မြန်မာနိုင်ငံ၏ စီးပွားရေးကျဆင်းနေမှုမှာ နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် ဖြစ်သည်ဟု အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုလိုက်သည်။
ယမန်နေ့ ဩဂုတ် ၂၅ ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၌ ၎င်း၏ ထိုင်း၊ ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံ ခရီးစဉ်ရလဒ်များကို တင်ပြရာတွင် အိမ်နီးချင်းနိုင်ငံများနှင့် ပူးပေါင်းပြီး စီးပွားရေးမြှင့်တင်မည်ဟု အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါအစည်းအဝေးတွင် ၎င်းက “ပိတ်ဆို့မှုတွေကြောင့် တိုးတက်မှု နှောင့်နှေးနေရတာဖြစ်လို့ ပြည်တွင်းကုန်ထုတ်လုပ်မှုကို အားကိုးရမယ်” ဟု ပြောဆိုခဲ့သည်။
ထို့အပြင် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန် လမ်းကြောင်းတစ်လျှောက်ရှိ မလိုလားအပ်သည့် စစ်ဆေးရေးဂိတ်များကို လျှော့ချရန်နှင့် တရားမဝင်ကုန်သွယ်မှုများကို ကြပ်မတ်ရန် ဝန်ကြီးဌာနများနှင့် တိုင်း/ပြည်နယ် တာဝန်ရှိသူများကို ညွှန်ကြားခဲ့ကြောင်း သိရသည်။
တရားမဝင်ကုန်သွယ်မှုကြောင့် နိုင်ငံတော်အခွန်ငွေ နစ်နာရသကဲ့သို့ ပြည်သူများလည်း အရည်အသွေးမမီသော ပစ္စည်းများကို ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူနေရကြောင်း ၎င်းက ဆိုသည်။
သို့သော်လည်း မြေပြင်တွင် သျှမ်းပြည်မြောက်ပိုင်း အပါအဝင် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းအများစုမှာ တိုက်ပွဲများကြောင့် ရပ်ဆိုင်းနေရပြီး စစ်ကော်မရှင်၏ အောက်ခြေစစ်ဆေးရေးဂိတ်များတွင် ငွေညှစ်မှုများ ပိုမိုဆိုးရွားလာနေကြောင်း ကုန်သည်များက ဆိုသည်။
“ဂိတ်တွေလျှော့မယ် ပြောပေမယ့် တကယ်တမ်း လမ်းမှာ သူတို့လက်အောက်ခံအဖွဲ့တွေရဲ့ ဂိတ်တွေကလည်း အများကြီးပဲ။ ရက် ၁၀၀ စီမံချက် ပြီးတဲ့နောက်ပိုင်းမှာ တရုတ်ကုန်ပစ္စည်းတွေလည်း ပေးမတင်ဘူး၊ ဂိတ်တွေမှာလည်း ငွေညှစ်တာ ပိုဆိုးလာတယ်” ဟု သျှမ်းမြောက်ကုန်သည်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ပြီးခဲ့သည့် ဧပြီလမှစတင်ကာ စစ်ကော်မရှင်၏ “ရက် ၁၀၀ စီမံချက်” ဖြင့် ကုန်သွယ်ရေးလမ်းကြောင်းများကို တင်းကျပ်လိုက်ပြီးနောက် နယ်စပ်မှဝင်လာသည့် တရုတ်ကုန်ပစ္စည်းများကို ပိတ်ဆို့ရန် ကြိုးပမ်းရာတွင် အောက်ခြေစစ်ဆေးရေးဂိတ်များက ငွေညှစ်မှုများ ပိုမိုလုပ်ဆောင်လာခြင်း ဖြစ်သည်။
အထူးသဖြင့် ကျောက်မဲ၊ နောင်ချို၊ ဝက်ဝံ နှင့် ၁၆ မိုင် ဂိတ်များတွင် အထူးတင်းကျပ်ထားပြီး ပုံမှန် ၆ ဘီး ကုန်တင်ကားတစ်စီးလျှင် လမ်းရှင်းခ ကျပ်သိန်း ၈၀၀ မှ ၁,၀၀၀ ကျော်အထိ ပေးဆောင်နေရကြောင်း ကုန်သည်များနှင့် ယာဉ်မောင်းများ၏ ပြောပြချက်အရ သိရသည်။
“၁၀၂၇ စစ်ဆင်ရေး” နောက်ပိုင်း သျှမ်းပြည်အတွင်းရှိ အဓိက နယ်စပ်ကုန်သွယ်ရေးဇုန်များနှင့် လမ်းကြောင်းများကို စစ်ကော်မရှင်က လက်လွှတ်ဆုံးရှုံးထားရသဖြင့် နယ်စပ်ကုန်သွယ်မှုမှာ လုံးဝနီးပါး ရပ်တန့်နေသည့် အခြေအနေဖြစ်သည်ဟု ကုန်သည်များက ဆိုသည်။
အာဏာသိမ်းသမ္မတ ဦးမင်းအောင်လှိုင်က တရားမဝင်ကုန်သွယ်မှုကြောင့် ပြည်သူများ အရည်အသွေးမမီသော ပစ္စည်းများကို ဈေးနှုန်းကြီးမြင့်စွာ ဝယ်ယူနေရသည်ဟု ဆိုသော်လည်း လက်ရှိတွင် ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှု၊ လျှပ်စစ်မီးမရရှိမှုနှင့် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်မှုတို့ကြောင့် ဒေသခံလူထုနှင့် လုပ်ငန်းရှင်များမှာ အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောသည်။













Leave a Comments