စစ်ကော်မရှင်ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များကို ခေါ်ယူကျင်းပနေသည့် ပြည်ထောင်စုလွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြောင်း သတင်းသိရသည်။
ယနေ့ (ဧပြီလ ၃ ရက်) နံနက် ၁၀ နာရီမှ စတင်ပြီး နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတုအယောင် ရွေးကောက်ပွဲမှတဆင့် လွှတ်တော်အမတ် ဖြစ်လာသူများက စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ (၁၁) ယောက်မြောက် သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သို့ တက်ရောက်ခွင့်ရှိသူ (၅၈၆) ဦးထဲမှ ယနေ့ကျင်းပသည့် သမ္မတရွေးကောက်ပွဲသို့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၅၈၄) ဦး တက်ရောက်ခဲ့ပြီး ပြည်သူ့လွှတ်တော် အစုအဖွဲ့မှ ဒုသမ္မတအမည်စာရင်း တင်သွင်းသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထောက်ခံမဲ (၄၂၉) မဲဖြင့် သမ္မတအဖြစ် ရွေးချယ်တင်မြောက်ခဲ့ကြောင်း သိရသည်။
“လွှတ်တော်ကိုယ်စားလှယ် စာရင်းကတော့ ၅၈၆ ဦးရှိတာ၊ ဒီနေ့ ပြည်ထောင်စုလွှတ်တော်ကို တက်လာတာ စုစုပေါင်း ၅၈၄ ဦး ရှိတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သမ္မတ ရွေးခံရတယ်၊ ဦးညိုစောနဲ့ ဒေါ်နန်းနီနီအေးတို့က ဒုသမ္မတဖြစ်သွားတယ်။ ဒီနေ့က လျှို့ဝှက်ဆန္ဒမဲပေးရတယ်” ဟု ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ကိုယ်စားပြု လဲချားမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် စိုင်းစိန်ဝင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။
အလားတူ တပ်မတော်အစုအဖွဲ့မှ အမည်စာရင်းတင်သွင်းထားသည့် ဦးညိုစောမှာ ထောက်ခံမဲ (၁၂၆) မဲဖြင့် ဒုသမ္မတ(၁) ဖြစ်လာပြီး အမျိုးသားလွှတ်တော် အစုအဖွဲ့မှ အမည်စာရင်းတင်သွင်းသည့် ဒေါ်နန်းနီနီအေး မှာ ထောက်ခံမဲ (၂၉) မဲဖြင့် ဒုသမ္မတ(၂) ဖြစ်လာခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုရှိကြောင်း စွပ်စွဲချက်ဖြင့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်တွင် လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပရန် ပြင်ဆင်နေစဉ် စစ်တပ်မှ အရပ်သားအစိုးရထံ အာဏာသိမ်းယူခဲ့ပြီး သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို ဖမ်းဆီးထောင်ချခဲ့သည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းတို့တင်မြှောက်ခဲ့သည့် ယာယီသမ္မတ ဦးမြင့်ဆွေကို ၂၀၂၄ ဇူလိုင်လအတွင်း ကျန်းမာရေး အကြောင်းပြကာ အနားပေးခဲ့ပြီး NLD အစိုးရလက်ထက် ဒုသမ္မတဖြစ်သူ ဦးဟင်နရီဗန်ထီးယူကိုလည်း အလားတူ အနားပေးခဲ့ကာ ယာယီသမ္မတ ရာထူးအား သူ့ကိုယ်သူ ပြန်လည်ပေးအပ်ခဲ့သည်။
ယမန်နှစ် ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက်အထိ အပိုင်း(၃) ပိုင်းခွဲ၍ စစ်ကော်မရှင်ဘက်မှ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် မတ်လ တတိယပတ်မှ စတင်ကာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း လွှတ်တော်အသီးသီးကို ခေါ်ယူကျင်းပခဲ့သည်။
“အပြောင်းအလဲကတော့ ကြီးကြီးမားမား ရှိလာမှာ မဟုတ်ပါဘူး။ စစ်ယူနီဖောင်း ချွတ်လာတဲ့ စစ်ဗိုလ်ဟောင်းတွေပဲ လွှတ်တော်ဥက္ကဋ္ဌတို့၊ ဝန်ကြီးတို့ ထပ်ဖြစ်လာတာပဲ။ သမ္မတဆိုတာကလည်း အားလုံးထင်ထားတဲ့အတိုင်း မင်းအောင်လှိုင် ပြန်ဖြစ်လာတာပဲလေ။ တခုရှိတာက ငြိမ်းချမ်းရေး ခေါင်းစဉ်တပ်ပြီး တံခါးဖွင့်ဖို့ လုပ်ရင်တော့ ပြဿနာအားလုံးက စစ်တိုက်တာကနေ စားပွဲဝိုင်းပေါ် ပြန်ရောက်လာနိုင်တယ်” ဟု သျှမ်းပြည်မြောက်ပိုင်းမှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
သို့သော် စစ်ရေးပဋိပက္ခကြား နေထိုင်ရသည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် စစ်ယူနီဖောင်းချွတ် အသွင်ပြောင်းလာမည့် အစိုးရသစ်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြောင်း ဒေသခံများက ပြောသည်။
“အရင်လိုပဲ တံခါးပိတ်ဝါဒအတိုင်း တချို့အဖွဲ့ကို ဖိတ်မယ်၊ NUG ကိုတော့ မဖိတ်ဘူးဆိုတာမျိုး ဖြစ်လာရင် အခြေအနေကတော့ ဒီတိုင်းဆက်ဖြစ်နေမှာပဲ။ စစ်အုပ်စုကတော့ ၂၀၀၈ အခြေခံဥပဒေကို ကိုင်ပြီး ပြောမှာပဲ၊ ဆက်တိုက်မလား ဆွေးနွေးမလားဆိုတာ အဲ့စကားနှစ်ခွန်းပဲ ပြောမှာ။ အခု လွှတ်တော်ထဲမှာ ကြည့်ရင် တိုင်းရင်းသားတွေကို ကိုယ်စားပြုတယ်ဆိုတာလည်း မရှိသလောက်ပဲ၊ ပြိုင်တဲ့ပါတီတွေလည်း ရှုံးကြတာပဲ” ဟု အဆိုပါ လူငယ်အမျိုးသမီးက ဆက်ပြောသည်။
အခြားတစ်ဘက်တွင် တော်လှန်ရေးကို အရှိန်အဟုန် မြှင့်တင်၍ အမြန်ဆုံး အောင်ပွဲရယူနိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့ ပူးပေါင်း၍ “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)” ကို မတ်လ (၃၀) ရက်တွင် ဖွဲ့စည်းခဲ့သည်။
ထို့အတူ မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အကျပ်အတည်း ဖြေရှင်းရန်အတွက် စစ်မှန်သည့် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်စေရန် သက်ဆိုင်သည့် အင်အားစုများအကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေး အခင်းအကျင်းများနှင့် ပတ်သက်၍ “နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအစုအဖွဲ့ (PCB)” မှ အချက် (၉) ချက် ပါဝင်သည့် ဆန္ဒသဘောထားကို မတ်လ (၃၁) ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။












Leave a Comments