မြန်မာနိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်တဲ့ စဝ်ရွှေသိုက်၊ စဝ်နန်းဟိန်ခမ်းတို့ရဲ့ သားအငယ်ဆုံးလည်းဖြစ်သူ၊ ဥရောပ-မြန်မာ ဆိုင်ရာရုံး EBO ကိုဦးဆောင်နေတဲ့သူတစ်ဦးလည်းဖြစ်သူ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအရေး၊ ငြိမ်းချမ်းရေးနဲ့ သျှမ်းပြည်နယ်အရေးတွေကို တစိုက်မတ်မတ် လုပ်ဆောင်လာတဲ့သူဖြစ်တဲ့ စဝ်ဟန်ယောင်ဟွေကို လက်ရှိ မြန်မာ့နိုင်ငံရေးအပြောင်းအလဲ စစ်တပ်ကနေ အရပ်သား သမ္မတ အဖြစ်ပြောင်းလဲမှု အခြေအနေတွေနဲ့ ပတ်သတ်ပြီး သျှမ်းသံတော်ဆင့်ရဲ့ မြန်မာပိုင်း အယ်ဒီတာ နန်းဆိုင်နွမ် မေးမြန်းသွားမှာဖြစ်ပါတယ်။
နန်းဆိုင်နွမ်။ ။ လွှတ်တော်ထဲမှာ စစ်ဘက်ကနေ အရပ်ဘက်အဖြစ်ပြောင်းလဲလာတဲ့ သမ္မတ ကျမ်းကျိန်တဲ့နေ့လည်းဖြစ်တယ်၊အာဏာသိမ်းခဲ့တာ ၅ နှစ်အကြာမှာ ဖြစ်လာတဲ့ ဒီအခြေအနေအပေါ် စဝ်ဟန်အနေနဲ့ ဘယ်လိုများမျှော်လင့်ထားပါသလဲ။
စဝ်ဟန်ယောင်ဟွေ။ ။ ကျနော်အနေနဲ့က သူတကယ် ဘယ်လိုလုပ်မလဲဆိုတာ စောင့်ကြည့်ဖို့ပဲ ရှိပါသေးတယ်။ မျှော်လင့်ချက်တော့ သိပ်မရှိပါဘူး။ဘာကြောင့်လဲဆိုရင် အစိုးရပြောင်းပေမယ့် ဒီလူထုအတွက်က အပြောင်းအလဲမရှိဘူး။ ပိုဆိုးနေတဲ့ အခြေအနေလို ဖြစ်နေတယ်။ နေ့တိုင်းပဲ ဗုံးကြဲခံရတယ် ဒုက္ခရောက်နေကြတယ်ဆိုတော့ အဲ့ဒါ အဲ့ဒီဟာလေးကြောင့် ကျနော်အနေနဲ့က မျှော်လင့်ချက်မရှိသေးဘူး။
နန်းဆိုင်နွမ်။ ။ စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ကျမ်းကျိန်တဲ့နေ့မှာ ပြောသွားတဲ့စကားလုံးတစ်ခုက အာဆီယံကို ပြန်ဝင်နိုင်ဖို့ကြိုးပမ်းသွားမယ်ဆိုတဲ့အကြောင်းပါ။ ၅ နှစ်တာကာလတလျှောက်မှာ အာဆီယံ သဘောတူညီချက် ၅ ချက်ကို ချိုးဖောက်ထားတော့ ပြန်ပြီးမဝင်နိုင်ခဲ့ဘူး။ အဲ့ဒါကြောင့်် စဝ်ဟန်အနေနဲ့ ဘယ်လိုထင်ပါသလဲ။
စဝ်ဟန်ယောင်ဟွေ။ ။ အာဆီယံထဲပြန်ဝင်ဖို့ကိစ္စက တကယ်ဆိုရင် မခက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ သူကိုယ်တိုင်ပါခဲ့တဲ့ အစည်းအဝေးမှာ အာဆီယံဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ချထားတဲ့ထဲမှာက အဓိက သုံးချက်က ဘာလဲဆိုရင် အကြမ်းဖက်မှုတွေကို လျှော့ဖို့၊ဒုက္ခရောက်နေတဲ့လူထုကို အကူအညီပေးဖို့ လမ်းလေးဖွင့်ပေးဖို့၊ မတိုက်ခိုက်ဘဲနဲ့ နိုင်ငံရေးအဖြေရှာဖို့ လူတိုင်းပါဝင်နိုင်တဲ့ ဆွေးနွေးပွဲလုပ်ဖို့ဆိုတာဆုံးဖြတ်ခဲ့တယ်။
တကယ်ကတော့ အခုအချိန်မှာ တကယ်ပဲအာဆီယံထဲပြန်ဝင်ချင်ရင် လူထုကိုဆက်ဗုံးမကြဲနဲ့၊ လူထုကိုအကြမ်းမဖက်နဲ့၊ ဒါက လွယ်လွယ်လေးလုပ်လို့ရတဲ့ ကိစ္စဖြစ်တယ်။ ဒုက္ခရောက်နေတဲ့လူထုကိုလည်း အကူအညီပေးဖို့ဆို နိုင်ငံတကာက ကူညီချင်ပေမယ့် သူကလမ်းမဖွင့်ပေးတော့ ဒါပြဿနာဖြစ်နေတယ်။ ဒီလိုလမ်းပြန်ဖွင့်ပေးမယ်၊ ဗုံးမကြဲတော့ဘူး၊ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့တွေနဲ့ ဆွေးနွေးနိုင်မယ်ဆိုရင် အာဆီယံအနေနဲ့လည်းကြိုဆိုမယ်လို့ ယူဆပါတယ်။
နန်းဆိုင်နွမ်။ ။ စဝ်ဟန်အနေနဲ့ ၂၀၁၀ တုန်းကလည်််း စစ်တပ်ကနေ အရပ်သားအစိုးရပြောင်းတာ တခါကြုံခဲ့တယ်၊ အခု ၂၀၂၆ ခုနှစ် သမ္မတ မင်းအောင်လှိုင်ဆိုပြီး စစ်ဘက်က အရပ်ဘက် ပြောင်းလဲလာတယ်၊ ဒီလိုပြောင်းလဲ မှုနှစ်ခုကြားမှာ ဘာတွေကွာခြားမှုရှိလဲ။
စဝ်ဟန်ယောင်ဟွေ။ ။ ကွာခြားမှု ရှိပါတယ်။ ဦးသိန်းစိန်ခေတ်က ၂၀၀၈ ခြေဥကို အသုံးပြုပြီးတော့မှ နောက်တစ်ဆင့် ဒီမိုကရေစီကိုသွားမယ်ဆိုတဲ့သဘောနဲ့ အပစ်အခတ်ရပ်စဲရေးတွ ဆွေးနွေးခဲ့တယ်။ ဒါပေမယ့် အခုက ပြောင်းပြန်ဖြစ်နေတယ်။ ဒီမိုကရေစီကနေ သမ္မတ… အခု မင်းအောင်လှိုင်က ဒီမိုကရေစီကိုသွားဖို့မဟုတ်ဘူး၊ သူက ၂၀၀၈ ကိုပြန်သွားမယ်။ ၂၀၀၈ က စစ်တပ်ရဲ့ နိုင်ငံရေးကဏ္ဍကို တည်မြဲအောင် သူကပြန်လုပ်မယ်ဆိုတော့ အဲ့ဒီမှာ ပြောင်းပြန်တစ်ခု ဖြစ်နေတယ်။
အဲ့ဒါတင်မကသေးဘူး ဦးသိန်းစိန်ခေတ်မှာတုန်းက တိုက်ပွဲတွေလည်းမများဘူး၊ ဒီမိုကရေစီပြောင်းချင်တယ်ဆိုတော့ လူတိုင်းက ကြိုဆိုခဲ့ကြတယ်။ အခုက နေ့တိုင်းတိုက်နေတယ်၊ ဗုံးကြဲနေတယ်ဆိုတော့ ဘယ်သူက လာဆွေးနွေးမလဲပေါ့ အဲ့ဒါပြဿနာဖြစ်နေတယ်။
နန်းဆိုင်နွမ်။ ။ ၂၀၂၅ တုန်းကလည်း စဝ်ဟန်ယောင်ဟွေအနေနဲ့ မြန်မာပြည်ထဲကိုပြန်ဝင်ဖို့အတွက် ဗီဇာတွေကို NLD ဦးဆောင်တဲ့ သမ္မတ ဖြစ်တဲ့အချိန်တုန်းက မရခဲ့ဘူး၊ ပိတ်ပင်ခံရတယ်ဆိုတာ ကြားရတယ်၊ အဲ့ဒါကြောင့် ဒီအချိန်မှာကရော စစ်တပ်အနေနဲ့ ဘယ်လိုတွေဖြစ်လာနိုင်လဲ၊ ပြီးတော့ NCA ငြိမ်းချမ်းရေးတွေ ဆွေးနွေးဖို့ကိစ္စတွေမှာကရော ဘယ်လိုရှိနိုင်လဲ၊ အရင်တုန်းကတောင်မှ မလွတ်လပ်ခဲ့ဘူး ဒီ NLD အစိုးရတုန်းကတောင်မှ ဗီဇာမရတဲ့အဆင့်တွေဖြစ်ခဲ့တယ်ဆိုတော့ ဒီလက်ရှိမှာဆို ဘယ်လောက်ထိတောင်မှ ကျပ်တည်းနိုင်မလဲ။
စဝ်ဟန်ယောင်ဟွေ။ ။ အဲ့ဒီတုန်းက ဦးသိန်းစိန်ခေတ်က ၂၀၁၁ ကနေ ၂၀၁၅ အထိ၊ ပြီးတော့မှ အဲ့ဒီ ၂၀၁၆ ကနေ ၂၀၂၀ ကာလ။ အဲ့ဒီကာလ ၂ကာလက မတူဘူး။ ပထမကာလမှာက တကယ်ဆွေးနွေးပွဲတွေဖြစ်တယ်၊ ထိရောက်မှုတွေရှိတယ်၊ တပ်ဖက်နဲ့ လက်နက်ကိုင်ဖက်နဲ့ တကယ်ညှိနှိုင်းလို့ရခဲ့တယ်။ ၂၀၁၆ ကနေ ၂၀၂၀ က ညှိနှိုင်းလို့မရတော့ဘူး။ ဆွေးနွေးပေမယ့် သဘောမတူနိုင်ဘူး။
ဆိုတော့ အခုလက်ရှိအစိုးရကတော့ စစ်တပ်ကဏ္ဍ နိုင်ငံရေးကဏ္ဍကို တည်မြဲအောင်လုပ်မယ်ဆိုတဲ့နေရာမှာ အတိုက်အခံက လုံးဝမလိုလားဘူး။သိပ်ကွာဟနေတယ် ဆွေးနွေးလို့မရအောင်။ ဆိုတော့ ဆွေးနွေးမယ်ဆိုရင် တူညီတဲ့အချက်အလက် တစ်ခုနှစ်ခုလောက် အနည်းဆုံးရှိမှပဲ စဆွေးနွေးလို့ရမှာ။ အဲ့လိုမျိုးတူညီတဲ့အချက်မရှိရင် ဘယ်လိုမှစလို့မရဘူး။
နန်းဆိုင်နွမ်။ ။ ဒီအစိုးရ အပြောင်းအလဲ၊ လွှတ်တော်ကလည်း ပြန်စပြီဆိုတော့ ငြိမ်းချမ်းရေးဆွေးနွေးတဲ့လမ်းတွေက လာတော့မယ်။ အဲ့ဒါကြောင့်ဒီငြိမ်းချမ်းရေးကရော သူတကယ်ရော စိတ်ထဲကလိုလိုလားလား ဖြစ်စေချင်တဲ့ ငြိမ်းချမ်းရေးလား၊ တကယ်လို့ ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုရင်ရော ဘယ်လိုမျိုး အစုအဖွဲ့တွေ ပါဝင်ရမလဲ။
စဝ်ဟန်ယောင်ဟွေ။ ။ ကျနော်တယောက်တည်းအမြင်ကတော့ ဆွေးနွေးချင်တယ် အဖြေရှာချင်တယ်ဆိုရင် ယုံကြည်မှုတည်ဆောက်ရမယ်။ အခုက ဘယ်သူမှမယုံဘူး။ ဘယ်လိုပြောပြောမယုံဘူး ဘာကြောင့်လဲဆိုရင် ဗုံးကဆက်ကြဲနေသေးတယ် ဆိုတော့ ဘယ်သူက ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆို ယုံကြည်မလဲ။
အစိုးရအနေနဲ့က လုပ်ပြရမယ် တကယ်ဆွေးနွေးချင်တယ် အဖြေရှာချင်တယ်ဆိုရင် သူတို့ ရပ်စဲရမယ်၊ အကြမ်းဖက်မှုတွေကို လျှော့ပေးရမယ်၊ဒါက တောင်းဆိုတာမဟုတ်ဘူး ဒီအခြေအနေအရပြောတာ။
လူတိုင်းက ကိုယ့်ကိုတစ်ချိန်လုံးရိုက်နေပြီးတော့ ဆွေးနွေးချင်တယ်ဆိုရင် ဘယ်သူက မယုံနိုင်ဘူး။ တကယ်ဆွေးနွေးချင်တယ် ပြောချင်တယ်ဆိုရင် မရိုက်နဲ့၊ အကြမ်းဖက်မလုပ်နဲ့ ဒါက ထိပ်ဆုံးလုပ်ရမယ်၊ အခုအထိကတော့ မမြင်ရသေးဘူး။ အစိုးရက တကယ်ပဲရပ်သွားတယ်၊ ဖိတ်ခေါ်တယ်ဆိုရင်တော့ စဉ်းစားစရာဖြစ်လာမယ်၊ တိုက်နေတဲ့အဖွဲ့တွေကလည်း စဉ်းစားလာမယ်။ တိုက်နေတဲ့အဖွဲ့တွေက ယုံပြီ ဆွေးနွေးမယ်ဆိုရင်တော့ဖြစ်လာနိုင်တယ်။ တိုက်နေတဲ့အဖွဲ့တွေက မယုံသေးဘူးဆိုရင်လည်း ကျွန်တော်တို့က ဘယ်လောက်လိုချင်လိုချင် ဆွေးနွေးလို့မရဘူး။
နန်းဆိုင်နွမ်။ ။ ကျနော်တို့ရဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကို ပြန်ကြည့်မယ်ဆိုရင်တော့ တိုက်ပွဲတွေကလည်း နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီ၊ ဒါပေမယ့် ဒီအစိုးရပြောင်းလာတယ် ပြီးရင် အာဏာပြန်သိမ်းတယ်ဆို အဖြစ်အပျက်ကလည်း ခဏခဏဖြစ်လာတယ်
လူထုကလည်း ယုံကြည်မှုမရှိတော့တာကို တွေ့ရတယ်။ တစ်ဖက်မှာလည်း ငြိမ်းချမ်းရေးကတော့ မတိုက်တော့ရင်တောင် တစ်ဖက်ကလည်းစစ်တပ်ကို ပြိုကွဲဖို့ဆိုတဲ့ဟာ ရှိပြန်တော့ ဒီနှစ်ခုကြားမှာ လူထုတွေက နစ်နာမှုတွေရှိတယ်။ မြန်မာပြည်ကြီးရဲ့ အပြောင်းအလဲကို ဖြစ်စေချင်တယ်ဆိုရင်ဒီတော်လှန်ရေးဖက်ကရော ဒီစစ်တပ်ဖက်ကရော ဘယ်လိုတွေ ပြောင်းလဲဖို့ လိုအပ်လဲ။
စဝ်ဟန်ယောင်ဟွေ။ ။ တိုက်မယ့်လူကတော့ တိုက်မှာပဲ။ တပ်ဖက်ကလည်း သူတို့အာဏာတည်မြဲအောင် တိုက်မှာပဲ။ ဒါပေမယ့် နစ်နာတာက လူထုက တကယ်နစ်နာတယ်၊ တိုင်းပြည်က နစ်နာတယ်။ နှစ်ဖက်စလုံးက ဆက်ပြီး တိုက်သွားမယ်ဆိုရင် မြန်မာပြည်ဆိုတာ ရှိဦးမလား။
ကျနော်တို့ တိုက်ရင်းတိုက်ရင်းနဲ့ စီးပွားရေးလည်းပျက်၊ ကျန်းမာရေးလည်းပျက်၊ ပညာရေးလည်းပျက် တိုင်းပြည်ကပျက်မယ်၊ ဒီထက်ပျက်မယ်။နှစ်ဖက်စလုံးက အဲ့ဒါကိုမြင်ရင် အဖြေရှာရမယ်ဆိုရင်တော့ အလားအလာရှိလာမယ်။ အဲ့ဒီဟာမရှိသေးရင်တော့ ဘယ်လိုမှ လုပ်လို့မရပါဘူး။
နန်းဆိုင်နွမ်။ ။ နောက်ဆုံးအနေနဲ့ ကျနော်တို့ စစ်တပ်ရဲ့အဝတ်လဲအစိုးရကို ဘာများပြောချင်လဲ၊ ပြီးတော့ လွှတ်တော်ကို သွားနေတဲ့ လွှတ်တော်အမတ်တွေကိုရော ဘာများပြောချင်လဲ။
စဝ်ဟန်ယောင်ဟွေ။ ။ လွှတ်တော်အမတ်တွေအနေနဲ့ကတော့ တကယ်ပဲ ဒီမိုကရေစီစနစ်ဆိုရင် ပြောဆိုခွင့်ရှိရမယ်၊ အစိုးရနဲ့အမြင်မတူရင်လည်းပြောဆိုခွင့်ရှိရမယ်၊ အဖမ်းမခံရဘူး။ အဲ့ဒီဟာကို ရွေးကောက်ခံရတဲ့ ပုဂ္ဂိုလ်တွေက ရဲရဲ ပြောရဲမလား၊ သူတို့လိုလားတဲ့အချက်။ သူတို့ ရဲရဲပြောသင့်တယ်လို့ ကျနော်က တစ်ဖက်ကနေကြည့်တယ်။ နောက် ဒီအစိုးရဖက် ဒီတပ်ဖက်ကိုလည်း ပြောချင်တာကတော့ အာဏာတည်မြဲဖို့ ဆက်တိုက်မယ်ဆိုရင် တိုင်းပြည်မရှိတော့ဘူးဆိုရင် အာဏာရှိလည်း ဘာမှအဓိပ္ပာယ်မရှိဘူး။ ဆိုတော့ တိုင်းပြည်ကိုကြည့်ပါ၊ လူထုကိုကြည့်ပါ အဲ့ဒါမှပဲ ကျွန်တော်တို့က ရှေ့တိုးလို့ရမယ်။
နန်းဆိုင်နွမ်။ ။ ဟုတ်ကဲ့ပါ၊ မမေးလိုက်ရတဲ့ မေးခွန်းတွေလည်း ရှိကောင်းရှိနိုင်တဲ့တွက် စဝ်ဟန်အနေနဲ့၊ ဘာများဖြည့်စွက်ပြောချင်လဲ။
စဝ်ဟန်ယောင်ဟွေ။ ။ ကျနော်အနေနဲ့ အခုလိုမျိုးဖြစ်နေတဲ့ အခြေအနေကို စိတ်မကောင်းဘူး။ တခြားနိုင်ငံကိုကြည့်ရင် အကုန်တိုးတက်နေတယ်။ကျွန်တော်တို့က အရင်တုန်းကဆို လူများထက် ကောင်းတဲ့နိုင်ငံဖြစ်နေပြီးတော့ အခုက ဒီလိုမျိုးဆိုးသွားတဲ့နိုင်ငံဖြစ်နေတယ်၊ လူထုလည်းတော်တော်ဒုက္ခရောက်နေတယ်ဆို စိတ်မကောင်းဘူး။ နှစ်ဖက်စလုံးကို ကျနော်က တိုက်တွန်းစေချင်တာက အဖြေရှာရင်မကောင်းဘူးလားပေါ့။
ဟုတ်ကဲ့ပါ၊ ကျနော်တို့ရဲ့ သျှမ်းသံတော်ဆင့်ကို အချိန်ပေးပြီးတော့ အင်တာဗျူးဖြေပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါတယ်။













Leave a Comments