စစ်ကော်မရှင် ကျင်းပနေသည့် အတုယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်သည့် အနေဖြင့် မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ကို ၁ဝ၇ မမ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) က ထုတ်ပြန်လိုက်သည်။
ယနေ့ (ဒီဇင်ဘာလ ၂၈ ရက်) နံနက် ၁ နာရီဝန်းကျင်တွင် မန္တလေးနန်းတွင်းရှိ စစ်ကော်မရှင်တပ်၏ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (လပခ) ထဲကို ၁ဝ၇ မမ ရှော့တိုက်ဒုံး ၅ လုံး ပစ်ခတ်ခဲ့ရာ ၄ လုံးကို အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့ကြောင်း Brave Warriors for Myanmar (BWM) ၏ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို အတည်ပြုသည်။
“ပြည်သူတွေ ထိမှာစိုးလို့ မဲရုံရှိရာ ရပ်ကွက်တွေ မပစ်ဘဲ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ထဲကို ပစ်တာပါ။ ၄ လုံး ကျရောက်ပေါက်ကွဲတယ်။ သူတို့က လက်နက်ကြီး/ငယ်တွေနဲ့ ရမ်းသမ်း ပြန်ပစ်ခတ်လို့ မြို့နေပြည်သူအချို့ ထိတယ် ဆိုတာကိုလည်း အတိအကျ သတင်းရထားပါတယ်”ဟု BWM ၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
မန္တလေးနန်းတွင်းရှိ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ထဲသို့ ၁ဝ၇ မမ ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲမှုကြောင့် စစ်ကော်မရှင်တပ်သား ၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူနာတင်ယာဉ်များ အဝင်အထွက် ပြုလုပ်ခဲ့ကြောင်း BWM ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကော်မရှင်၏ ထွက်ပေါက်တစ်ခုအဖြစ် ကျင်းပပြုလုပ်နေသည့် အတုအယောင် ရွေးကောက်ပွဲကို ပြည်တွင်းပြည်ပမှ မြန်မာနိုင်ငံသားများ ဆန့်ကျင်နေသည့်ကြားမှ ပြည်သူ့ဆန္ဒကို ဆန့်ကျင်လုပ်ဆောင်နေသောကြောင့် ပြည်သူမှ ပေါက်ဖွားလာသည့် BWM နှင့် မဟာမိတ်အဖွဲ့တို့မှ ပြည်သူ့ကိုယ်စား အတုအယောင် ရွေးကောက်ပွဲကို သဘောမတူ ဆန့်ကျင်ကြောင်းပြသသည့် အနေဖြင့် (လပခ) အတွင်းသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“စစ်ကော်မရှင်ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ပြတဲ့ မစ်ရှင်ပါ။ ပြည်သူတွေကို သတိဝီရိယနဲ့ စစ်ရေးတားဂတ်တွေကနေ ရှောင်ရှားရင်း အတုအယောင် ရွေးကောက်ပွဲကို ရတဲ့နည်းနဲ့ ဆက်လက် ဆန့်ကျင်ကြပါ ပြောချင်ပါတယ်”ဟု Brave Warriors for Myanmar (BWM) ၏ တာဝန်ရှိသူတစ်ဦးက ဆက်လက်ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Warriors for Myanmar (BWM) ၊ No More Dictatorship (NMD-PDF) ၊ Shadow (အညာ) နှင့် Infinity တို့ ပူးပေါင်းကာ BWM ၏ Mission 48 အဖြစ် တိုက်ခိုက်ခဲ့ ခြင်းဖြစ်ပြီး မစ်ရှင်ဖော်ဆောင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ ဘေးအန္တရာယ်ကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
BWM နှင့် မဟာမိတ်အဖွဲ့တို့သည် ပြည်သူကို ကာကွယ်၍ ပြည်သူဘက်မှ ထိရောက်သော မစ်ရှင်တို့ ဖြင့် တော်လှန်ရေး အောင်မြင်သည်အထိ ဆက်လက်တိုက်ပွဲဝင်သွားဖြစ်ပြီး စစ်ကော်မရှင်က ပြုလုပ်သည့် အတုအယောင်ရွေးကောက်ပွဲ အလိုမရှိကြောင်း ထုတ်ပြန်ကြေညာထားသည်။












Leave a Comments