မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ခရီးစဉ်တစ်ခု လာရောက်ရန် စီစဉ်နေကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်နှင့် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မစ္စ လာဇာရို က ပြောကြားလိုက်သည်။
၂၀၂၆ နှစ်မကုန်မီ လာမည့် စတုတ္ထ သုံးလပတ်အတွင်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု ခရီးစဉ်တစ်ခု လာရောက်ရန် စီစဉ်နေကြောင်း ၁၀ ကြိမ်မြောက် အာဆီယံ မီဒီယာဖိုရမ် (10th ASEAN Media Forum) တွင် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အတည်ပြု ပြောကြားခဲ့သည်။
“အခုလက်ရှိမှာ အကူအညီပေးဖို့ ဦးစားပေးနယ်မြေတွေ သတ်မှတ်ရေး လုပ်ဆောင်နေပါတယ်။ ဩဂုတ်လထဲမှာတော့ ထောက်ပံ့ကူညီမယ့် သီးခြားနယ်မြေတွေကို အတည်ပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ရန်ကုန်မှာရှိတဲ့ ဖိလစ်ပိုင်သံရုံးက ညှိနှိုင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီး ခရီးစဉ်ကိုတော့ ၂၀၂၆ စတုတ္ထသုံးလပတ်မှာ သွားဖို့ စီစဉ်ထားပါတယ်” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။
မြန်မာနိုင်ငံလာရောက်စဉ် မည်သူနှင့် တွေ့ဆုံမည်ကို အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးဘဲ အသေးစိတ် အချက်အလက်များကို ရန်ကုန်မြို့ရှိ ဖိလစ်ပိုင်သံရုံးနှင့် ဆက်လက်ညှိနှိုင်း ဆောင်ရွက်နေဆဲဖြစ်ကြောင်း ဘန်ကောက်ပိုစ့် သတင်းဌာနတွင် ဖော်ပြသည်။
အဆိုပါခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ မြန်မာပြည်သူများအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ ပေးအပ်နိုင်ရေး အလေးထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တစ်ဦး အနေဖြင့်သတိထားရန် လိုအပ်ပြီး တောင်းဆိုမှုများ ပြုလုပ်ခြင်းကို ရှောင်ရှားရန်လိုကြောင်း ဆိုထားသည်။
သို့သော် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့် ရရှိရေးမှာ အာဆီယံအဖွဲ့အတွက်
အရေးကြီးကြောင်း မစ္စ လာဇရိုက ဆက်ပြောသည်။
“သူမ(ဒေါ်အောင်ဆန်းစုကြည်)နဲ့ တွေ့ဆုံခွင့် ရမယ်ဆိုရင် ဒါဟာ အာဆီယံအတွက် အလွန်ကောင်းမွန်တဲ့အချက် ဖြစ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒါဟာ ကျမတို့ကို ကမ္ဘာ့မျက်နှာစာမှာ ပြန်လည်အာရုံစိုက်ခံရအောင် လုပ်ဆောင်ပေးနိုင်မှာ ဖြစ်လို့ပါ” ဟု ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး မစ္စ လာဇာရိုက ပြောသည်။
ယခုနှစ် ဖိလစ်ပိုင်နိုင်ငံ၏ အာဆီယံဥက္ကဋ္ဌ တာဝန်ယူမှုအတွင်း ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တင်းမာမှုများ၊ အရှေ့အလယ်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများ၊ တောင်တရုတ်ပင်လယ်အတွင်း ကျင့်ဝတ်စည်းကမ်း (Code of Conduct) တစ်ရပ် ပေါ်ပေါက်လာရေး ကြိုးပမ်းမှုများနှင့် မြန်မာ့အရေးအခင်း ပဋိပက္ခများသည် လျင်မြန်စွာ ပြောင်းလဲနေသော ပထဝီဝင်နိုင်ငံရေး အခင်းအကျင်းများနှင့်အတူ ဖြစ်ပေါ်နေကြောင်း ဘန်ကောက်ပိုစ့် သတင်းဌာနမှ ရေးသားထားသည်။











Leave a Comments