်မြှောက်ကြေညာလိုက်ခြင်းနှင့် အချိန်ကိုက်ဖြစ်ပေါ်လာသည့် ဆိုးဝါးသောလုပ်ရပ်တစ်ခုဖြစ်သည်။

မသမာသောနည်းလမ်းများကို အသုံးပြုကာ မိမိကိုယ်ကိုယ် အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းပုံဖော်ခဲ့ပြီး ထိပ်သီးအစည်းအဝေးများတက်ရောက်ခွင့်မပြုသည့် အာဆီယံဒေသတွင်း ငြိမ်းချမ်းရေးအစီအစဉ်ကို ငြင်းဆိုပယ်ချလိုက်သည်။

ထိုလုပ်ရပ်က အာဆီယံ၏ သံတမန်ရေးရာ လွှမ်းမိုးနိုင်စွမ်းကို အကြောသေ ရပ်ဆိုင်းသွားသကဲ့သို့ ဖြစ်စေရန် ရည်ရွယ်သည့် ဗျူဟာတစ်ခုအဖြစ် မြင်သာလာသည်။

၂။ မနီလာ၏ မူဝါဒ ပြောင်းပြန်လှန်သွားခြင်း

အာဏာသိမ်းအစိုးရ၏ ယခုကဲ့သို့ ပြည်တွင်းမှနေ၍ အာဆီယံသဘောတူညီချက်များကို ကန့်ကွက် ငြင်းပယ်လိုက်ခြင်းနှင့် လက်ရှိအာဆီယံဥက္ကဋ္ဌ ဖြစ်နေသော ဖိလစ်ပိုင်နိုင်ငံ၏ မူဝါဒပိုင်းဆိုင်ရာ ရုတ်တရက် ပြောင်းလဲမှုကလည်း အခြေအနေများကို ပိုမိုရှုပ်ထွေးလာစေသည်။

ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာ ထရီဆာ လာဇာရို (Maria Teresa Lazaro) က ထိန်းသိမ်းခံထားရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်တောင်းဆိုခဲ့သော်လည်း စစ်တပ်က အပြတ်ငြင်းဆိုခဲ့ပြီး နှစ်ပတ်အကြာတွင်၊ မနီလာသည် စစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ ဘန်ကောက်အစည်းအဝေးကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ယခင်က တွေ့ဆုံမှုများပြုလုပ်ရာတွင် ပဏာမလိုအပ်ချက်၊ ကန့်သတ်ချက်များကို ကြိုတင်တောင်းဆိုခဲ့သော်လည်း လက်ရှိတွင် မည်သည်ကန့််သတ်ချက်များမထားတော့ဘဲ ဆက်ဆံရေးဆက်လက်လုပ်ဆောင်သွားရန် ရုတ်တရက်ပြောင်းလဲသွားခြင်းဖြစ်သည်။ ထိုလုပ်ရပ်အပေါ် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး၊ စစ်အစိုးရ၏ အကြမ်းဖက်မှုနှင့်် စိန်ခေါ်မှုများကို အားပေးချီးမြှောက်ရာ ရောက်မည်ဟု သတိပေးထားသည်။

လူပေါင်းသောင်းချီကို သတ်ဖြတ်ပြီး နိုင်ငံရေးအကျဉ်းသား နှစ်သောင်းနှစ်ထောင်ကျော်ကို ဖမ်းဆီးထားသည့် စစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် ဆက်ဆံရေးလုပ်ဆောင်ခြင်းသည် နိုင်ငံတကာအသိုင်းအဝိုင်းကို ကျရှုံးကြောင်းအသိပေးလိုက်ခြင်းဖြစ်ပြီး မြန်မာပြည်သူများ၏ ယုံကြည်မျှော်မှန်းချက်များကို သစ္စာဖောက်ရာရောက်သည်ဟု ကောင်စီကထောက်ပြသည်။


အထူးသဖြင့် လူပေါင်းတစ်သိန်းကျော်အသက်ဆုံးရှုံးခဲ့ပြီး သန်းနှင့်ချီသော ပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးစေရသည့် စစ်တပ်၏ အကြမ်းဖက်စစ်ဆင်ရေးများကို ဆက်လက်အရှိန်မြှင့်နေချိန်တွင် အချိန်ကိုက်ဖြစ်ပေါ်လာရခြင်းကလည်း လွန်စွာ စိတ်မချမ်းမြေ့ဖွယ်ကောင်းသည်။

၃။ လမ်းနှစ်ခွနှင့်အကြပ်အတည်း


သို့သော်လည်း မြန်မာ့အရေးနှင့် ပတ်သက်သည့် သတင်း၊ အဖြစ်အပျက်များကိုကြည့်၍ တစ်ဖက်သတ် ဆုံးဖြတ်၍ရသော အခြေအနေမျိုးတော့ မဟုတ်ပေ။ သံတမန်ရေးရာ လှည့်ကွက်များအတွင်း ရှုပ်ထွေးနေသေးသည့် အခင်းအကျင်းတစ်ခုကို မြင်နေရသည်။


အာဏာသိမ်းအစိုးရမှ အာဆီယံ လမ်းကြောင်းမှတစ်ဆင့် တရားဝင်မှုရရန်နည်းလမ်းကို အဓိကရှာဖွေနေချိန်တွင်၊ ထိုင်းနိုင်ငံသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပြင် ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ သျှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် မွန်ပြည်သစ်ပါတီ (NMSP) တို့အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးနှင့် သီးခြား အလွတ်သဘော ဆွေးနွေးမှုများကို စတင်နေကြောင်း သိရသည်။


ယခုကဲ့သို့ နည်းလမ်းနှစ်ခုဖြင့် ချဉ်းကပ်မှုပုံစံကိုကြည့်ခြင်းဖြင့် နည်းလမ်းများအတွက် အဖြေရှာရာတွင် စစ်အစိုးရနှင့်သာ ဆက်ဆံရေးလုပ်လိုသော အုပ်စုကပင် စစ်အစိုးရတစ်ခုတည်းနှင့်ခရီးဆက်၍ မရနိုင်ကြောင်း သဘောပေါက်နားလည်ထားသည်ကို ညွှန်ပြနေသည်။


တော်လှန်ရေးအင်အားစုများနှင့် သီးခြားတွေ့ဆုံခြင်းအားဖြင့် ထိုင်းနိုင်ငံသည် မြေပြင် ပကတိအခြေအနေများကို လေ့လာဆန်းစစ်ရန် ကြိုးစားခြင်းဖြစ်နိုင်သကဲ့သို့၊ စစ်အစိုးရအား နိုင်ငံတကာမှ ဝိုင်းပယ်ထားသည့် အခြေအနေကို ဆက်လက်ထိန်းထားရန် မဖြစ်နိုင်တော့သည့်အတွက် အနာဂတ်အခြေအနေများကို ကြိုတင်ပြင်ဆင်နေခြင်းလည်းဖြစ်နိုင်သည်။
သို့သော် လက်ရှိတွင် အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော သံတမန်ရေးရာသည် ရှုပ်ထွေးသော အခြေအနေများကို ပို၍ဖန်တီးနေသကဲ့သို့ဖြစ်နေသည်။

အာဆီယံလမ်းကြောင်းမှ တဆင့် စစ်အစိုးရအား တရားဝင်ဖြစ်စေပြီး အခြေအနေများပုံမှန်ဖြစ်ရန် ဦးတည် နေချိန်တွင်၊ အလွတ်သဘော‌ ဆွေးနွေးသည်ဆိုသည့် လမ်းကြောင်းများမှ ပြည်သူများလက်ခံသော ကိုယ်စားလှယ်များအတွက် တံခါးဖွင့်ထားပေးနေသော‌ကြောင့် ဖြစ်သည်။

၄။ ဖက်ဒရယ်မဟာမိတ်အဖွဲ့ ပေါ်ပေါက်လာခြင်း


NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO)၊ KNPP၊ KNU၊ CNF ကဲ့သို့သော အဓိက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် စုစည်းထားသည့် ဖက်ဒရယ်ဒီမိုကရက်တစ် ယူနီယံ ပေါ်ပေါက်ရေး ဦးဆောင်ကောင်စီ (SCEF) ဟူသော မဟာမိတ်အဖွဲ့အသစ် ဖွဲ့စည်းလိုက်ခြင်းဖြင့်လည်း လက်ရှိအခြေအနေများမှာ ပိုမိုကျယ်ပြန့်နက်နဲလာသည်။

ထိုမဟာမိတ်အစုအဖွဲ့မှ စုစည်းညီညွှတ်သော တပ်ဦးတစ်ခုအဖြစ် ကိုယ်စားပြုလာသော်လည်း အာဆီယံ၏ တရားဝင်လုပ်ငန်းစဉ်များတွင် ၎င်းတို့၏အခန်းကဏ္ဍမှာ ပိုမိုဘေးဖယ်ထားခြင်းခံလာရသည်။

အာဏာသိမ်းအစိုးရ၏လွှတ်တော်က အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်ကို ပယ်ချလိုက်ခြင်းနှင့်အတူ စစ်အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံရန် အာဆီယံ၏ ဆုံးဖြတ်ချက်တို့က ပေါင်းစပ်သွားသည့်အခါ၊ အာဆီယံ အနေဖြင့် နစ်နာသူများကို လျစ်လျူရှုပြီး ကျူးလွန်သူနှင့် ဆက်ဆံရေးလုပ်ရန် ရွေးချယ်နေသည့်သဘောကို ထင်ရှားစွာ ပြသလာနေသည်။

လက်ရှိအခြေအနေအရ အချက် ၅ ချက်ပါ ဘုံသဘောတူညီချက်မှာ အသုံးမဝင်တော့ဘဲ ပျောက်ကွယ်သွားမည့် အန္တရာယ်ရှိလာနေသည်။

အကြောင်းအရင်းမှာ ထိုသဘောတူညီချက်၏ အားနည်းချက်၊ ချို့ယွင်းချက်ကြောင့် မဟုတ်ဘဲ ၎င်းကို ထောက်ခံသူများက ဆက်လက်အကောင်အထည်ဖော်ရန် နိုင်ငံရေးဆန္ဒ ကင်းမဲ့သွားကြသောကြောင့် ဖြစ်သည်။

အချို့သော အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ ဆိတ်ဆိတ်နေခြင်းဖြင့် အသိအမှတ်ပြုမှု၊ သို့မဟုတ် သဘောတူညီ အထောက်အပံ့ပေးမှုတို့ဖြင့် အာဏာသိမ်းအစိုးရသည် ငြိမ်းချမ်းရေးအစီအစဉ်များကို ကန့်ကွက် ငြင်းဆိုပြီး ပုံစံအသစ်ဖြင့်ပြောင်းလဲလာသည့် ဗျူဟာကို အသုံးချလျက်ရှိသည်။

ထိုကြောင့် နိုင်ငံရေးဟာကွက်တစ်ခုဖြစ်လာပြီး မြန်မာပြည်သူလူထုအတွက် တစ်ခုတည်း ကျန်ရှိနေတော့သည့် အသံမှာ တော်လှန်ရေးအင်အားစုများမှ အသံသာဖြစ်နေသော်လည်း အာဆီယံ၏ ဆွေးနွေးပွဲစကားဝိုင်းများမှ ရည်ရွက်ချက်ရှိရှိ ဖယ်ထုတ်ခံထားရသည်။

နိဂုံး – လမ်းဆုံတွင်ရောက်နေသော အာဆီယံ


အာဆီယံအနေဖြင့် ကန့်သတ်ချက်များမထားတော့ဘဲ စစ်အုပ်စုနှင့် ဆက်ဆံရေးကို ဆက်လက် လုပ်ဆောင်လာမည် ဆိုလျှင် ၎င်းတို့မှ ပြည်သူများအပေါ်ထားရှိသည့် ကျင့်ဝတ်သိက္ခာရှိသော ဩဇာအာဏာ သို့မဟုတ် တရားမျှတမှု အပေါ် အခြေခံထားသည့် အများက လေးစားသောဩဇာနှင့် မဖြစ်မနေလုပ်ဆောင်ရန်တာဝန်ယူထားသည့် ကတိကဝတ် များကို လုံးဝစွန့်လွတ်လိုက်သကဲ့သို့ ဖြစ်သွားမည်ဖြစ်သည်။

ငြိမ်းချမ်းရေးအစီအစဉ်ကို ကန့်ကွက်ပယ်ချနိုင်ခြင်းနှင့် အာဆီယံ အဆင့်မြင့်အစည်းအဝေးများ ဖြစ်ပေါ်လာနိုင်ချေတို့ကြောင့် အာဏာသိမ်းစစ်အစိုးရမှာ ပိုမိုအတင့်ရဲလာမည်ဖြစ်သည်။

ထို့အပြင် နိုင်ငံတကာအသိုင်းအဝိုင်း၏ တုံ့ဆိုင်းနေမှုများက စစ်အစိုးရအတွက် လက်ရှိလုပ်ဆောင်နေသော စစ်ရေးထိုးစစ်များကို ဆက်လက်လုပ်ဆောင်ရန် မီးစိမ်းပြလိုက်သကဲ့သို့ သက်ရောက်လာမည်ဖြစ်သည်။

အေးချမ်း တည်ငြိမ်ရေး နှင့် ပူးပေါင်းဆောင်ရွက်မည့်ဆက်ဆံရေးကို ဦးစားပေးသည်ဆိုသည့် အာဆီယံ နိုင်ငံများ အကြား စိတ်ဝမ်းကွဲလာမှုသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို ပျက်ပြားလာစေရုံသာမက ဒေသတွင်း စုစည်းမှုအားကောင်းကောင်းဖြင့် လုပ်ဆောင်နိုင်စွမ်းတို့ကိုပါ ပြိုကွဲသွားစေမည့် အန္တရာယ်ရှိလာနေသည်။

အာဆီယံအနေဖြင့် နိုဝင်ဘာလတွင် လာအိုနိုင်ငံ၌ ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးသည် မြန်မာပြည်သူများ၏ စစ်မှန်သော ကိုယ်စားလှယ်များ ပါဝင်နိုင်မည့် လမ်းကြောင်းကို ရှာဖွေနိုင်ခြင်း ဖြစ်လာမည်လား သို့မဟုတ် အသက်ပေါင်းများစွာအပေါ်ကို ကိုယ်တိုင်ဖျက်စီးပြီး ပျက်ဆီးမှုများကို လုံးဝဂရုမစိုက်သည့် စစ်အစိုးရတစ်ရပ်ကို တရားဝင်ဖြစ်စေမည့် လက်တွေ့နိုင်ငံရေး (Realpolitik) အဖြစ် ကျရှုံးသွားမည်လားဆိုသည်ကို စမ်းသပ်မည့် ပွဲဖြစ်လာလိမ့်မည်။

ရွေးချယ်စရာများမှာ ရှင်းလင်းသည်။ အာဆီယံအနေဖြင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဆိုင်ရာ အခြေခံမူများအပေါ် မဖြစ်မနေပြုလုပ်မည်ဆိုသည့် ကတိကဝတ်များကို ပြန်လည်ရှာဖွေဖော်ထုတ်မည်လား၊ သို့မဟုတ် တရားဝင်မှုအချက်ကို မတရားနည်းလမ်းဖြင့် လုယူသွားသူများ၏ လက်ထဲသို့ လုံးဝ လွှဲပြောင်းပေးပြီး နိုင်ငံတစ်နိုင်ငံ ပြိုလဲပျက်စီးသွားခြင်းကို ဘေးကရပ်ကြည့်နေသူ သက်သက်ဖြစ်သွားမည်လား ဆိုသည်ပင်ဖြစ်သည်။

ဤဆောင်းပါးပါ အချက်အလက်နှင့် အတွေးအမြင်များသည် စာရေးသူ စိုင်းဝမ်းဆိုင်၏ အာဘော်သာဖြစ်သည်။

*ဤဆောင်းပါးသည် စာရေးသူစိုင်းဝမ်းဆိုင်၏ THE FRACTURED CONSENSUS: How Myanmar’s Rejection and ASEAN’s Schism Threaten the Region’s Future အင်္ဂလိပ်ဘာသာ ဆောင်းပါးအား ယူဂျင်းမှ ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နှစ်စဉ် ရေကြီး တောင်ပြိုသည့် ဟိုပုံးဒေသ သစ်ပင်စိုက်ရန် စစ်အစိုးရ တပင် ကျပ်လေးရာဖြင့်ရောင်းချနေ

0
သျှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသတွင် နှစ်စဉ်ကြုံတွေ့နေရသည့် ရေကြီး၊ တောင်ပြိုမှုကို ကာကွယ်ရန်အတွက် စစ်အစိုးရ၏ လက်အောက်ခံ သစ်တောဉီးစီးဌာနက သစ်ပင် ပြန်စိုက်ရန် တစ်ပင်လျှင် ကျပ်ငွေလေးရာ(၄၀၀))ဖြင့် ရောင်းချနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၈) ရက်နေ့တွင် သစ်တောဦးစီးဌာနက ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသအတွက် ကော်ဖီပင် ပိုမိုစိုက်ပျိုးနိုင်ရန်နှင့်...

စစ်အစိုးရ ရက်(၁၀၀) စီမံချက်အလွန် ‘ဝ’တပ်ဖွဲ့ UWSA နေပြည်တော်ခရီးစဉ် ထွက်ပေါ်

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA ကိုယ်စားလှယ်များသည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် နေပြည်တော်တွင် ရောက်ရှိနေကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂ ရက်) တွင် ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSP/UWSA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

မြန်မာနိုင်ငံ လာရောက်ရန် အာဆီယံအထူးကိုယ်စားလှယ် စီစဉ်နေ

0
မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်တစ်ခု လာရောက်ရန် စီစဉ်နေကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စ လာဇာရို က ပြောကြားလိုက်သည်။ ၂၀၂၆ နှစ်မကုန်မီ လာမည့် စတုတ္ထ သုံးလပတ်အတွင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု ခရီးစဉ်တစ်ခု လာရောက်ရန် စီစဉ်နေကြောင်း ၁၀ ကြိမ်မြောက်...

UWSA နှင့် MNDAA လည်း နေပြည်တော်တွင် ငြိမ်းချမ်းရေး သွားဆွေးနွေးမည်ဟုဆို

0
မြောက်ပိုင်းမဟာမိတ်တပ်များထဲမှ ‘ဝ’တပ်ဖွဲ့ UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့လည်း နေပြည်တော်တွင် စစ်အစိုးရနှင့် ငြိမ်းချမ်းရေး သွားရောက်ဆွေးနွေးမည်ဟု သတင်းသိရသည်။ ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA နှင့် ကိုးကန့်တပ်ဖွဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်များသည် စစ်အစိုးရလက်အောက်ခံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ NSPNC နှင့် တွေ့ဆုံဆွေးနွေးရန်...

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်ဘေးကင်းနေကြောင်း သက်သေပြရန် အာဆီယံလွှတ်တော်အမတ်များ တောင်းဆို

0
ဖိလစ်ပိုင်နိုင်ငံတွင် အစည်းအဝေး တက်ရောက်ရန် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ရောက်နေချိန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင် ဘေးကင်းနေကြောင်း သက်သေပြရန် စစ်အစိုးရအား ဖိအားပေးရေး အာဆီယံပါလီမန်အမတ်များ လူ့အခွင့်အရေးအဖွဲ့ (APHR)က အာဆီယံခေါင်းဆောင်များကို စာပေးပို့ တိုက်တွန်းလိုက်သည်။ ယမန်နေ့ (ဇူလိုင်လ ၁၀ ရက်) ရက်စွဲဖြင့် အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်သမ္မတနှင့်...