စစ်ကော်မရှင် ကျင်းပခဲ့သည့် အတုအယောင် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော လွှတ်တော်ကိုယ်စားလှယ်များဖြင့် ခေါ်ယူကျင်းပခဲ့သည့် လွှတ်တော်အစည်းအဝေးများကို မတ်လ တတိယပတ်တွင် စတင်ခဲ့သည်။
ယမန်နှစ် ၂၀၂၅ ဒီဇင်ဘာလ ၂၈ ရက်မှ ၂၀၂၆ ဇန်နဝါရီလ ၂၅ ရက်အထိ အပိုင်း(၃) ပိုင်းခွဲ၍ စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီးနောက် မတ်လ တတိယပတ် အတွင်း ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်/တိုင်း လွှတ်တော်အသီးသီးကို ခေါ်ယူကျင်းပနေသည်။
မတ်လ (၁၆) ရက်တွင် နေပြည်တော်၌ စတင်ကျင်းပခဲ့သည့် ပြည့်သူ့လွှတ်တော် အစည်းအဝေးတွင် စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌဖြစ်သူ ဦးခင်ရီကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းတို့ကို ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။

စစ်ကော်မရှင်သည် အတုအယောင် ရွေးကောက်ပွဲကို အာဏာဖြင့် ချုပ်ကိုင်ကာ ကျင်းပခဲ့ခြင်းကြောင့် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ မဟုတ်ဘဲ နိုင်ငံတကာ ဖိအားများ လျှော့ချရန် အရပ်သားအသွင်ပြောင်း အစိုးရတစ်ရပ် ပေါ်ပေါက်ရေး၊ မတရား သိမ်းယူထားသည့် အာဏာကို တရားဝင်ဖြစ်စေရေး လုပ်ဆောင်လိုက်ခြင်းဟု စစ်အာဏာရှင်ကို တော်လှန်နေသူ လူငယ်များက ပြောဆိုလိုက်သည်။
“အရပ်သားအစိုးရ ပုံစံမျိုးနဲ့ လွှတ်တော်တွေ ခေါ်မယ်၊ အုပ်ချုပ်ရေး ယန္တရားတွေ ပြန်ဆောက်လာနိုင်မယ် ဆိုရင်တော့ ၂၀၁၀ ရွေးကောက်ပွဲအလွန် ကာလပုံစံမျိုး ပြန်ဖြစ်လာမယ်လို့တော့ မြင်မိတယ်။ အရပ်သားအစိုးရတစ်ရပ် ဖြစ်လာပြီဆိုရင် မဖြစ်မနေ ငြိမ်းချမ်းရေးဖြစ်စဉ်တွေ ပုံစံမျိုး၊ နိုင်ငံရေး စကားဝိုင်း ပုံစံမျိုးနဲ့ နိုင်ငံရေး လမ်းကြောင်းပေါ်ကို ပြန်တင်လာမယ်လို့ ထင်တယ်”ဟု စစ်အာဏာရှင်ကို တော်လှန်နေသည့် ကရင်နီလူငယ် ဂျွန်ပေါ်လ်က ပြောဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် (၅) နှစ်အကြာ နေပြည်တော်၌ ပြည်သူ့လွှတ်တော် စတင်ခေါ်ယူ ကျင်းပခဲ့ချိန်တွင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ဘက်မှလည်း နဝမအကြိမ် အစည်းအဝေးကို မတ်လ (၁၆) ရက်တွင် အွန်လိုင်းမှတဆင့် ခေါ်ယူကျင်းပခဲ့သည်။
CRPH မှ ခေါ်ယူကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ CRPH နာယက ဦးအောင်ကြည်ညွန့်နှင့် အဖွဲ့ဝင်များ၊ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်များအဖွဲ့ APHR ပူးတွဲဥက္ကဋ္ဌ ချားစ် ဆန်တီရေဂို၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနှင့် နိုင်ငံတကာသံရုံး ကိုယ်စားလှယ်များ၊ တော်လှန်ရေးအင်အားစုများ တက်ရောက်ခဲ့ကြသည်။
“အကြမ်းဖက် စစ်ကော်မရှင်ဟာ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပပြီး အတုအယောင် လွှတ်တော်ကို ဖန်တီးဖို့ လုပ်နေပါတယ်။ အတုအယောင် ရွေးကောက်ပွဲကနေ အတုအယောင် ကိုယ်စားပြုမှုတွေနဲ့ ပြည်သူ့ကို မျက်လှည့်ပြဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ နိုင်ငံတကာမှာ ရေပန်းစားတဲ့ စကားလုံးတွေကို ထည်လဲသုံးစွဲဖို့ တွန့်ဆုတ်နေမှာ မဟုတ်ဘူးလို့ ယူဆပါတယ်၊ ဒါ့ကြောင့် အာဏာသိမ်းစစ်ကော်မရှင်ဟာ နိုင်ငံတကာ အသိအမှတ်ပြုမှုကို တနည်းမဟုတ် တနည်း ရယူဖို့ ကြိုးစားနေတဲ့ လမ်းစတွေ တွေ့လာရပါတယ်” ဟု NUG ယာယီသမ္မတ ဒူဝါလရှီးလက CRPH အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ထို့နောက် မတ်လ (၁၈) ရက်တွင် စတင်ကျင်းပခဲ့သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင်လည်း ယခင် စစ်ကောင်စီ အတွင်းရေးမှူး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီတွင် ရာထူးအသစ် ဖန်တီးခဲ့သည့် အမှုဆောင်ချုပ် တာဝန်ယူခဲ့သူ ဦးအောင်လင်းဒွေး ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။
ထို့အပြင် စစ်ကော်မရှင်ထဲ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန တို့တွင် ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ်(၂) မှ ဦး Jeng Phang နော်တောင် ကို အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့သည်။

ပုံမှန်အားဖြင့် အမျိုးသားလွှတ်တော်ကို ပြည်နယ်နှင့်တိုင်းများမှ ကိုယ်စားလှယ် ၁၂ ဦးကျစီ ရွေးချယ် တင်မြှောက်သော်လည်း ပြီးခဲ့သည့် စစ်ကော်မရှင် ရွေးကောက်ပွဲတွင် သျှမ်းပြည်အတွင်းရှိ ပလောင်နှင့် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မဲဆန္ဒနယ် (၂) ခုတွင် အမျိုးသားလွှတ်တော် အတွက် ရွေးကောက်ပွဲ မကျင်းပခဲ့ခြင်းကြောင့် လက်ရှိတွင် သျှမ်းပြည်မှ စုစုပေါင်း (၁၀) ဦးသာ ကိုယ်စားပြု တက်ရောက်နေသည်။
ထိုထဲတွင် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP ကျားဖြူပါတီ) တစ်ဦး၊ ပအိုဝ်းအမျိုးသားများအဖွဲ့ချုပ်ပါတီ PNO (၂) ဦး၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ DNDP (၁) ဦး၊ ‘ဝ’အမျိုးသားပါတီ WNP တစ်ဦးနှင့် ကျန် ၅ ဦးမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ကိုယ်စားလှယ်များ ဖြစ်သည်။
“အတုအယောင် ရွေးကောက်ပွဲက တက်လာမယ့် အယောင်ဆောင် အရပ်သားအစိုးရကတော့ အတုအယောင် အစိုးရပဲ ဖြစ်မှာပါ။ သို့သော် တော်လှန်ရေးအဖွဲ့ အတွက်ကတော့ စစ်အာဏာရှင်ကို တော်လှန်နေတာမျိုး မဟုတ်တော့ဘဲ အယောင်ဆောင် အစိုးရတစ်ရပ်ကို ဆန့်ကျင်တော်လှန်နေသလိုမျိုး ပုံရိပ်ဖမ်းလာမှာမလို့ တော်လှန်ရတဲ့ အနေအထားက ခေါင်းစဉ်ပြောင်းခံရနိုင်ပါတယ်။ အရေးကြီးဆုံးက အတုအယောင် အစိုးရတစ်ရပ်ကို နိုင်ငံတကာက အသိအမှတ်မပြုဖို့ လိုပါတယ်” ဟု သျှမ်းပြည်တောင်ပိုင်းတွင် စစ်ရေးလှုပ်ရှားနေသည့် SSNLO/SSNDF တပ်ဖွဲ့၏ နိုင်ငံရေးမှူးဖြစ်သူ ကိုပန်ဖ က ရှင်းပြသည်။
USDP ကြီးစိုးတဲ့ သျှမ်းပြည်လွှတ်တော်အရေး
အလားတူ မတ်လ ၂၀ ရက်တွင် တောင်ကြီးမြို့ရှိ သျှမ်းပြည်နယ် လွှတ်တော်ရုံး အစည်းအဝေး ခန်းမတွင် တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်ကို ခေါ်ယူကျင်းပခဲ့သည်။
ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ မဲခွဲရွေးချယ် ဆုံးဖြတ်ချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ဖယ်ခုံမြို့နယ်ကိုယ်စားပြု ဦးစိုင်းလုံကျော်ကို သျှမ်းပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြပြီး မိုင်းပျဉ်းမြို့နယ် ကိုယ်စားပြု ဦးစိုင်းထွန်းစိန်ကို ဒုဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခဲ့ကြသည်။
သျှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခံရသည့် ဦးစိုင်းလုံကျော်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားပြု၍ ဖယ်ခုံမြို့နယ် မဲဆန္ဒနယ်မှ အချိုးကျ ကိုယ်စားပြု PR စနစ်ဖြင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) ဖြစ်လာခဲ့ကြောင်း သိရသည်။

ဖယ်ခုံမြို့နယ်တွင် စစ်ကော်မရှင်တပ်နှင့် ကရင်နီတော်လှန်ရေး အင်အားစုတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားနေခြင်းကြောင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ပြိုင်ဘက်မရှိဘဲ အနိုင်ရခဲ့သည်။
စိုင်းလုံကျော်သည် ပြီးခဲ့သည့် ၂၀၁၅-၂၀၂၀ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်တွင် သျှမ်းပြည်အစိုးရအဖွဲ့ထဲ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။
တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးကို တက်ရောက်ခွင့်ရှိသူ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၃၂ ဦး ရှိပြီး မိုင်းလားမြို့နယ်မှ လွဲ၍ သျှမ်းပြည် ၅၄ မြို့နယ်မှ နိုင်သူအကုန်ယူ FPTP နှင့် အချိုးကျကိုယ်စားပြု PR စနစ်အရ ရွေးကောက်တင်မြောက်ခံရသူ ကိုယ်စားလှယ် (၉၂)ဦး၊ တိုင်းရင်းသားလူမျိုး ကိုယ်စားပြု ကိုယ်စားလှယ် (၇) ဦးအပြင် ဗိုလ်မှူးကြီး စိန်ဝင်း ဦးဆောင်သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၃၃ ဦးတို့ ဖြစ်သည်။
ထိုထဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP မှ ၅၉ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP မှ ၂ဝ ဦး၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ PNO မှ ၁၁ ဦး၊ အင်းအမျိုးသားအဖွဲ့ချုပ်ပါတီ INLP မှ ၃ ဦး၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ DNDP မှ ၃ ဦး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ NUP မှ ၂ ဦးနှင့် အာခါအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ ANDP မှ ၁ ဦးတို့ အသီးသီး ကိုယ်စားပြု တက်ရောက်နေသည်။
သျှမ်းပြည်တွင် အရေးပေါ်အခြေအနေ ကြေညာခံထားရသည့် မြို့နယ် (၁၇) နှင့် စစ်အစိုးရအဆက်ဆက် တစ်ကြိမ်တစ်ခါမျှ ရွေးကောက်ပွဲ မကျင်းပဖူးသည့်‘ဝ’ဒေသရှိ မြို့နယ်များကို အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် တစ်မြို့နယ်လျှင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကျစီ ရွေးကောက်တင်မြှောက်ထားသည်။

လက်ရှိ တတိယအကြိမ် သျှမ်းပြည်နယ်လွှတ်တော်တွင် ၂၀၂၆-၂၀၃၀ သက်တမ်းအတွက် ဥပဒေပြုရေးဆိုင်ရာ ကော်မတီ၊ တိုင်းရင်းသားလူမျိုးများ အရေးဆိုင်ရာကော်မတီ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီ၊ ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာကော်မတီ (၄) ခုတို့ကို ကနဦး ဖွဲ့စည်းမည်ဖြစ်ပြီး နောက်ပိုင်းတွင် ရေးရာကော်မတီ ၁၀ ခု၊ ၁၁ ခုခန့်အထိ ထပ်မံဖွဲ့စည်းသွားမည်ဟု သိရသည်။
ထို့အပြင် တောင်သူလယ်သမား၊ အလုပ်သမားနှင့် သက်ဆိုင်သော ကော်မတီ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူငယ်ကဏ္ဍနှင့် သက်ဆိုင်သည့် ကော်မတီ၊ သဘာဝ သယံဇာတ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးနှင့် ပတ်သက်သည့် ကော်မတီ၊ တရားဥပဒေစိုးမိုးရေး ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် ကော်မတီများကိုလည်း ထပ်ဖွဲ့ရန်ရှိကြောင်း သျှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
“အဲ့ရေးရာကော်မတီတွေက သျှမ်းပြည်ရဲ့အကျိုးကို ဝိုင်းပြီးမှ လုပ်မယ်ဆိုတဲ့ အနေအထားမှာ ရှိပါတယ်။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးကဏ္ဍကို ဝိုင်းပြီးမှ လုပ်ကြမှာ။ ပြည်သူကိုယ်စားပြုပြီးမှ သျှမ်းပြည်လွှတ်တော်ကတဆင့် ပြည်သူ့အသံကို အဓိက ဦးစားပေးပြီး ဒီ ၅ နှစ်အတွင်း ဖွံ့ဖြိုးတိုးတက်အောင် ပုံဖော်နိုင်လိမ့်မယ်” ဟု အဆိုပါ လွှတ်တော်ကိုယ်စားလှယ်က ပြောဆိုသည်။
စစ်တပ်ချုပ်ကိုင် လွှတ်တော်အခင်းအကျင်းကို ပြည်သူစိတ်မဝင်စား
မတ်လ (၃၀) ရက်တွင် စစ်ကော်မရှင် ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော ကိုယ်စားလှယ်များဖြင့် ခေါ်ယူကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဒုသမ္မတများကို သက်ဆိုင်ရာ အစုအဖွဲ့များမှ အမည်စာရင်း တင်သွင်းပြီး စစ်တပ်အသွင်ပြောင်း သမ္မတကို ရွေးကောက်တင်မြှောက်ပြီးပါက သင်္ကြန်မတိုင်မီတွင် ပြည်ထောင်စုနှင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်း အစိုးရအဖွဲ့သစ်များ ပေါ်ပေါက်လာနိုင်ကြောင်း လွှတ်တော်အသိုင်းအဝိုင်းထံမှ သိရသည်။
“ပြည်ထောင်စုမှာကတော့ နိုင်ငံတော်သမ္မတ ပေါ်လာမှ၊ သူကနေ အဆိုပြုတဲ့ သက်ဆိုင်ရာ ပြည်နယ်/တိုင်း ဝန်ကြီးချုပ်လောင်း ပေါ်လာမှ။ ပြီးမှ အစိုးရအဖွဲ့ကို တင်ပြလာမှ သျှမ်းပြည်နယ် လွှတ်တော်ကနေ အတည်ပြုမှ အဲ့ဒီသျှမ်းပြည်နယ် အစိုးရအဖွဲ့ အသစ်က ပေါ်လာမယ်။ ဒီမတ်လ ၃၀ ရက်နေ့ နောက်ပိုင်း၊ သင်္ကြန်ရှေ့ပိုင်းတော့ ဖြစ်ဖို့များတယ်” ဟု အမည်မဖော်လိုသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သို့သော် စစ်ရေးပဋိပက္ခကြား နေထိုင်သည့် ပြည်သူများသည် လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသော လွှတ်တော်နှင့် ပတ်သက်ပြီး ယုံကြည်မှု မရှိသကဲ့သို့ မျှော်လင့်ချက်လည်း မရှိကြပေ။
သျှမ်းပြည်မြောက်ပိုင်းရှိ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး လမ်းတကြောတွင်လည်း ညီနောင် မဟာမိတ် တပ်ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ (MNDAA )၊ တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာရက္ခတပ်တော်(AA) တို့က အာဏာသိမ်း စစ်အာဏာရှင် အမြစ်ဖြတ်ရေးဆိုကာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်တွင် “၁၀၂၇ စစ်ဆင်ရေး”ကို ဖော်ဆောင်ခဲ့သည်။
အဆိုပါ “၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း ညီနောင်မဟာမိတ်တပ်ဖွဲ့များသည် နယ်မြေအများအပြား ထိန်းချုပ်နိုင်ခဲ့ပြီး နောင်ချို၊ လားရှိုး၊ နမ့်ဆန်၊ မန်တုံ၊ နမ္မတူ၊ မိုးကုတ်၊ မိုးမိတ်၊ သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ကုန်းကြမ်း၊ ကျောက်မဲ၊ သီပေါမြို့နယ်များပါ သိမ်းပိုက်နိုင်ခဲ့သည်။
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယပိုင်းပြီးနောက် ညီနောင်မဟာမိတ်တပ်များ လက်လွှတ်လိုက်ရသည့် နောင်ချို၊ လားရှိုး၊ ကျောက်မဲနှင့် သီပေါမြို့နယ်တို့သည် တရုတ်ဖိအားကြောင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ စတင်ကာ စစ်ကော်မရှင်ကို ပြန်လည်ပေးအပ်လိုက်ရသည်။
“ကျနော်တို့ လွှတ်တော်တွေ ရှိလာတော့လည်း စစ်တပ်နဲ့ တရုတ် ကြိုးကိုင်ပြီး လက်ကိုင်တုတ်တွေဖြစ်သွားပါပဲ။ ပြည်သူတွေအတွက် ဘာမှ မျှော်လင့်စရာမရှိပါဘူး။ လားရှိုးမှာ အနိုင်ရတဲ့ ပါတီကလည်း ကြံ့ခိုင်ရေးပါတီပဲလေ” ဟု လားရှိုးမြို့ဒေသခံ အမျိုးသမီး နန်းဆိုင်က ပြောသည်။
လက်ရှိ စစ်ကော်မရှင် ဦးဆောင်ကျင်းပသည့် လွှတ်တော်သည် ယခင် ၂၀၁၀ ခုနှစ် စစ်သားတပိုင်း အရပ်သားတပိုင်း အစိုးရအနေအထားနှင့် ပုံစံမတူညီပေ။
ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိကြောင်း စွပ်စွဲချက်ဖြင့် ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်တွင် လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပရန် ပြင်ဆင်နေစဉ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်၍ အရပ်သားအစိုးရထံ အဓမ္မ အာဏာသိမ်းယူခဲ့သည်။
စစ်အာဏာသိမ်းပြီး ပြည်သူအသက်ပေါင်းများစွာ သတ်ဖြတ်ပြီး၊ ပြည်သူ့အိုးအိမ်ကို မီးရှို့ပျက်စီးခဲ့သည့် စစ်ကော်မရှင် ၏ အစိုးရကို အယုံအကြည်မရှိကြောင်း၊ စစ်တပ်ပုံဖော်သည့် လွှတ်တော်ကို မျှော်လင့်ချက် မရှိကြောင်းလည်း နန်းဆိုင်က ဆိုပြန်သည်။
“ပြည်သူလိုအပ်နေတဲ့ နေရာကို ဖြည့်ဆည်းပေးနိုင်ရင်တော့ ဘာမှ ပြောစရာတော့ မရှိဘူး၊ ဒါပေမယ့် ပြန်လည်ထူထောင်ရေး လုပ်ဖို့ ကူညီဖို့ကော လုံလောက်မှာလားပေါ့။ တကယ်တော့လည်း ပြည်သူလူထု အတွက်ကတော့ ဘာမျှော်လင့်ချက်မှ မရှိပါဘူး၊ ကျမတို့ ဘယ်လိုမှ မျှော်လင့်လို့ မရဘူး”ဟု နန်းဆိုင်က ပြောသည်။

စစ်ကော်မရှင်က ဦးဆောင်နေသည့် လွှတ်တော်သည် တရုတ်ပုံဖော်သည့် လွှတ်တော်ဖြစ်သကဲ့သို့ လွှတ်တော်အမတ်အများစုသည်လည်း စစ်တပ်၏ ကျောထောက်နောက်ခံပါတီဖြစ်သည့် ကြံ့ခိုင်ရေးပါတီ (USDP)ပါတီဖြစ်ပြီး၊ လွှတ်တော်ဥက္ကဋ္ဌသည်လည်း စစ်တပ်မှ ရွေးချယ်တင်မြှောက်ထားသူများသာ ဖြစ်သည်။
ထို့ကြောင့် လွှတ်တော်ပြန်ခေါ်ယူကျင်းပနိုင်ခဲ့သော်လည်း ဟန်ပြ လွှတ်တော်သာဖြစ်ပြီး၊ ထိုလွှတ်တော် တက်ရောက်မယ့် ကိုယ်စားလှယ်များလည်း လွှတ်တော်တက် ခေါင်းညိတ်၊ အိပ်ငိုက်ပြီး၊ လွှတ်တော်ပြီးလျှင် အနှိပ်ခန်း KTV သွားသည့် အမတ်များသာ ဖြစ်လာနိုင်ကြောင်း သျှမ်းနိုင်ငံရေး လေ့လာသုံးသပ်သည့် အမျိုးသားတစ်ဦးက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်များသည့် ပြည်သူခက်ခဲသည့် အရာများကို တင်ပြနိုင်သည့်လွှတ်တော်၊ ပြည်သူဆုံးရှုံးမှုကို ရှေ့ရှုပြီး လွှတ်တော်မှ ပြန်လည်တောင်းဆိုမှုကို ရဲရဲလုပ်ပေးနိုင်သူ၊ လက်ရှိ လွှတ်တော်တက်မည်သူများထဲတွင် သူရဲကောင်းလွှတ်တော်ကိုယ်စားလှယ် မည်မျှပါလာမည်ကို မသိရှိကြောင်း ၎င်းက ဆိုပြန်သည်။
“လွှတ်တော်မှာ လမ်း၊ တံတား၊ ဆေးရုံ၊ ဆေးရရှိရေး၊ကျောင်းစာသင်ကျောင်း ပြုပြင်ရေးကိစ္စ မီးကိစ္စတင် တောင်းတာက လွှတ်တော်ကိုယ်စားလှယ်အလုပ်မဟုတ်ဘူးဗျ။ အဲ့ဒီကိစ္စတွေက အစိုးရတိုင်းလုပ်ကိုလုပ်ရမယ့်ကိစ္စ၊ လွှတ်တော် ကိုယ်စားလှယ်တွေ လုပ်ရမယ့် အလုပ်မဟုတ်ဘူး။ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ပြည်သူတွေဆုံးရှုံးနေတာ ရဲရဲပြောဖို့ပါ။ လွှတ်တော်ကိုယ်စားလှယ်တွေက သူတို့ လုပ်ငန်းတာဝန်တွေကို လေ့လာဖို့လိုအပ်တယ်” ဟု သျှမ်းနိုင်ငံရေး လေ့လာသုံးသပ်သူ ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သမ္မတဖြစ်ရေး အိပ်မက်
မတ်လ ၂၇ ရက် ကျရောက်သည့် (၈၁) ကြိမ်မြောက် စစ်ကော်မရှင်တပ်နေ့ (တပ်မတော်နေ့) အခမ်းအနား နောက်ပိုင်းတွင် စစ်တပ်ခေါင်းဆောင် အပြောင်းအလဲ ဖြစ်မည်ဟု ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက မတ်လ ၂၆ ရက်တွင် ပြုလုပ်ခဲ့သည့် စစ်တပ်အငြိမ်းစား အရာရှိကြီးများ ကန်တော့ပွဲတွင် ပြောကြားခဲ့သည်။
ထို့နောက် မတ်လ (၃၀) ရက် နံနက်ပိုင်းတွင် နေပြည်တော် စစ်ရုံးချုပ်ရှိ ဇေယျာသီရိဗိမာန်၌ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်း၏ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ကို ဗိုလ်ချုပ်ကြီး ရဲဝင်းဦးထံ လွှဲပြောင်းပေးခဲ့သည်။

အလားတူ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းကလည်း ဗိုလ်ချုပ်ကြီး ကျော်စွာလင်းထံ ဒုကာကွယ်ရေးဦးစီးချုပ် တာဝန်ကို လွှဲပြောင်းပေးခဲ့သည်။
တစ်ချိန်တည်းတွင် မတ်လ (၃၀) ရက်၌ ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တိုင်းရင်းသားစည်းရုံးညီညွတ်ရေးပါတီ ကိုယ်စားပြု တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဒေါက်တာကျော်ဆွေတို့ကို ဒုသမ္မတလောင်းအဖြစ် တင်သွင်းခဲ့သည်။
အလားတူ အမျိုးသားလွှတ်တော်တွင်လည်း ကြံ့ခိုင်ရေးပါတီ USDP ၏ ကရင်ပြည်နယ် ဥက္ကဋ္ဌဖြစ်သူ ဒေါ်နန်းနီနီအေးနှင့် ကချင်ပြည်နယ် ပြည်သူ့ပါတီ KSPP မှ ဒေါက်တာ မနမ်ဒူးဂျာတို့ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းခဲ့သည်။
မတ်လ (၃၁) ရက်တွင် ကျင်းပသည့် လွှတ်တော်အစည်းအဝေးများတွင် ဒုသမ္မတ မဲပေးရွေးချယ်မှုအရ ပြည်သူ့လွှတ်တော် အစုအဖွဲ့အတွက် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် နှင့် အမျိုးသားလွှတ်တော် အစုအဖွဲ့အတွက် ဒေါ်နန်းနီနီအေးတို့ကို ရွေးချယ်တင်မြောက်ခဲ့သည်။
“ဖြစ်နိုင်တာ တစ်ခုကတော့ ပြည်သူ့လွှတ်တော်က ရွေးကောက်ခံ အမတ်တွေကနေ တင်သွင်းတဲ့ သမ္မတဆိုတဲ့ဟာ၊ သူ့အနေနဲ့ ဒါမျိုးဆိုရင် ရွေးကောက်ခံနဲ့ နီးစပ်တယ်လို့ ယူဆလို့ ရွေးတဲ့သဘောမျိုး အဲ့လို ယူဆလို့ရတယ်။ ဘယ်လိုဖြစ်ဖြစ် မင်းအောင်လှိုင်ကတော့ သမ္မတ ဖြစ်ဖို့ ကျိန်းသေတယ်။ သူစီမံထားတာကတော့ သမ္မတဖြစ်ရေး တစ်ခုတည်းတော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့နော်၊ တခြားဟာတွေလည်း ပါမယ်” ဟု မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ပြောဆိုသည်။
ထို့အပြင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ရွေးချယ်သည့် ဒုသမ္မတအဖြစ် စစ်ကော်မရှင်၏ ဝန်ကြီးချုပ်ဖြစ်သူ ရန်ကုန်တိုင်း ကိုကိုးကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးညိုစောကို ပြည်ထောင်စုလွှတ်တော်သို့ အမည်စာရင်း တင်သွင်းရန် ရွေးချယ်ဆုံးဖြတ်ခဲ့ကြောင်း မတ်လ (၃၁) ရက်တွင် သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် မတ်လဆန်းပိုင်းတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သည့် “ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဥပဒေ”အရ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊ ငြိမ်းချမ်းရေးနှင့် ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာ ကိစ္စရပ်များကို ညှိနှိုင်းဆောင်ရွက်ရန်အတွက် ကောင်စီဖွဲ့စည်းရန် နိုင်ငံတော်သမ္မတအား အခွင့်အာဏာ အပ်နှင်းကြောင်း ဖော်ပြထားသည်။
“ဒီဟာကြီး အကုန်လုံးက နိုင်ငံတကာ အသိအမှတ်ပြုမှု ရဖို့ရယ်၊ ပြည်တွင်း စေ့စပ်ညှိနှိုင်း ဆွေးနွေးနိုင်ဖို့ရယ်။ ပြီးသွားရင် သူ့ရဲ့ အဓိက တပ်မတော်ရဲ့ ရည်ရွယ်ချက် ဖြစ်တဲ့ စစ်တပ်အာဏာကို စုစည်းခိုင်မာ ကျစ်လစ်အောင်။ အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေး ပြီးရင် နိုင်ငံရေး ဘောင်အတွင်းမှာ အဲလို ထိန်းသိမ်း စုစည်းနိုင်အောင် လုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခု အကောင်အထည် ဖော်နေတယ်ဆိုတဲ့ သဘောမျိုး နားလည်ရတယ်” ဟု မြန်မာ့နိုင်ငံရေး သုတေသီ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပြောဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၈) ရက်တွင် ထိုင်းနိုင်ငံ ဖူးခတ်မြို့၌ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ကော်မရှင် နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံခဲ့စဉ် မကြာခင်က ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲမှတဆင့် သင်္ကြန်ကာလမတိုင်မီ စစ်တပ်အသွင်ပြောင်း အစိုးရသစ်တစ်ရပ် ဖွဲ့စည်းနိုင်လိမ့်မည်ဟု စစ်ကော်မရှင်ဝန်ကြီး ဦးသန်းဆွေက ပြောဆိုခဲ့ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ပြောကြားချက်ကို ကိုးကား၍ ထိုင်းသတင်းများတွင် ဖော်ပြသည်။
မတ်လ တတိယပတ်မှ စတင်ပြီး စစ်ဗိုလ်ချုပ်များနှင့် စစ်တပ်ကိုယ်ပွားများက တရားမဝင် လွှတ်တော်ကို နေပြည်တော်တွင် ခေါ်ယူကျင်းပခဲ့ပြီး ထိပ်တန်းစစ်ဗိုလ်ချုပ်များသည် အရေခွံလဲသည့်အနေဖြင့် စစ်ယူနီဖောင်းကို စွန့်ကာ အရပ်ဝတ်လဲရန် ဧပြီလ အစောပိုင်းတွင် အပြီးသတ် ဆောင်ရွက်မည့် ပုံပြောင်းလုပ်ငန်းစဉ် စတင်ပြီဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က မတ်လ (၁၆) ရက်တွင် ထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့ လွှတ်တော်ခေါ်ယူပြီး အစိုးရဖွဲ့ရန် ကြိုးပမ်းနေသည့် စစ်ကော်မရှင်တပ်၏ ဟန်ပြရာထူးဂုဏ်ပုဒ်များ တပ်ပြီး အရပ်ဝတ်လဲရန် ကြိုးစားမှုများသည် မြန်မာပြည်သူများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကို လှည့်စား၍ မရကြောင်း၊ ၎င်းတို့ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကိုလည်း ဖျောက်ဖျက်၍ မရဘဲ နောက်ဆုံးတွင် အညံ့ခံပြီး တရားမျှတမှုကို ရင်ဆိုင်ရမည်ဟု SAC-M အဖွဲ့ဝင် မစ္စ ယန်ဟီးလီက ပြောကြားထားသည်။
“၂၀၁၀ ဆိုတဲ့ဟာက ပထမဦးဆုံး ပြောင်းလဲမှု ပုံစံမျိုး ဖြစ်တယ်ပေါ့။ မြန်မာနိုင်ငံက တကယ် အကောင်းဘက်ကို ရွေ့နေပြီဆိုတဲ့ ပုံစံမျိုးနဲ့ စောင့်ကြည့်နေတဲ့ အချိန်မှာ ရုတ်တရက်ကြီး အာဏာသိမ်းပြီးတော့ အခု ငါးနှစ်အကြာမှာ ပြန်လုပ်ပြတဲ့ ပုံစံမျိုး။ ၂၀၁၀ တုန်းက ပုံစံမျိုး ပြန်လုပ်ပြတဲ့ ပုံစံမျိုး ဆိုတော့ တူမနေဘူးဆိုတဲ့ ဟာတော့ နိုင်ငံတကာကလည်း နားလည်တယ်၊ ရင်လည်း သိပ်မခုန်ကြဘူး” ဟု မြန်မာ့နိုင်ငံရေး သုတေသီ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ရှင်းပြသည်။

အလားတူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အတုအယောင် ရွေးကောက်ပွဲမှတဆင့် သမ္မတလုပ်ရန် ပြင်ဆင်နေမှုအပေါ် အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ ပါလီမန်အမတ်များအဖွဲ့ (APHR) က ပြင်းထန်စွာ ရှုတ်ချကြောင်း မတ်လ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဖြစ်မှ နုတ်ထွက်ပြီး စစ်တပ်ကျောထောက်နောက်ခံ ပေးထားသည့် လွှတ်တော်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဒုတိယသမ္မတလောင်းအဖြစ် ချက်ချင်း မဲပေးခန့်အပ်ပြီး သမ္မတလမ်းကြောင်းပေါ် ရောက်စေရန် လှုပ်ရှားဆောင်ရွက်မှုကို ပြင်းထန်စွာ ရှုတ်ချကြောင်း APHR ထုတ်ပြန်ကြေညာချက်တွင် ရေးသားထားသည်။
“တရုတ်ရဲ့ ဩဇာ ကြီးမားလာမှု၊ တရုတ်ရဲ့ အခန်းကဏ္ဍ ကျယ်ပြန့်လာမှု အပေါ်မှာ မူတည်ပြီးတော့ အာဆီယံကလည်း တရုတ်နဲ့ ဘာပဲဖြစ်ဖြစ် ချိတ်ဆက်နေရတဲ့ အနေအထား ရှိတယ်။ ပထဝီ သဘောအရရော၊ တခြား လုံခြုံရေး စီးပွားရေး အရရော။ အဲဒီအတွက်ကြောင့် တရုတ်နဲ့တော့ မြန်မာ့အရေးနဲ့ဆိုင်ရင် သိပ်ပြီး ထိပ်တိုက်တွေ့စရာ၊ ဒါမှမဟုတ် ကတောက်ကဆ ဖြစ်စရာ ကိစ္စမျိုးတော့ ဘယ်နိုင်ငံမှ အာဆီယံနိုင်ငံ အတွင်းကပေါ့နော် အဲလို ထူးထူးခြားခြား လုပ်ကြမှာတော့ မဟုတ်ဘူး” ဟု မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက ဆက်ပြောသည်။
စစ်ကော်မရှင်ဘက်မှ အတုအယောင် ရွေးကောက်ပွဲမှတဆင့် တက်လာသည့် ရုပ်ပြအရပ်သား အစိုးရတစ်ရပ်ကို ဖွဲ့စည်းနိုင်ပါက နိုင်ငံတကာ တရားဝင်မှုနှင့် အကူအညီ ထောက်ပံ့မှုများ ရရှိလာပါက တော်လှန်ရေးအတွက် ကြီးမားသည့် ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ပြောဆိုလိုက်သည်။
အရပ်သားအစိုးရအဖြစ် ပုံစံယူ အသွင်ကူးပြောင်းသွားပါက ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် နိုင်ငံရေးစကားဝိုင်း ပုံစံမျိုးဖြင့် နိုင်ငံရေးဆွေးနွေးမှု လမ်းကြောင်းပေါ် ပြန်တင်ပြီး ငြိမ်းချမ်းရေး ဖိတ်ခေါ်ကမ်းလှမ်းမှုများအပြင် အကြမ်းဖက်နှိမ်နှင်းရေး ခေါင်းစဉ်တပ်ကာ အင်အားသုံး နယ်မြေရှင်းလင်းမှုများပါ လုပ်ဆောင်လာနိုင်ကြောင်း စစ်အာဏာရှင်ကို တော်လှန်နေသည့် လူငယ်များက ထောက်ပြပြောဆိုလိုက်သည်။
“ရှင်းရှင်းပြောရင်တော့ သူတို့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်လိုက်တယ်၊ ပြီးတော့ အစိုးရကို ဖွဲ့လိုက်နိုင်တာကတော့ ပြည်သူတွေကို တရားဝင် လူသတ်နိုင်ဖို့အတွက် လိုင်စင်ရသွားတဲ့ပုံစံမျိုးတော့ ကျနော် မြင်မိတယ်။ ဒီဟာကလည်း ကျနော်တို့ တော်လှန်ရေးအတွက် ဖိအားတွေ၊ ထိခိုက်မှုတွေ အများကြီး ရှိပါတယ်”ဟု စစ်အာဏာရှင်ကို တော်လှန်နေသည့် ကရင်နီလူငယ် ဂျွန်ပေါ်လ် က ပြောဆိုလိုက်သည်။
စိုင်းဟန်လင်း ပူးပေါင်းရေးသားသည်။












Leave a Comments