လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ကျင်းပနေသည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်ပါ တက်ရောက်ခဲ့ကြောင်း သတင်းသိရသည်။
ယနေ့ (အောက်တိုဘာလ ၁၁) ရက်တွင် လာအိုနိုင်ငံ ဗီယန်ကျင်းမြို့တွင် ပြုလုပ်နေသည့် ထိုဆွေးနွေးပွဲများတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဘရော့ဒ်တို့ တက်ရောက်ခဲ့သလိုပင် စစ်ကောင်စီကိုယ်စားပြုသည့် နိုင်ငံခြားရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးအောင်ကျော်မိုးပါ တက်ရောက်ခွင့်ရခဲ့ကြောင်း ဘီဘီစီ (မြန်မာပိုင်း) သတင်းတွင် ဖော်ပြထားသည်။
အောက်တိုဘာလ ၆ မှ ၁၁ ရက်နေ့အထိ ကျင်းပနေသည့် အာဆီယံထိပ်သီး အစည်းအဝေးတွင် စစ်ကောင်စီခန့် ကိုယ်စားလှယ်တက်ရောက်ခွင့်ရနေရုံသာမက ဝန်ကြီးအဆင့် အစည်းအဝေးများကို မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းမည်ဟု သိရသည်။

အဆိုပါ အစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာအရပ်ဖက်အဖွဲ့အစည်းများက ကန့်ကွက်ကြသည်။
အာဏာသိမ်းစစ်တပ်ကို ထိုကဲ့သို့ အစည်အဝေး ကျင်းပခွင့်ပေးနေခြင်း၊ ထိတွေ့ဆက်ဆံနေခြင်းမှာ အပြစ်မဲ့ ပြည်သူများ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်ခံနေသည့် ရာဇဝတ်မှုများကို တရားဝင်ဖြစ်အောင် လုပ်ဆောင်ပေး နေခြင်းဖြစ်သည်ဟု အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Defend Myanmar Democracy (DMD) အဖွဲ့က (အောက်တိုဘာ ၈)တွင် ကန့်ကွက်စာ ထုတ်ပြန်ထားသည်။
လာမည့် အောက်တိုဘာလ ၂၂ ရက်မှစပြီး အာဆီယံ-အိန္ဒိယလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောရေးရာ ဝန်ကြီးဆင့် အစည်းအဝေး၊ အာဆီယံ အမျိုးသမီးများဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးတို့အပါအဝင် စွမ်းအင်၊ စိုက်ပျိုးရေး၊ သစ်တောနှင့် ခရီးသွားလုပ်ငန်းတို့နှင့် သက်ဆိုင်သည့် အစည်းအဝေး ၁၉ ခုကို ကျင်းပသွားရန်ရှိသည်ဟု သိရသည်။












Leave a Comments