သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဧပြီလ (၆)ရက်နှင့် (၇)ရက်တွင် ရွာငံမြို့နယ်အတွင်း မိုးသီးကြွေကာ လေပြင်းတိုက်ခဲ့သောကြောင့် ဒေသခံစိုက်ခင်းများအပြင် နေအိမ် ငါးလုံးထက်မနည်း ပျက်စီးသွားသည့်အပြင် လျှပ်စစ်မီးများ ပြတ်တောက်သွားပြီး ယနေ့အထိ မီးမလာသေးကြောင်း သိရသည်။
“မိုးတွေအရမ်းရွာတယ် မိုးသီးတွေပါကြွေတာ၊ လေတွေလည်း အရမ်းတိုက်တယ်၊ အိမ်တွေဆို သွပ်တွေ လွှင့်ကုန်တယ်။ အိမ်တွေဆိုလည်း ပြိုကုန်တယ်။” ဟု ရွာငံဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
မိုးသီးကြွေကြမှုကြောင့် ကြက်သွန်ခင်းများ၊ ခရမ်းချဉ်ခင်းနှင့် မုန်ညင်းခင်းများ ပျက်စီးသွားပြီး စိုက်ပျိုးသီးနှံများ အရှုံးပေါ်နေကြောင်း ၎င်းအမျိုးသမီးတစ်ဦးက ပြောသည်။
ထိုသို့ နေအိမ်များပျက်စီးသွားသောကြောင့် အမိုးအကာနှင့် ငွေကြေးထောက်ပံ့မှုများ လိုအပ်နေပြီး အိမ်အသုံးအဆောင်ပစ္စည်းများလည်း လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
“ သွပ်တွေလည်း ပေါက်၊ အိမ်တွေလည်း ပျက် အဝတ်တွေလည်း အကုန်စိုတယ်။ ဝတ်စရာမရှိလို့ သူများအဝတ်တွေယူဝတ်ရတယ်။ အိမ်တလုံးရဖို့က မလွယ်ဘူး။ ကုန်စျေးနှုန်းမြင့်မှုနဲ့ အိမ်ပြင်ဖို့မလွယ်ဘူး။” ဟု နေအိမ်ပျက်စီးဆုံးရှုံးသွားသူ နွားဘန်းကြီးဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
နေအိမ်ပြိုသွားသောကြောင့် ယခုလက်ရှိတွင် မိဘများအိမ်တွင် သွားရောက်ခိုလှုံနေရပြီး ၊ နေအိမ်ပြင်ရန် ခက်ခဲနေကြောင်း၊ ထို့အပြင် စပါးအိတ်များလည်း ရေစိုသွားသဖြင့် စားသောက်ရန် အခက်အခဲရှိကြောင်းလည်း ၎င်းအမျိုးသမီးက ဆိုသည်။
သျှမ်းပြည်နယ် အပါအဝင် မြန်မာနိုင်ငံဒေသအချို့၌ ယခုတစ်ပတ်အတွင်း သင်္ကြန်မိုးများ ရွာသွန်းနိုင်ကြောင်း အစိုးရ အလုပ်သမာရေးရာ ၊လူမှုရေးရာနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ပြီးခဲ့သည့် ဧပြီလ (၆)ရက်တွင်ထုတ် ပြန်ထားသည်။












Leave a Comments