တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ရောက်ရှိနေသည့် အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ယနေ့ (ဇွန်လ ၁၆ ရက်) နံနက်ပိုင်းတွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင် (Great Hall of the People) ၌ တွေ့ဆုံလျက်ရှိကြောင်း သိရသည်။
တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်အရ သွားရောက်သည့် အဆိုပါခရီးစဉ်သည် ဇွန်လ ၁၅ ရက်မှ ၁၉ ရက်အထိ ကြာမြင့်မည်ဖြစ်ပြီး အာဏာသိမ်းစစ်ခေါင်းဆောင်အနေဖြင့် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် အဖြစ် သွားရောက်ခြင်း ဖြစ်သည်။
ဦးမင်းအောင်လှိုင်၏ ယခုခရီးစဉ်နှင့် ပတ်သက်ပြီး တရုတ်အစိုးရပိုင် Global Times သတင်းဌာနတွင် ဖော်ပြချက်အရ နှစ်နိုင်ငံကြား ရှေးယခင်ကတည်းက ရှိရင်းစွဲဖြစ်သော ဆွေမျိုးပေါက်ဖော် ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းသွားရန်နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်များကို ပိုမိုနက်ရှိုင်းစေရန် မျှော်လင့်ထားကြောင်း သိရသည်။
ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်အပြင် ဝန်ကြီးချုပ် လီချန်း (Li Qiang) နှင့် အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီဥက္ကဋ္ဌ ကျောက်လဲ့ကျီ (Zhao Leji) တို့နှင့်လည်း သီးခြားစီ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
ယခုခရီးစဉ်သည် ဦးမင်းအောင်လှိုင် သမ္မတအဖြစ် တာဝန်ယူပြီးနောက်ပိုင်း ဒေသတွင်း အင်အားကြီးနိုင်ငံများထံမှ သံတမန်ရေးရာ အသိအမှတ်ပြုမှုရရှိရန် ကြိုးပမ်းသည့် ဒုတိယမြောက် ပြည်ပခရီးစဉ် ဖြစ်သည်။
ဦးမင်းအောင်လှိုင်သည် ပြီးခဲ့သည့် မေလ ၃၁ ရက်မှ ဇွန်လ ၃ ရက်အထိ အန္ဒိယနိုင်ငံသို့ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် သွားရောက်ကာ အန္ဒိယသမ္မတ ဒရော်ပါဒီ မူရ်မူ၊ ဝန်းကြီးချုပ် နာရန်ဒရာ မိုဒီတို့နှင့် တွေ့ဆုံခဲ့ပြီးနောက် ရက်ပိုင်းအတွင်းမှာပင် တရုတ်နိုင်ငံသို့ ထပ်မံသွားရောက်ခြင်း ဖြစ်သည်။













Leave a Comments