စစ်အစိုးရသစ်၏ “ ရက် ၁၀၀” စီမံချက်ကြောင့် သျှမ်းပြည် တောင်ပိုင်း လွိုင်လင် – မိုင်းပွန် စစ်ဆေးရေး ဂိတ်တွင် ကုန်စည်စစ်ဆေးမှုတင်းကြပ်ပြီး ငွေတောင်းကြမ်းနေကြောင်း စုံစမ်းသိရသည်။
(မေလ ၁ ရက်)မှ စပြီး စစ်ကော်မရှင်၏ အစိုးရ “ရက် ၁၀၀” စီမံချက်အရ သျှမ်းပြည် တောင်ပိုင်း လွိုင်လင်-မိုင်းပွန် လမ်းပိုင်းရှိ စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုပိုတင်းကြပ်ကာ ငွေတောင်းခံမှုလည်းယခင်ကထက် ဆိုးရွားနေကြောင်း ကွန်ဟိန်းမြို့ ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ကုန်တင်ကားကြီးတွေကတော့ ပေးရတယ်။ ကားအကြီးသေးနဲ့ ပါတဲ့ ကုန်ပစ္စည်း အနည်းအများပေါ်မူတည်ပြီးတော့ ပေးနေရတာ။ ၁ သိန်းအနည်းဆုံးပါပဲ၊ တချို့ အဲ့ထက်ပိုများတယ်။ စစ်ဆေးတဲ့ အဖွဲ့ကစုံတော့ ကုန်တင်ကားကြီးတွေ အတွက်ပေးရတာ များတာပေါ့။ ပိုက်ဆံများများ ပေးနိုင်ရင်တော့ သေချာသိပ်မစစ်ဘူး”ဟု ၎င်းကဆိုသည်။
မိုင်းပွန်မြို့ရှိ စစ်ကော်မရှင်ဂိတ်တွင် ကုန်တင်ကားများကို ပစ္စည်းတစ်ခုချင်းစီ ဖောက်ကာစစ်ဆေးပြီး အထူးသဖြင့် ကုန်တင်ကားကြီး နှင့် Express (ခရီးသည်ယာဉ်)များ ကို အဓိက ထားစစ်ဆေးကြောင်း ကားသမားများကပြောသည်။
“မိုင်းပွန်ဂိတ်မှာတော့ သူတို့ အရာရှိတွေရောက်နေတော့ ငွေသိပ်မတောင်းဘူး။ဒါမဲ့ စစ်ကတော့ ပိုကြပ်တယ်။ကုန်တင်ကာကြီး၊ မှန်လုံကြား အဲ့တာတွေကို အဓိကထားစစ်တာ။ကားငယ်တွေတော့ နည်းနည်းပဲပေးရတယ်။”ဟု ခရီးသည်ယာဉ် ကားသမားတဉီးက သျှမ်းသံတော်ဆင့်ကိုပြောသည်။
သျှမ်းပြည် အရှေ့ပိုင်း မှ သျှမ်းပြည် တောင်ပိုင်းသို့ သွားလာသည့် ကုန်တင်ကားကြီးများနှင့် တွဲကားများက ထိုင်နိုင်ငံထုတ် စားသောက်ကုန်များ၊ အဝတ်အထည်များနှင့် လူသုံးကုန်ပစ္စည်းတို့ကို အဓိက တင်ဆောင်လာကြသည်။
လွိုင်လင်မြို့သည် သျှမ်းပြည် မြောင်ပိုင်း နှင့် သျှမ်းပြည် အရှေ့ပိုင်းကို ဆက်သွယ်ထားသည့် ပြည်ထောင်စု လမ်းမကြီး ဆုံရာနေရာတစ်ခုဖြစ်သည်။
စစ်ကော်မရှင်၏” ရက် ၁၀၀” စီမံကိန်းကြောင့် ပို့ကုန်၊သွင်းကုန် စစ်ဆေးမှုများ တင်းကြပ်လာသဖြင့် တရုတ်နှင့် ထိုင်းကုန်စည်များ တင်ဆောင်သည့် ကုန်တင်ကားအချို့ ရပ်နားထားရသည်။
ထို့အပြင် တောင်ကြီး-လွိုင်လင် ပြည်ထောင်စုလမ်းမပေါ်တွင် နှစ်စဉ် မိုးရွာသီကာလအတွင်း လမ်းပျက်စီးမှု၊ လမ်းပြုပြင်မှု နှင့် တောင်ပြိုကျမှုကြောင့် လမ်းပိတ်ဆို့မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိပြီး ခရီးသွားလာချိန် ပိုကြာမြင့်လျက်ရှိကြောင်း ကားသမားများက ပြောသည်။













Leave a Comments