သျှမ်းပြည် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။
ယမန်နေ့ (မေလ ၂၄ ရက်) ညနေ ၅ နာရီခွဲကျော်တွင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် သီပေါမြို့အနီးသို့ အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ ရှော့တိုက်ဒုံး (၃) လုံး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စံဖိတ်ကျေးရွာအုပ်စုရှိ ဖာဖိတ်ကျေးရွာအနီး ကျရောက်ပေါက်ကွဲခဲ့ကြောင်း သီပေါဒေသခံများက ပြောသည်။
“မနေ့ ညနေပိုင်းမှာ မြို့ဟောင်းဘက်ကနေ အသံကြားလိုက်တာ၊ ရှော့တိုက်ဒုံးလို့ ပြောကြလို့။ အသံလာတာကတော့ ဒုဋ္ဌဝတီမြစ် ဟိုဘက်ကမ်းကလို့ တချို့လည်း ပြောကြတယ်။ ပေါက်ကွဲသံက ၂ ခါ ကြားရတယ်၊ ဘယ်အဖွဲ့ရယ်လို့တော့ မသိဘူးပေါ့။ စံဖိတ်ဘက်က ဖာဖိတ်ရွာနားမှာ ကျတယ်၊ ထိခိုက်တာ မရှိဘူးလို့ ဒီမနက် မြို့ထဲမှာ ပြောနေကြတာ” ဟု သီပေါဒေသခံ အသက် (၃၀) ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။
ပြီးခဲ့သည့် မတ်လ (၁၈) ရက်ကလည်း စစ်တပ်ထိန်းချုပ်ထားသည့် သီပေါမြို့ထဲသို့ ရှော့တိုက်ဒုံး (၄) လုံး ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး ပန်စောက်မိန်းကျေးရွာအုပ်စုအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
သီပေါမြို့ကို ယမန်နှစ် ၂၀၂၅ အောက်တိုဘာလအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ် ပြန်လည်တိုက်ခိုက် သိမ်းယူခဲ့သော်လည်း သီပေါမြို့နှင့် လားရှိုးမြို့ကြား ပြည်ထောင်စုလမ်းမကြီး တလျှောက်တွင် ကိုးကန့်တပ်ဖွဲ့ MNDAA မှ စစ်ဆေးရေးဂိတ်များ ဆက်လက်ရှိနေသေးကြောင်း သိရသည်။
ထို့ကြောင့် သီပေါတံတားကြီးကို ၂၀၂၅ နိုဝင်ဘာလလယ်ပိုင်းမှ စတင်ကာ စစ်တပ်ဘက်မှ လူနှင့် ကုန်တင်ယာဉ်များကို လုံးဝ ဖြတ်သန်းခွင့် မပေးဘဲ ၆ လကျော်ကြာ ပိတ်ထားခဲ့သည်။
လက်ရှိတွင် သီပေါမြို့ တစ်ဖက်ကမ်းသို့ သွားရောက်လိုပါက ဒုဋ္ဌဝတီမြစ်ကမ်းဘေး ကူးတို့ဆိပ်ရှိ စက်လှေသမားများထံ ခရီးသည်တစ်ဦးလျှင် ကျပ် ၁ သောင်းမှ ၃ သောင်းအထိ ပေးဆောင်ရပြီး ထိုသို့ သယ်ယူပို့ဆောင်ပေးသည့် စက်လှေများ၊ ကားများထံမှ စစ်တပ်နှင့် ကိုးကန့်တပ် နှစ်ဘက်စလုံးမှ ငွေကြေးထပ်မံ ကောက်ခံခြင်းကြောင့် အခက်အခဲကြုံရကြောင်း ဒေသခံများက ပြောသည်။













Leave a Comments